Sunday, March 30, 2008

အကယ်ဒမီ မရပေမယ့် … (ဟာသ)

အာဖ်ံကြီး

မြန်မာစာပေနယ်မှာ ရာဇ၀င်နောက်ခံ ၀တ္ထုတွေ ရေးသားပြီး အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီးတဦး ရှိတယ်။ အာဖျံကွီးနဲ့လည်း အလွန်အင်မတန်မှ ခင်မင်ရင်းနှီးပါတယ်။ ရင်းနှီးတဲ့အခါကျတော့ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ရှိတာကို အာဖျံကွီး သတိထားမိတယ်။ အာဖျံကွီးတို့ကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာ သိရလို့လည်း အဲဒီစာရေးဆရာကြီးကို ပိုလေးစားမိတယ်။

ဒါပေမယ့် အဲဒီစာရေးဆရာကြီးဟာ တခါတခါမှာ ဘယ်လိုဘယ်လို ဖြစ်တယ်မသိ။ အာဖျံကွီးတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ရမယ်လို့ ပြောတဲ့ မီးရထားဝန်ကြီး ဦးဝင်းစိန်(အခုတော့ ပြုတ်ရှာလေပြီ) နားမှာ အခစားဝင်နေတာကို တွေ့လိုတွေ့ရ၊ တခါတခါ နအဖက ကျင်းပပြုလုပ်တဲ့ ဆိုကရေးတီးပြိုင်ပွဲတွေမှာ အခုဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရှာတဲ့ ဗိုလ်ခင်ညွန့်အနား ကပ်ထိုင်ပြီး ဒိုင်ချုပ်လုပ်နေတာကို တွေ့လိုတွေ့ရနဲ့ဆိုတော့ အာဖျံကွီးမှာ နားမလည်နိုင်အောင် ဖြစ်ရတယ် … အဟုတ်။ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ် ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အာဖျံကွီး တဗွေထဲ ခေါင်းစားနေမိတာပေါ့။ ဒါပေမယ့် လူချင်းတွေ့ပြန်တော့လည်း အန်တီစုမှ အန်တီစု ဖြစ်နေပြန်တော့ ခုနက အတွေးတွေက လေထဲမှာ အငွေ့ပျံကုန်ပြန်ရော။

တခါသားမှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က သူထုတ်လုပ်မယ့် ‘သူ့ကျွန်မခံပြီ’ ဆိုတဲ့ နအဖ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားကြီးမှာ အဲဒီစာရေးဆရာကြီးကို ဇာတ်ညွှန်းရေးဖို့ တာဝန်ပေးတယ်တဲ့။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကြည်စိုးထွန်းက ရိုက်မှာပေါ့။ အဲဒါနဲ့ စာရေးဆရာကြီးလည်း တက်ကြွတဲ့ ကြက်ဖလုပ်ပြီး ဇာတ်ညွှန်းကို အကောင်းဆုံးဖြစ်အောင် စီမံဖော်စပ်ပါသတဲ့။ အဆင်သင့်ရင် ဇာတ်ညွှန်း အကယ်ဒမီဆုပါ ရမှာကိုး။ အမျိုးသားစာပေဆုကလည်း ရပြီးသားဆိုတော့ ဇာတ်ညွှန်း အကယ်ဒမီဆုပါရရင် ဘယ်ဆိုးလို့တုန်းပေါ့။ ဇာတ်ညွှန်းကို အကောင်းဆုံး ခြယ်မှုန်းပြီးသကာလ လက်တွေ့ ရိုက်တဲ့အခါမှာလည်း စာရေးဆရာကြီးဟာ ရိုက်ကွင်းဇာတ်ညွှန်း တာဝန်ခံအနေနဲ့ နေ့မအား ညမအား လှုပ်ရှားရပြန်တယ်။ စာရေးဆရာကြီးတယောက် ဒီလောက်တောင် ဖတ်ဖတ်မောထားတာ၊ အကယ်ဒမီဆုတော့ သေချာပြီပေါ့လို့ အသိမိတ်ဆွေတွေက ထင်ထားကြတာပေါ့။ ဒါပေမယ့် ကံဆိုးချင်လို့ပဲလား မသိ၊ အကယ်ဒမီဆု ပေးတဲ့အချိန်မှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က ရာထူးက ပြုတ်ရှာပြီဆိုတော့ စာရေးဆရာကြီးလည်း အကယ်ဒမီဆုနဲ့ လွဲသွားခဲ့လေတယ်။

တရက်မှာတော့ စာရေးဆရာကြီးဟာ သူ့အနေနဲ့ အမေလို ခင်တွယ်ရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် နာမကျန်းဖြစ်တာကို လူနာအခြေအနေ မေးရင်း အားပေးစကား ပြောဆိုဖို့သွားသတဲ့။ အဲဒီလိုအသွားမှာ အကယ်ဒမီဆုနဲ့ လွဲခဲ့တဲ့ စာရေးဆရာကြီးဟာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့တခုကိုတော့ ရခဲ့တဲ့အကြောင်း သူနဲ့အတူ လူနာမေးဖို့ သွားခဲ့တဲ့ စာရေးဆရာက အာဖျံကွီးကို ပြောပြတယ်။ အာဖျံကွီးလည်း ဘာဘွဲ့လဲဆိုတာကို သိချင်တာနဲ့ အဲဒီစာရေးဆရာကို ကပ်မေးတော့တာပေါ့။

အဲဒီမှာ သူပြောပြတဲ့ (ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့) ဘွဲ့အမည်ကို နားထောင်ပြီး အာဖျံကွီး နားလည်ရ ခက်နေတဲ့ စာရေးဆရာကြီးအပေါ် လုံးဝရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့တယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့အမည်က ဒီလိုပါတဲ့ … ။

စာရေးဆရာကြီးက လူနာမေးဖို့ ကုတင်နား ကပ်သွားတဲ့အခါ အိမ်သားတွေက ဆရာမကြီးကို ‘အမေကြီး … ဒီမှာ ဘယ်သူလဲလို့’ ပြောသတဲ့။ ဆရာမကြီးက တချက်လှည့်ကြည့်ပြီး ‘သိတာပေါ့ဟဲ့ … သူ့ကျွန် ခံတဲ့အကောင် မဟုတ်လား’လို့ ပြန်ပြောလိုက်တဲ့။ စာရေးဆရာကြီးခမျာ ဆရာမကြီးပေးတဲ့ ဘွဲ့အမည်ကို ရင်ဝယ်ပိုက်ပြီး လူအများရှေ့မှာ ရယ်ဖြဲဖြဲနဲ့ ချော်လဲရောထိုင် လုပ်လိုက်ရသတဲ့လေ …။

အာဖျံကွီး

No comments: