Friday, February 29, 2008

ဘုရားသခင်က ခွင့်ပြုပေမယ့် …

အဟိ

လွတ်မြောက်နယ်မြေမှာ အဟိ ခင်မင်လေးစားရတဲ့ ဆရာဝန်ကြီးတဦး ရှိပါတယ်။ ဆရာကြီးရဲ့ နာမည်က ဒေါက်တာ ဖိုးသော်တာပါ။ အသက် (၆၅)နှစ် ၀န်းကျင်လောက်ရှိပြီလို့ ထင်ပါတယ် (မှားရင် ခွင့်လွှတ်ပါဆရာ)။ ဆရာဖိုးသော်တာဟာ ရိုးရိုးအေးအေး နေထိုင်တတ်ပြီး ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ပါတယ်။ ဆရာဖိုးသော်တာကို ရံဖန်ရံခါမှ ကျန်းမာရေးဆိုင်ရာ အစည်းအဝေးတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ ညီလာခံတွေမှာ တွေ့ရတတ်တာပါ။ အဲဒီလိုတွေ့တဲ့ ဆုံတဲ့အခါကျရင် ဆရာဖိုးသော်တာဟာ ခပ်အေးအေးပဲထိုင်ပြီး ပြောဆိုဆွေး နွေးသမျှ အကြောင်းအရာတွေကို စိတ်ဝင်တစား နားထောင် နေတတ်ပါတယ်။ ဒါပေမယ့် တခါတခါ ဆရာဖိုးသော်တာက သူမရှင်းတာကိုဖြစ်စေ၊ မေးစရာရှိတာကိုဖြစ်စေ ထပြီး ဆွေးနွေးတဲ့အခါမှာ ထူးခြားတာတွေ့ရပါတယ်။

ဘယ်လိုထူးခြားမှုလဲဆိုတော့ ဆရာဖိုးသော်တာထပြီး တခုခု ဆွေးနွေးတဲ့အခါတိုင်း ဘေးကလူတွေမှာ ပြုံးစိစိ ဖြစ်ကြရတာပါ။ ဆရာဖိုးသော်တာကတော့ သူ့ဟန်ပန်အတိုင်း မျက်နှာထားတည်တည်နဲ့ တရိုတသေ ထရပ်ပါတယ်။ ပြီးရင် စကားကို ဖြေးဖြေးပြောပြီး တချက်ချင်း ဆွေးနွေးပါတယ်။ အဲဒါကိုပဲ လူတွေပြုံးစိစိ ဖြစ်ကြတယ်ဆိုတော့ အစပိုင်းမှာ ဘာဖြစ်လို့လဲ အဟိ ဝေခွဲလို့မရဘူး။ ဆရာဖိုးသော်တာရဲ့ လေသံနဲ့ ဟန်ပန်ကို သဘောကျလို့ ပြုံးစိစိ ဖြစ်ကြတာလား၊ ဆရာဖိုး သော်တာက အတည်ပေါက်နဲ့ ရယ်ရအောင် ပြောတတ်လို့ပဲ ပြုံးစိစိ ဖြစ်ကြတာလားပေါ့။ စိတ်ထဲမှာ ဒွိဟဖြစ်နေတယ်။

အဲ … ဒါပေမယ့် ၂၀၀၆ခုနှစ် ဇန်န၀ါရီလက လွတ်မြောက်နယ်မြေမှာ ကျင်းပပြုလုပ်တဲ့ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကျမှ ဆရာဖိုးသော်တာနဲ့ ပတ်သက်ပြီး အဟိစိတ်ထဲမှာ ဒွိဟဖြစ်နေတာတွေ ရှင်းသွားပါတော့တယ်။ နှီးနှောဖလှယ်ပွဲကို နားထောင်သူအနေနဲ့ အဟိ တက်ရောက်ခွင့် ရခဲ့ပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲမှာ ကြက်ငှက်တုပ်ကွေး ရောဂါအကြောင်းကို ဆရာဖိုးသော်တာ စာတမ်းဖတ်တဲ့အခါကျမှ ဆရာဖိုးသော်တာဟာ အတည်ပေါက်နဲ့ သရော်တတ်တယ်ဆိုတာကို သိရတော့တယ်။ စာတမ်းဖတ်ရင်း ဆရာဖိုးသော်တာက ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ နအဖစစ်အစိုးရရဲ့ စာနယ်ဇင်းတွေမှာ ရေးသားတဲ့ အကြောင်းအရာတွေကို ကိုးကားပြီး အတည်ပေါက်နဲ့ သရော်သွားတာ နားထောင်သူတွေအားလုံး ပြုံးစိစိ ဖြစ်ကြရပါတယ်။ ဆရာဖိုးသော်တာ အဲသလိုအတည်ပေါက်နဲ့ ရယ်အောင် လုပ်တတ်တာကို နှီးနှောဖလှယ်ပွဲအပြီး ညစာစားပွဲမှာ ပိုသိလိုက်ရပါတယ်။

နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေ့အပြီးမှာ တက်ရောက်လာတဲ့ ဧည့်သည်တွေကို ညစာနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဧည့်သည်အများစုက ထမင်းစားရင်း စကားလက်ဆုံကျနေကြပြီး ခပ်လှမ်းလှမ်းက ၀ိုင်းတ၀ိုင်းမှာတော့ တောင်အာဖရိကက ဒေါက်တာသိန်းဝင်း ယူလာတဲ့ ဧရာမ ၀ိုင်ပုလင်းကြီးကို အလယ်မှာချပြီး ၀ိုင်သောက်သူသောက် ဘီယာ မှာသောက်သူသောက်နဲ့ ဆရာဝန်တတွေ စကားလက်ဆုံ ကျနေကြပါတယ်။ ဆရာတွေကတော့ အိန္ဒိယက လာတဲ့ ဒေါက်တာဆလိုင်းပါကျင်၊ သြစတြေးလျက လာတဲ့ ဒေါက်တာမြင့်ချို (ဆရာမြင့်ချိုက ရေပဲသောက်ပါတယ်)၊ တောင်အာဖရိကက လာတဲ့ ဒေါက်တာသိန်းဝင်း၊ ကနေဒါက လာတဲ့ ဒေါက်တာခင်စောဝင်း (ဆရာမလည်း ရေပဲသောက်ပါတယ်)၊ ဒေါက်တာမြတ်ထူးရာဇတ်နဲ့ ဒေါက်တာလွဏ်းဆွေတို့ ဖြစ်ပါတယ်။ စကားဝိုင်းကောင်းနေဆဲမှာ ဆရာပါကျင်က ထမင်းစားပြီး အိမ်ပြန်မလို့ ထလာတဲ့ ဆရာကြီး ဒေါက်တာဖိုးသော်တာကို တွေ့သွားပြီး လှမ်းခေါ်ပါတယ်။

‘ဗျို့ ဆရာဖိုးသော်တာ လာပါဦးဗျ’လို့ အော်ခေါ်လိုက်ပါတယ်။ ဆရာပါကျင် ဖိတ်မန္တကပြုတာကို ကြားသွားတဲ့ ဆရာဖိုးသော်တာက ဆရာဝန်တွေ စုထိုင်နေတဲ့ စကားဝိုင်းဆီ ခပ်ဖြေးဖြေး လျှောက်လာပါတယ်။ ဆရာ့ကို တွေ့နေကျ ပုံစံအတိုင်း အိတ်အနက်ကို စလွယ်သိုင်းရင်း ခပ်ငိုက်ငိုက် လျှောက်လာတာပါ။ ဆရာဖိုးသော်တာ ၀ိုင်းအနားကို ရောက်လာတဲ့အခါ ဆရာပါကျင်က …

‘လာပါဦး ဆရာဖိုးသော်တာရဲ့၊ မပြန်ခင် ၀ိုင်လေး ဘာလေး တခွက်တဖလားလောက် သောက်သွားပါဦး၊ ဒါလောက်တော့ ဘုရားသခင်က ခွင့်ပြုပါတယ်ဗျ’လို့ ထိုင်နေရာက လှမ်းပြောလိုက်တယ်။ ဆရာပါကျင်က ဆရာဖိုးသော်တာ ဘာသာတရား ကိုင်းရှိုင်းပြီး အသောက်အစား ကင်းမှန်းသိလို့ တမင်တကာ စလိုက်ဟန်တူပါရဲ့ (၀ိုင်ဆိုတာလည်း သောက်ပြီးရင် နည်းနည်းတော့ မူးတတ်တာကိုး)။ အဲဒီမှာ ဆရာဖိုးသော်တာက ဆရာပါကျင်အနားကို ကပ်လာပြီး စကားတခွန်းပြောကာ ခပ်တည်တည် ပြန်လှည့်ထွက်သွားလေရဲ့။ ဒါပမယ့် ဆရာဖိုးသော်တာ မရယ်မပြုံးဘဲ အတည်ပေါက် ပြောသွားတဲ့ စကားတခွန်းကြောင့် တ၀ိုင်းလုံး တ၀ါးဝါးပွဲကျပြီး ကျန်ခဲ့လေရဲ့။ ဆရာဖိုးသော်တာ ဆရာပါကျင်အနားကပ်ပြီး ခပ်တိုးတိုး ပြောသွားတဲ့ စကားတခွန်းကတော့ ‘ဘုရားသခင်က ခွင့်ပြုပေမယ့် အိမ်က မိန်းမက ခွင့်မပြုဘူး’ ပါတဲ့ ခင်ဗျား။

အဟိ

(ကွယ်လွန်သူ ဆရာကြီး ဒေါက်တာဖိုးသော်တာသို့ အမှတ်တရ …)

No comments: