Monday, February 11, 2008

မြတ်ခိုင် ဘာလဲ

ဖိုးသာချို (Australia)

အနည်းငယ်တော့ ကြာခဲ့ပါပြီ။ လွန်ခဲ့သော တနှစ်လောက်က ဖြစ်မည်ထင်သည်။ မိတ်ဆွေတယောက်၏ အိမ်သို့ ရောက်ဖြစ်ခဲ့သည်။ သူရေချိုးနေစဉ်နှင့် ကြုံသည့်အတွက် ဧည့်ခန်းထဲထိုင်စောင့်နေစဉ် စားပွဲပေါ်မှာ အသင့်တွေ့ရသော မဂ္ဂဇင်း အဟောင်းစာအုပ်ကို စာအုပ်မြင်ရင် မနေနိုင်သည့် ၀ါသနာအလျောက် ကောက်ယူ ဖတ်ကြည့်မိသည်။

မဂ္ဂဇင်းက တော်တော်လေး ကြာနေပြီ။ တော်တော်လေးလည်း ဟောင်းနေပြီ။ စာရွက်တွေပင် ၀ါကျဉ်စပြုနေ၍ အဖုံးလည်း မရှိတော့ပါ။ မုဒိတာမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁) စတဲ့ စာအုပ်တအုပ်နှစ်အုပ်သာ ထွက်ပြီး ပျောက်သွားသည့် ဌာနဆိုင်ရာ မဂ္ဂဇင်းတခုသာ ဖြစ်ပါသည်။ ထွက်ရှိသည့် ခုနှစ်၊ လတို့ကို ဖတ်မိသော်လည်း ယခုအချိန် ကျနော့်ခေါင်းထဲ မရှိတော့ပါ။ ထိုမဂ္ဂဇင်းစာအုပ်ကို ကျနော် လှန်ကြည့်မိသောအခါ မြတ်ခိုင်ရေးသားသော ဆောင်းပါးတပုဒ်ကို တွေ့မိပါသည်။

သူရေးထားသည်က မုဒိတာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ စာရေးဆရာမ နှင်းဝေငြိမ်းက သူ့ထံမှ စာမူတောင်းသည့်အကြောင်း၊ သူ့မှာလည်း များပြားလှသော ဂျာနယ်၊ မဂ္ဂဇင်း တာဝန်တွေကြားမှာ နှင်းဝေငြိမ်းကို အားနာသည့်အတွက် ဘာရေးရမည်လဲ စဉ်စားနေမိကြောင်း၊ မုဒိတာမဂ္ဂဇင်းဟု ဆိုသည့်အတွက် မည်သူတွေကို မုဒိတာပွားရမည်လဲဟု စဉ်စားမိကြောင်း အစချီလျက် … ဆောင်းပါးတပုဒ်လုံး လူပုဂ္ဂိုလ် တော်တော်များများ၏ အမည်နှင့်တကွ အတိတ်က အခြေအနေနှင့် ယခုအခြေနေများကိုပါ ဖော်ပြရေးထားပါသည်။

မှတ်လောက်သားလောက်သည့် အကြောင်းအရာများ မဟုတ်သည်ကလည်း တကြောင်း၊ ပြည်သူ့အရေး၊ နိုင်ငံ့အရေး၊ ဘာအရေးမှ မဟုတ်သည့်အတွက် ကျနော်မမှတ်မိတော့ပါ။

ဒါပေမယ့် မှတ်မိတာလေး တစ်ခုနှစ်ခုတော့ ရှိပါသည်။ ဥပမာ … လမ်းဘေးစာအုပ်အဟောင်းဆိုင်လေး ဘ၀ကနေ နဂါးစာပေဟူသော စာပေတိုက်ကြီး ဖြစ်သွားသည့် နဂါးစာပေကိုထွန်းဦးကို မုဒိတာပွားရလေမလား … စားသောက်ဆိုင် အဆိုတော်မလေးဘ၀ကနေ ပရိုဂျူဆာနှင့်ညားပြီး နာမည်ကြီး အဆိုတော်ဖြစ်သွားသည့် ကောင်မလေးကိုပဲ မုဒိတာပွားရမည်လား … သုတစွယ်စုံဆိုသော စာအုပ်ကလေးတအုပ်ကနေ အော(ဖ်)စက်ပေါင်း သုံးလေးလုံး မဂ္ဂဇင်းပေါင်း သုံးလေးအုပ်နဲ့ ကြီးပွားနေတဲ့ ဒေါက်တာတင်ထွန်းဦးကိုပဲ မုဒိတာပွားရမည်လား … သာမန်မဂ္ဂဇင်းပန်းချီဆရာလေး ဘ၀ကနေ ဒါရိုက်တာ ရင်တွင်းဖြစ်ဆိုပြီး နာမည်ကြီးနေတဲ့ စတိုင်ဘောင်းဘီ လုံးဝမချွတ်တော့တဲ့ မောင်မျိုးမင်းကိုပဲ မုဒိတာပွားရမည်လား … ဟုတ်ကဲ့ … ဆောင်းပါးတပုဒ်လုံး စာမျက်နှာ နှစ်မျက်နှာအပြည့် နာမည်နဲ့တကွ ထိုကဲ့သို့ ရေးသားထားခြင်း ဖြစ်ပါသည်။

သူ့ဆောင်းပါးတပုဒ်လုံးကို ကျနော်သည် မျက်မှောင်ကြီးကျုတ်၊ မျက်ခုံးကြီးပင့်ပြီး ဖတ်နေရာမှ ဆောင်းပါးအဆုံး စာရေးသူ၏ နာမည်ရေးထားသည့် နေရာအရောက်မှာတော့ တကိုယ်လုံး စိတ်လက်ပေါ့ပါးကာ အားပါးတရ ရယ်မိပါတော့သည်။ မြတ်ခိုင်ဟူသော ကလောင်နာမည်၏ ဘေးတွင် ဘောပင်ဖြင့် တစုံတယောက် ရေးထားသည်က (ဤနေရာတွင် နားနဲ့မနာ ဖ၀ါးနဲ့ နာပါခင်ဗျာ) တချို့သော လူရွှင်တော်များ၏ ပျက်လုံးလောက်နီးနီး အနည်းငယ် ရိုင်းပျသည်ဟု ထင်ရပါသည်)

“မင်းဖင်ခေါင်းထဲထည့်မယ့် အချောင်းကြီးကို မုဒိတာပွားလိုက်ပါလားကွာ … တဲ့”

မြတ်ခိုင်ဆောင်းပါးကို ဖတ်ရင်းဖတ်ရင်း စိတ်ထဲတင်းကြပ်လာပြီး မနေနိုင်သည့်အတွက် စိတ်ထွက်ပေါက် ပေးလိုက်ခြင်း ဖြစ်နိုင်ပါသည်။ မိတ်ဆွေဖြစ်သူ ရေချိုးပြီးထွက်လာတော့ ဒါ … ခင်ဗျားရေးတာလားဟု မေးမိသည်။
သူကလည်း အားရပါးရ ရယ်မောကာ … “ကျနော်ရေးတာ မဟုတ်ပါဘူးဗျာ၊ ကျနော်လည်း ဒီစာအုပ်ကို စာကြည့်တိုက်က ဌားလာတာ … ကျနော် စငှားကတည်းက ပါလာတာဗျာ … ကျနော့်မှာ အဲ့ဒီဆောင်းပါးဖတ်ပြီး ရယ်လိုက်ရတာဗျာ … အခုလည်း ပျင်းရင် ပြန်ပြန်ဖတ်မိတယ် … မြတ်ခိုင်ဆောင်းပါးကို ကြိုက်လို့မဟုတ်ပါဘူး … အဲ့ဒီအမည်မသိလူ ရေးထားတာကို သဘောကျလို့ဗျို့တဲ့ …”

အဲ့ဒီကတည်းက ကျနော် အတွေးတခု ရောက်မိသည်။ မြတ်ခိုင်သည် ဘယ်လိုလူမျိုးလဲ … ဘော်လီဘော
သမားလိုမျိုး အသေအချာ ပင့်ထောင်ပြီး အပိုင်ခုတ်ချတတ်သူလား …။

ယခုအချစ်ဂျာနယ်ပါ ကဗျာတပုဒ်နဲ့ ကဗျာဆရာစောဝေ အကြောင်းကို ကြားမိတဲ့အခါမှာတော့ ကျနော်၏ အတွေးရောက်မှုသည် အမှန်ဖြစ်နေပြီလားဟု စဉ်းစားမိပါတော့သည်။ ဖော်ပြသူ အယ်ဒီတာနဲ့ ခွင့်ပြုသူ စိစစ်ရေးအဖွဲ့တို့ ဘာမှမဖြစ်ဘဲ ကဗျာဆရာတယောက်သာ ထောင်နန်းစံရသည် ဆိုတော့လည်း ပိုလို့စဉ်းစားစရာ ဖြစ်လာပါသည်။

ဤကဗျာကိစ္စနှင့် ပတ်သတ်၍ ကိုမြတ်ခိုင်ကို နေပြည်တော်သို့ခေါ်၍ ဆွေးနွေးသည်ဟု ကြားရပါသည်။ ထိုသို့ ကိုမြတ်ခိုင်နှင့် စစ်အာဏာပိုင်တို့ တွေ့ကြသည့်အခါ … ကိုမြတ်ခိုင် ဘယ်လိုပြောနိုင်သလဲ။ ဘယ်လို ပြောခဲ့သလဲဆိုတာ ကျနော့်ဟာကျနော် ကိုယ့်ထမင်းကိုယ်စား၍ စဉ်းစားကြည့်မိပါသည်။

(က) ကျနော် တကယ်မသိလို့ပါ ဗိုလ်ချုပ်ကြီးခင်ဗျား … သေချာဖတ်မကြည့်မိလို့ပါ … ကျနော် နောက်ကို ဒီလိုမျိုး မဖြစ်စေရပါဘူး … ကျနော့်ကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အနေနဲ့ ခွင့်လွတ်ပါခင်ဗျား … (မျက်ရည်များနှင့် တုန်ရီလျက် ပြောနိုင်ပါသည်)

(ခ) သိတာပေါ့ဗျာ … သာမန်စာဖတ်သူတွေတောင် သိနိုင်သေးတာ … ကျနော်က ၀ါရင့်အယ်ဒီတာကြီးပဲ … ပိုသိတာပေါ့ … ဟဲဟဲဟဲ … ဒါပေမယ့် သိတယ်မို့လား … ဟဲ ဟဲ ဟဲ

(ဂ) ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီးများက အခုလို ကျနော့်ကို ခေါ်ယူပြီး ဂုဏ်ပြု အသိမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် … နောင်ကိုလည်း ကျနော်တို့ စာနယ်ဇင်းလောကမှာ ဘယ်သူဟာ ဘယ်လိုလဲဆိုတာ တာဝန်သိစွာ ဖော်ထုတ်ပေးပါ့မယ်ခင်ဗျာ …

ဟုတ်ကဲ့ … ကိုမြတ်ခိုင် ဘယ်လိုပြောခဲ့တယ် ဆိုတာ ကိုမြတ်ခိုင်သာ အသိဆုံးဖြစ်မှာပါ …။ ကိုမြတ်ခိုင်တယောက် လိပ်ပြာသန့်စွာ အိပ်စက်နိုင်ပါစေ …။ ။

ဖိုးသာချို (Australia)

1 comment:

winaung said...

So far the best article for Myat Khaing, like knock down punch.