ပေးပို့သူ - ရဲထွဋ်
… ဒီ့ပြင်လည်း တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ဆိုတဲ့ ပုဂ္ဂိုလ်တဦးဦးကို ဗန်းပြပြီး လာစေကာမူ၊ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။ ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှ မပြောလိုတော့ဘူး။ သို့သော်လည်း ခင်ဗျားတို့ ဒါမျိုး အလုပ်မခံချင်ရင်၊ ခင်ဗျားတို့ အကျိုးဖြစ်စေချင်ရင် ဒီလူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေကို ရှောင်ရှားကြပါ။ တိုင်းပြည်လွတ်လပ်ပြီး ခင်ဗျားတို့ အကျိုးတွေကို ထင်ထင်ရှားရှား ဘယ်သူမှ လက်တလုံးခြား မလိမ်နိုင်အောင် စီမံနိုင်မှ ခင်ဗျားတို့ အကျိုးရှိနိုင်မှာပဲ။ ကျုပ်နောက်ဆုံး သတိပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှ စိတ်မချနဲ့။ မလိမ်နိုင်အောင် ကြိးချည်ထားပါလို့ ပြောချင်တယ်။
(၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ ကန်တော်ကြီး နတ်မောက်လမ်းထိပ်အနီး နေသူရိန်ကပွဲရုံ၌ ကျင်းပသည့် မြို့လုံးကျွတ် လူထုအစည်းအဝေးကြီးတွင် မြွက်ကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် …)
* * * * * * * * * *
ရဲနိုင်မှ ဖြစ်မယ်
ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျနော်တို့တတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး။ အတိအကျ ဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ ကျနော်တို့တတွေ တွေဝေနေကြတယ်။ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ ထင်နေပါစေ။ ဘယ်သူက ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေ တွေးပြီး ကိုယ်ယုံတာက တမျိုး၊ လုပ်တာက တမျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်ရမယ့် လူတွေအနေနဲ့တော့ ပြဒါးတလမ်း သံတလမ်းပဲ။ … အဲဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုအကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြပေလိမ့်မယ်။ ချီတုံချတုံ အဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲရဲမင်းဖြစ် ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။
(၁၉၄၇ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေ (၆)နာရီ (၃၃)မိနစ် အချိန်တွင် ရန်ကုန်အသံလွှင့်ဌာနမှနေ၍ တိုင်းပြည်သို့ အသံလွှင့်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် …)
* * * * * * * * * *
တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်းပါ
… ကျနော် ဒါတွေကို ပြောနေရတာကလည်းပဲ ရှေ့ကို ဗမာပြည်ရဲ့အရေးကို လိုလားလို့ ပြောနေရခြင်းဖြစ်တယ်။ ကျနော်တို့ရဲ့ အဖို့မှာဆိုရင်၊ ဗမာပြည်လွတ်လပ်ရေးရတဲ့ တနေ့မှာ ကျနော်နိုင်ငံရေးက ထွက်ချင်ထွက်မှာပဲ။ ထွက်ဖို့လည်း စိတ်ကူးနေတယ်။ အဲဒီတော့ ကျနော် အတိအလင်းပြောချင်တာက ဗမာပြည်က လူငယ်တွေဟာ အရမ်းပဲ နိုင်ငံခြားကို အထင်ကြီးပြီးတော့ကာ ကိုယ်တာဝန်တွေကို မလုပ်ဘဲနဲ့၊ စကားများမနေဘဲနဲ့ မိမိတို့ နောင်ရေးကို မျှော်တွေးပြီး၊ ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာ တော်လှန်ရေးစကားတွေပြောတာ လျှော့ပြီးတော့ကာ ပြည်သူကို တကယ်အကျိုးပြုမယ့် တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။
(၁၉၄၇ ခုနှစ် ဧပြီလ (၁၇)ရက်နေ့ ညတွင် မြန်မာနှစ်သစ်ကူး မိန့်ခွန်းအဖြစ် တိုင်းပြည်သို့ အသံလွှင့်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် …)
* * * * * * * * * *
မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း၊ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ်၊ မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးဖြစ်ပါတယ်။ ကျနော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။ ဘာစောက်ကျင့်တခု ရှိသလဲဆိုရင်၊ ဒါကလည်းပဲ ကျနော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။
ဘာလဲဆိုတော့ ကျနော်တို့ ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတခုရှိတယ်။ လှေပြိုင်ပွဲ လုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကို နဲနဲရောက်တယ် ဆိုရင်ပဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့ နောက်ကနေတဲ့ လှေကလည်းပဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တက်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ် တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ်ရေးရရင်လည်း မြန်မြန် ကျွန်ပြန်ဖြစ်မှာပါပဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင်၊ ကျွန်မဖြစ်တဲ့တိုင်အောင် ခုနကလို ဖာသယ်လွတ်လပ်ရေး ဖြစ်နေမှာပဲ။
ဘယ်လိုလဲဆိုရင် အကျင့်က … အဲဒီလို နဲနဲလေး နိုင်လာတယ်၊ ရှေ့က သာလာတယ်ဆိုရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစင်းဟာ အဲဒီလို ရှေ့ကသာလာလို့ တက်ထောင်မိတာနဲ့ ပွဲတပွဲမှာ ရှုံးကို သွားတယ်။ အဲဒီလိုဖြစ်တယ်။ ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျနော်တို့ ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်က ပထမ စဂိုးသွင်းရတယ်ဆိုရင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့၊ ကန်တာနဲ့၊ ပြုတာနဲ့ နောက်တခါ အဲဒီလိုဖြစ်တဲ့အခါမှာ တော်တော်လေး ဂိုးလေးများလာတယ်ဆိုရင် လျော့လျော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာပဲဆိုပြီး အဲဒါနဲ့နေပြီး၊ တဘက်ကနေပြီး နောက်ဆုံးအပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ၊ ရှုံးတာဖြစ်ဖြစ် ဖြစ်သွားတာမျိုးလည်း ကျနော်တို့ ဘောလုံးပွဲရာဇ၀င်မှာ ခင်ဗျားတို့ ပြန်စဉ်းစားရင်တော့ တွေ့မှာပဲ။ ဒါတင် မကသေးဘူး၊ ဒီရှုံးသွားတဲ့ လူကလည်း ဘောလုံးကန်လို့ရှိရင် ပထမပိုင်းမှာ၊ နာရီဝက်မှာ ရှုံးသွားရင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယနာရီဝက်မှာ ကန်လို့ (၁၀) မိနစ်လောက်ကြာတော့ ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင်၊ အဲဒီအခါကျရင် လူကိုချတယ်။ ဒါ ကျနော်တို့ဗမာတွေ ဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။ အဲဒါ sporting spirit မရှိဘူး ။ ဒါဘာလဲ ဆိုလို့ရှိရင် “ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။
ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။” ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ- ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။ အဲဒီတော့ကာ ကျနော်တို့ အဲဒီစိတ်ဓာတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့ လိုတယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲ လုပ်လုပ်၊ နောက်ဆုံးတနေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။
(၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမကြီး၌ ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းထဲမှ ကောက်နုတ်ချက် …)
No comments:
Post a Comment