Tuesday, March 4, 2008

နအဖရဲ့ဆန္ဒခံယူပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြပါစို့

စစ်တုရင်စကားနဲ့ ပြောရရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၉)ရက်နေ့မှာ နအဖစစ်အုပ်စုက ဘယ်သူမှ ထင်မထားတဲ့ ရွှေ့ကွက်တကွက်ကို ရုတ်ချည်း ရွှေ့လိုက်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖက ၁/၂၀၀၈ အရ လာမယ့်မေလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုမယ့် အ ကြောင်းနဲ့ ၂/၂၀၀၈ အရ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နဲ့အညီ ၂၀၁၀ မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပေးမယ့်အကြောင်း ကြေညာချက်တွေ ထုတ်ပြန်လိုက်လို့ပဲ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ ကြေညာချက်နှစ်ခု အဲသလို ဆက်တိုက် ထွက်ပေါ်လာတဲ့အပေါ် အတိုက်အခံတွေ အားလုံးရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ အံ့အားတသင့် ဖြစ်ကုန်ကြပါတယ်။

အံ့အားသင့်မယ်ဆိုလည်း သင့်ချင်စရာပဲလေ။ နအဖလုပ်ပုံက ‘ကြာချင်တော့လည်း သူတို့၊ မြန်ချင်တော့လည်း သူတို့’ ဆိုသလို ဖြစ်နေတာကိုး။ မူမမှန်တဲ့ လုပ်ရပ်တွေ လုပ်လေ့လုပ်ထရှိတဲ့ နအဖရဲ့ အဲဒီကြေညာချက်နှစ်ခု နောက်ကွယ်မှာ ‘ကလိန်စေ့ငြမ်းဆင် လိမ်ချင်လိမ်ဦးမှာလားဟင်’ ဆိုတဲ့ သီချင်းစာသားလို ဘယ်လို လှည့်စားမှုတွေ ပါနေလေမလဲ ဆိုတာကို မြင်အောင်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ နို့မဟုတ်ရင် နအဖ ဆင်ထားတဲ့ ထောင်ချောက်ထဲကို ကားကနဲ ကျသွားနိုင်ပါတယ်။ နအဖဆင်တဲ့ ထောင်ချောက်ထဲ ကျသွားလို့ကတော့ စစ်ကျွန်သက် အတိုင်းမသိ ရှည်သွားပြီး မြန်မာပြည်သူတွေရဲ့ ဘ၀ဟာ စစ်ဖိနပ်အောက်ကကို ကုန်းထနိုင်မှာ မဟုတ်တော့ပါဘူး။

ထိုင်းမှာကျတော့လည်း စစ်တပ်က အာဏာသိမ်းပြီး တနှစ်ခွဲအတွင်းမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် အတည်ပြုနိုင်တဲ့အပြင် အရပ်သားအစိုးရ လက်ထဲကိုပါ အာဏာပြန်လွှဲပေးပြီးသွားပါပြီ။ ထိုင်းအာဏာသိမ်း စစ်အုပ်စုကို ဘယ်လောက် ချီးကျူးစရာ ကောင်းလိုက်ပါသလဲ။ နအဖကတော့ အဲသလိုမဟုတ်။ ဘယ်သူမှ မထောက်ခံတဲ့၊ ဘယ်သူ့ကိုမှ ကိုယ်စားမပြုတဲ့ အမျိုးသားညီလာခံ ဆိုတာကြီး ၉၃ ခုနှစ်ထဲက ကျင်းပလာလိုက်တာ ပြီးခဲ့တဲ့ ၂၀၀၇ ကျမှ အပြီးသတ်တယ်ဆိုတော့ ၁၄နှစ်ကျော် ကြာတဲ့သဘော ရှိတာပေါ့။ ဒါတောင် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးက သူတို့အရှိုက်ကို ထိသွားပေလို့။ နို့မိုဆို ၁၄ နှစ်မကဘဲ အနှစ်(၄၀) ကြာတဲ့အထိအောင်များ အချိန်ဆွဲ ကျင်းပနေဦးမလားမသိ။ အမျိုးသားညီလာခံ ပြီးတယ် ဆိုတာကလည်း သူတို့စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံ (၇) ဆင့်ထဲက တတိတယအဆင့်ပဲ ပြီးသေးတာပါ။ တတိယအဆင့်အထိ ပြီးဖို့တောင် ၁၄နှစ်ကြာတယ်ဆိုတော့ နောက်ထပ်ကျန်တဲ့ (၄)ဆင့် ပြီးတဲ့အထိဆို အနှစ်နှစ်ဆယ်လောက် ထပ်ကြာဦးမယ်လို့ လူတိုင်းက နှလုံးသွင်းထားကြတော့တာပေါ့။

ထိုင်းမှာ အဲသလို မြန်ဆန်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခုလို ကြာနေရတဲ့ အဓိက အကြောင်းအရင်းကတော့ အာဏာသိမ်း စစ်အုပ်စုနှစ်ခုရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာချင်း မတူညီလို့ဘဲ ဖြစ်ပါတယ်။ ထိုင်းအာဏာသိမ်းစစ်အုပ်စုရဲ့ သဘောထား အစစ်အမှန်က ထိုင်းနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ပို့ဆောင်ပေးချင်တာဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ သဘောထား အစစ်အမှန်ကတော့ မြန်မာပြည်သူတွေကို စစ်ကျွန်အဖြစ် ထာဝရသွတ်သွင်းနိုင်ရေး အကောင်အထည် ဖော်ဖို့အတွက် ရသလောက် အချိန်ဆွဲပြီး ကလိန်ကကျစ်နည်းနဲ့ အုပ်ချုပ်ချင်နေတာပဲ ဖြစ်ပါတယ်။ အဲသလို မတူညီတဲ့ သဘောထား စိတ်စေတနာတွေကြောင့် ထိုင်းမှာ မြန်ဆန်ပြီး မြန်မာပြည်မှာ ကြာနေရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် နအဖရဲ့ လုပ်ပေါက်က ကောင်မလေးက ခေါင်းညိတ်မလား ခေါင်းခါမလား မသေချာသေးဘဲ ဖိတ် စာကြိုဝေထားတဲ့ သတို့သားလောင်းရဲ့ ပိုင်လိုက်ပုံဆိုတဲ့ လုပ်ပေါက်မျိုး ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းက ဘယ်ဆီနေမှန်းမသိ (ဖေဖော်ဝါရီ ၁၉ရက်နေ့မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီးကြောင်း နအဖက ကြေညာပါတယ်။ မကြေညာလို့လည်း မဖြစ်တော့ဘူးလေ။ လိမ်မယ့်လိမ် ယုတ္တိယုတ္တာလေး ရှိအောင်လည်း လိမ်ရဦးမှာကိုး။ အဲလိုပြီးစီးပြီလို့ ပြောပေမယ့် မဲပေးမယ့် ပြည်သူတွေကြားကိုလည်း ပေါ်ပေါ်ထင်ထင် ဖြန့်ဝေရဲတာမျိုး မရှိဘဲ လက်ကိုင်တုတ် အဖွဲ့ဝင်တွေကို မလိမ့်တပတ်နည်းနဲ့ လိုက်ရှင်းခိုင်းနေတယ် ဆိုတာလောက်ပဲ ကြားနေရတယ်)၊ ပြီးတော့ အဲဒီဖွဲ့စည်းပုံကို ပြည်သူလူထုက အတည်ပြုမယ် မပြုဘူး ဆိုတာလည်း မသေချာသေးဘဲနဲ့ ၂၀၁၀ မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပေးမယ့်လို့ နအဖအနေနဲ့ တထစ်ချ အာမဘန္တေခံရဲတာကို သုံးသပ်ရင် ဆန္ဒခံယူပွဲကို ကျင်းပပြီး သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ အတည်ပြု မယ်ဆိုတဲ့ သဘောထားကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်လုံးကျွတ် ကန့်ကွက်မဲ ပေးကြပါစေ၊ ရအောင်ကို အတည်ပြုမယ်လို့ ပိုင်းဖြတ်ထားလို့လည်း စစ်အုပ်စုအနေနဲ့ ၂၀၁၀မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကျိန်းသေပေါက် ကြေညာရဲတာဖြစ်ပါတယ် (သမိုင်းအစဉ်အလာရှိတဲ့ ဦးနေ၀င်းတောင် ၇၄ တုန်းက လိမ်ခဲ့သေးရင် သမိုင်းအစဉ်အလာနတ္ထိ ပထွေးထက် သားတလကြီးတဲ့ ဒူးမနာသား နအဖတွေက ကပြီးတော့တောင် လိမ်ပြဦးမှာ ဖြစ်ပါတယ်)။

ဒီတော့ နအဖက သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေဥပဒေကို မဖြစ်မနေ အတည်ပြုမယ့် ဆန္ဒခံယူပွဲကြီးကို မြန်မာပြည်သူပြည်သားတွေ အနေနဲ့ အဖြစ်ခံသင့်သလား၊ အဖြစ်မခံသင့်ဘူးလား ဆိုတာကို အရင် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုမယ်ထင်ပါတယ်။ အဲဒီကမှတဆင့် အဖြစ်မခံသင့်ဘူးဆိုရင် ဘာလုပ်ကြမလဲ ဆိုတာကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုမှာဖြစ်ပါတယ်။ အချိန်က နှစ်လပိုပိုလောက်သာ ရှိတော့တဲ့အတွက် လုပ်စရာရှိတာကို မြန်မြန်ထက်ထက် လုပ်ကြရမှာဖြစ်ပါတယ်။

သေချာတာကတော့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာတို့လို နအဖ လက်ကိုင်တုတ် အဖွဲ့အစည်း ၀င်တွေကလွဲရင် တပြည်လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးက ဒီဆန္ဒခံယူပွဲကြီးကို အဖြစ်မခံချင်ကြမှာ မဟုတ်ပါဘူး။ အဲသလို အဖြစ်မခံချင်ကြတဲ့ အထဲမှာ နအဖ စစ်ခွေးတအုပ်ရဲ့အနိုင်ကျင့် ခိုင်းစေတာကို ခံနေရတဲ့ အောက်ခြေစစ်သားတွေရဲ့ မိသားစုဝင်တွေလည်း အများစုပါဝင်မှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ အဖြစ်မခံချင်ကြဘူးလဲ ဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ အာဏာလွှဲပြောင်း ပေးစေလိုတယ်ဆိုတဲ့ အချက်က အဓိကကျပါတယ်။ အခြေခံဥပဒေကို အတည်ပြုမယ်ဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ဆန္ဒမဲပေး အတည်ပြုလိုတာပါ။ ၉၀ ရွေးကောက်ပွဲမှာက စစ်တပ်ရှိတဲ့ မဲဆန္ဒနယ်မြေမှာတွေလည်း အန်အယ်လ်ဒီကပဲ အနိုင်ရခဲ့တာဆိုတော့ စစ်တပ်ထဲက မိသားစုဝင် အများစုကလည်း ဒီလိုပဲ ထပ်တူထပ်မျှ ဆန္ဒရှိကြမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

လွှတ်တော် ကိုယ်စားလှယ်တွေက ထောင်ကျသူကျ၊ သေသူသေ၊ ပြည်ပရောက်သူရောက် ဆိုရင်လည်း ထောင်ကျသူတွေကို လွှတ်၊ ပြည်ပရောက်သူတွေကို ပြန်ခေါ်ပြီး ကွယ်လွန်သွားတဲ့ အမတ်တွေရဲ့ မဲဆန္ဒနယ်တွေမှာ အစားထိုး ရွေးချယ်ပွဲတွေ လုပ်ပေးဖို့ပဲ လိုတာပါ။ ဒါကလည်း လက်ရှိ နအဖ အုပ်စုဝင်တွေကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီး ကမ္ဘာသိ ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမို့လို့ ပြောနေရတာပါ။ တနည်းပြောရရင် ဆန္ဒခံယူပွဲ လုပ်ချင်နေတဲ့ နအဖရဲ့လုပ်ရပ်က ရပ်ကွက်ထဲက ချဲဒိုင်တယောက် ငွေမလျော်ချင်လို့ ကလိန်ကကျစ် လုပ်သလိုမျိုး ဖြစ်နေပါတယ်။ အရင်ပေါက်ခဲ့တဲ့ ချဲလက်မှတ်ကိုတောင် အလျော်မပေးသေးဘဲ ကလိန်ကကျစ်ကျနေတဲ့ ချဲဒိုင်က နောက်ချဲလက်မှတ်ကို ထိုးခိုင်းဖို့ ပြင်နေသလိုမျိုး ဖြစ်နေပါတယ်။ အဲဒါကိုမှ ယုံစားပြီး သွားထိုးဖို့ပြင်ရင် ထိုးခိုင်းသူရဲ့ အပြစ်လား ထိုးသူရဲ့ အပြစ်လားဆိုတာ အထူးအထွေ ပြောဖို့လိုမယ် မထင်တော့ပါဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ ကိုယ့်လက်ထဲမှာ လက်ဆုပ်လက်ကိုင်ရှိတဲ့ အရင်ပေါက်ထားတဲ့ ချဲလက်မှတ်ကိုသာ အလျော်ပေးဖို့ တောင်းဆိုသင့်သလိုမျိုး ၉၀ ရွေးကောက်ပွဲရလဒ်အရ မဲအများစုရတဲ့ အန်အယ်လ်ဒီပါတီကို အာဏာလွှဲဖို့နဲ့ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အမတ်တွေကို ပြည်သူ့လွှတ်တော်ခေါ်ပေးပြီး အခြေခံဥပဒေ ရေးဆွဲစေဖို့ပဲ ဆက်လက် တောင်းဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို နအဖကိုယ်တိုင်က တရားဝင်ဖျက်သိမ်းကြောင်း ကြေညာရဲတာ မဟုတ်ပါဘူး။ အဲသလို သူတို့ တရားဝင် မဖျက်သိမ်းရဲတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အခုလို ဆန္ဒခံယူပွဲ ဖြစ်မြောက်အောင် ကျင်းပတဲ့နည်းနဲ့ မလိမ့်တပတ်ဖျက်ဖို့ ကြိုးစားမှာဖြစ်တယ် ဆိုတာကို ကျနော်တို့ အားလုံး အထူးသတိပြုမိကြဖို့ လိုပါတယ်။ အဲဒီလို ၉၀ ရလဒ်ပျက်ပြယ်အောင် မလိမ့်တပတ်နည်းနဲ့ ဖျက်ချင်လို့ ကျင်းပမယ့် ဆန္ဒခံယူပွဲကို မဲသွားပေးမယ်ဆိုရင် (ကန့်ကွက်မဲ ပေးပေး၊ ထောက်ခံမဲ ပေးပေး) အရင်ပေါက်ပြီးသား ချဲလက်မှတ်ကို ဆုတ်ဖြဲပစ်သလိုမျိုး ၉၀ ရလဒ်ကို နင်းချေဖျက်ဆီးပစ်တာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး နအဖက အတည်ပြုချင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်တပ်ကသာ ထာဝရ ဂုတ်သွေးစုပ် ခြယ်လှယ်ပြီး ပြည်သူတွေကို စစ်ကျွန်အဖြစ် ထာဝရ သွတ်သွင်းဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်နေလို့ပါပဲ။

အဲဒီတော့ ပထမ ချဲလက်မှတ်ကို ဆုတ်ဖြဲပစ်ပြီး နောက်ဖွင့်မယ့် ချဲလက်မှတ်ကို သွားထိုးလည်း အလိမ်ခံရဦးမှာ အသေအချာ ဆိုသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကန့်ကွက်မဲ သွားပေးကြလို့ သူတို့(နအဖ)ရဲ့ဖွဲ့ စည်းပုံကို အတည်မပြုနိုင်ဘူးဘဲ ထားဦး၊ နအဖအနေနဲ့က ‘အဲဒါဆိုလည်း ပြန်ဆွဲကြတာပေါ့လို့’ ပြောကောင်း ပြောနိုင်ပေမယ့် ကျနော်တို့ဘက်ကတော့ ဆန္ဒခံယူပွဲပြီးတာနဲ့ ၉၀ ရလဒ်ကို ဆုပ်ကိုင်ပြောဆိုနိုင်တဲ့ အခွင့်အရေးမျိုး ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီလို ထောင်ချောက်ကြီး ရှိနေတာကြောင့် နအဖက ကျင်းပမယ့် ဆန္ဒခံယူပွဲဟာ အဖြစ်ခံလို့ကို မရတဲ့ အနေအထားလို့ ပြောနေရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ Mandate ရထားတဲ့ အန်အယ်လ်ဒီပါတီ အနေနဲ့ (ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ်) ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းကို ကျင့်သုံးစိန်ခေါ်ပြီး ဂုဏ်သိက္ခာ ဆယ်သင့်သလို ပြည်သူလူထုအနေနဲ့လည်း ဆန္ဒခံယူပွဲ မဖြစ်မြောက်ရေးအတွက် အခုကတည်းက နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်ကြဖို့ စတင်လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ် (သံဃာကိုတောင် သတ်ဖြတ်တဲ့ စစ်အုပ်စုကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင်ဆန့်ကျင် တရားတယ်လို့ ယူဆပါတယ်)။

မိတ်ဆွေကြီး ကဗျာဆရာအောင်ဝေး သုံးနှုန်းနေကျ ဘောလုံးစကားနဲ့ ပြောရရင်တော့ ‘ဘောလုံးကို ကိုယ့် ဘက်ဂိုးစည်းရှေ့ အရောက်မခံဘဲ ကွင်းလယ်မှာပဲ ရအောင်ဖျက်ထုတ်’ ဆိုသလိုမျိုး နအဖရဲ့ ကလိန်ကကျစ် ဆန္ဒခံယူပွဲကြီး မဖြစ်မြောက်အောင် အခုကတည်းက (ဥပမာ - လေ့လာဖို့ သူတို့ဖြန့်ဝေမယ့် အခြေခံဥပဒေမူကြမ်း စာအုပ်တွေကို မီးပုံရှို့ပြီး ဆန္ဒပြတာမျိုး၊ လာရောက်စည်းရုံးတဲ့ နအဖ လက်ကိုင်တုတ်တွေကို ၀ိုင်းဝန်းဆန့်ကျင် မောင်းထုတ်တာမျိုး၊ ဒီကြားထဲကနေ နအဖက ဇွတ်တရွတ် ကျင်းပမယ်ဆိုရင် လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး၊ မဲရုံတွေကို မီးရှို့ဖျက်ဆီးတာမျိုး … စတဲ့ နည်းလမ်းမျိုးစုံနဲ့) ဆန့်ကျင် တိုက်ဖျက်သွားကြဖို့လိုကြောင်း စစ်ကျွန်အဖြစ် နွံနစ်မခံရစေဖို့အရေး အကြံပြု ဆွေးနွေးတင်ပြလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ
(၂၀၀၈ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်)

No comments: