Monday, February 18, 2008

ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကို လုပ်ကြံခြင်း

ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကို လုပ်ကြံခြင်း (သို့မဟုတ်)
ချစ်သူများနေ့မှာ ဆံပြုတ်ကျွေးဖို့ စီစဉ်ကြခြင်း

၈၈၈၈ ပြည်သူနေ့စဉ်၊ ဖေဖေါ်ဝါရီ (၁၇)ရက်၊၂၀၀၈

ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပကျေးရွာ၊ ရပ်ကွက် (၁)၊ အိမ်အမှတ် (၂၂၉)မှာနေ ထိုင်နေတဲ့ ထိုင်းသစ်သူဌေး ခွန်စီရာတ်ဘွန်းရဲ့ အိမ်ကို ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် ၉၉၉ တပ်ရင်းက ဒုရင်းမှူး ဗိုလ်မှူးဆံပြုတ်နဲ့အဖွဲ့ ရောက်ရှိလာပြီး မဲဆောက်ရောက်တိုင်း စီးနေကျ ကားဖြစ်တဲ့ တိုယိုတာ ဟိုင်းလက် အမျိုးအစား တံခါး ၄ပေါက်ပါ ချော်ချန်းထော်ထန် ၄၂၅ အမည်ရတဲ့ ကားအမဲရောင်ကို ငှားသွားကြပါတယ်။ သူတို့တွေဟာ မဲလမမြို့နယ် ၀မ်းဖာရွာအနီးက ရွှေကုက္ကိုလ်ရွာကနေ လာကြတာဖြစ် တယ်။

သူတို့အဖွဲ့ဟာ ၁၃ရက်နေ့တနေ့လုံး မဲဆောက်နဲ့ ၀မ်းဖာကို သွားလိုက်ပြန်လိုက်လုပ်နေပြီး အခြေအနေကို စောင့်ကြည့် အကဲခတ်နေကြတယ်။ (၁၄)ရက်နေ့ ညနေပိုင်း ၄နာရီကျော် အချိန်လောက်မှာ ဖဒိုမန်းရှာ နေ ထိုင်ရာအိမ်ကို ၀င်ခဲ့ကြပါတယ်။ ကားကို အပြင်မှာ စက်နှိုးထားပြီး ကားမောင်းသူတဦးနဲ့ ရှေ့ခန်းမှာ သေနတ် သမားတဦးက နေရာယူပြီး အခြေအနေကို စောင့်ကြည်ခဲ့ကြတယ်။

သေနတ်သမား (၂)ဦးကတော့ အိမ်ပေါ်ကိုတက်လာပြီး ဖဒိုမန်းရှာကို ပစ်ခတ်သွားခဲ့တယ်။ လှေကားဝမှာ ထိုင်နေတဲ့ ဖဒိုမန်းရှာ ကို ဟာ့လာကေ အတီး လို့ဆိုပြီး နှုတ်ဆက်ဝင်ရောက်လာချိန်မှာ လက်ထဲမှာ လက်ဆောင်ပန်းသီးခြင်း တခုလည်း ပါလာခဲ့တယ်။ ပြီးတော့ အနီးကပ် တထွာလောက် အကွာကပဲ သေနတ်နဲ့ ဘယ်ဘက်ရင်အုံကို ပစ်ခတ် သွားခဲ့တယ်။ ပြီးတော့ ပြန်ဆင်းသွားတယ်။ ပြန်ဆင်းနေတုန်း နောက်သေနတ်သမားတဦးက ထပ်တက်လာပြီး သေချာအောင် သေနတ်နဲ့ နောက်ထပ်ပစ်ခဲ့တယ်။

အနားမှာ ဖဒိုမန်းရှာရဲ့ တူမ၀မ်းကွဲတယောက် အနီးမှာ ရှိနေတယ်။ လူသတ်သမားက ရုပ်ဖြောင့်ဖြောင့်နဲ့ဖြစ်ပြီး မြို့မှာ အနေများသူတဦးလို ပုံစံဖြစ်နေတယ်။ ဖဒိုမန်းရှာ တူမကတော့ သိတ်ပြီးတော့ ထိတ်လန့်သွားတဲ့ အမူအရာ ဖြစ်နေခြင်းမရှိဘဲ အောက်မှာ လူသတ်သမားကို ကြုံလိုက်ရတဲ့ ရဲဘော်လေး (၂)ဦးကတော့ စိတ်လှုပ်ရှားနေပုံတွေ ပြသနေတယ်။ ၄ နာရီကျော် အချိန်လောက်မှာ လူသတ်သမားတွေ ၀မ်းဖာရွာကို ပြန်သွားကြတယ်။ လမ်းမှာ သူတို့ကို ဘယ်သူမှ ဖမ်းဆီးတဲ့သူမရှိ၊ စုံစမ်းတဲ့သူတွေ မရှိဘဲ အေးအေးဆေးဆေး ပြန်သွားနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းရဲတွေကလည်း ဖိဖိစီးစီး လိုက်လံစုံစမ်းတဲ့သူ မရှိဘူး။ ကားနံပါတ်ကို မျက်မြင်တွေက ပြောဆိုခဲ့ပေမယ့် ထိုင်းရဲက ဘာမှမလုပ်ဘဲ ဖဒိုမန်းရှာ အိမ်အနီးက အာရှလမ်းမှာရှိတဲ့ ဘာမှမဆိုင်တဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံဖမ်းဆီး စစ်ဆေးနေတာတွေပဲ လုပ်နေခဲ့တယ်။ ကားနံပါတ်ကို သိပေမယ့် လိုက်လံပိတ်ဆို့တာတွေ မလုပ်ခဲ့ဘူး။

လူသတ်သမားတွေဟာ အေးအေးဆေးဆေးပဲ နောက်တနေ့ မနက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်ထဲက ထိုကောကိုး နေရာကို ပြန်ရောက်သွားကြတယ်။ ဒီလိုလုပ်ကြံမှုကို အဓိက စေခိုင်းသူက တပ်မဟာ(၇)မှူးဟောင်း ဗိုလ်ချုပ် ထိန်မောင်၊ သူက မွေးစားသားဖြစ်သူ ၉၉၉ တပ်ရင်းက ဗိုလ်မှူးကြီး ချစ်သူကို တိုင်ပင်တယ်။ ဗိုလ်ချစ်သူကလည်း လက်ခံပြီး ဒုရင်းမှူး ဗိုလ်မှူးဆံပြုတ်ကို စေလွှတ်ပြီး လုပ်ကြံမှုကို လုပ်ခိုင်းလိုက်တာပဲ။ သူတို့အားလုံးရဲ့ အထက်မှာ စစ်အုပ်စု ရှိနေတယ်။ မကြာသေးခင်က လုပ်ကြံမှုတွေမှာ ကရင်အမျိုးသားချင်း နားလည်မှုလွဲအောင် ဖန်တီးခဲ့တယ်။ ဗိုလ်ချစ်သူကို အားပေးမှုတွေ လုပ်ခဲ့တယ်။ ဖဒိုမန်းရှာကို ပစ်ခတ်ပြီးတဲ့နောက် နောက်ထပ် ပစ်မှတ်ထားတဲ့ သူတွေလည်း ရှိပါသေးတယ်။ သူတို့က ဗိုလ်မှူးမူတူးနဲ့ ဗိုလ်ဂျော်နီလို့ သိရတယ်။ ဖဒိုမန်းရှာကို ပစ်ခတ်နိုင်သူကို တပ်မဟာမှူးဟောင်း ဗိုလ်ထိန်မောင်က ဘတ် (၁)သန်းထိ အကုန်ခံပြီး ဆုချမယ်လို့ ပြောပြီးသားပါ။ ကရင်အချင်းချင်းတိုက်လို့ သေနေတော့ နအဖစစ်အုပ်စုက ကျည်ဆံမကုန်ဘဲ အမြတ်ရနေတယ်။ နောက်ဆိုရင် လက်တုံ့ပြန်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။

1 comment:

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

အချင်းချင်း သတ်ဖြတ်နေကြရုံနဲ့ ဘယ်သူမှ ကောင်းစားလာမှာ မဟုတ်ပါဘူး။ အဓိက ရန်သူကို အရင် ရှင်းဖို့က ပို အဓိက ကျပါတယ်။ လက်ရှိ ကျွန်တော်တို့ မြန်မာပြည်(ဗမာပြည်ကြီး)ရဲ့ အဓိက ရန်သူက စစ်အဆိုးရကို အရင်ဖြုတ်ချဖို့က သာအရေးကြီးပါတယ်။