Saturday, February 2, 2008

သီးလေးသီး ဆေးရောင်စုံအငြိမ့် မဲဆောက်တွင် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံ

သီးလေးသီး ဆေးရောင်စုံအငြိမ့် မဲဆောက်တွင် ခြိမ့်ခြိမ့်သဲ အောင်ပွဲခံ
သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၈)နာရီက မဲဆောက်မြို့ မယ်တော်ဆေးခန်းဝင်းအတွင်း၌ ဇာဂနာနှင့် မြပုဏ္ဏမာ မိသားစု၏ သီးလေးသီး ဆေးရောင်စုံအငြိမ့် ကပြဖျော်ဖြေရာ ပရိသတ် (၃၀၀၀)ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ လူရွှင်တော် ဂေါ်ဇီလာဦးစီးပြီး လူရွှင်တော် စိန်းသီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုး၊ ရှေ့ထွက်မင်းသမီး မြစပယ်ငုံတို့ ပါဝင်သည့် သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားများသည် ဘန်ကောက်မြို့မှ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လည် (၁၁)နာရီကားဖြင့် ထွက်ခွာလာရာ ည(၇)နာရီခန့်တွင် မဲဆောက်မြို့သို့ ရောက်ရှိလာသည်။ မဲဆောက်မြို့ရှိ မြန်မာပရိသတ်က ညနေ(၄)နာရီခန့်မှ စတင်၍ မိုးထဲလေထဲမှာပင် အငြိမ့်ကြည့်ရှုရန် တခဲနက် စောင့်ဆိုင်းနေသည့်အတွက် သီးလေးသီးအဖွဲ့သည် ခရီးရောက်မဆိုက် ဇာတ်တိုက်ချိန်ပင် မရလိုက်ဘဲ ရေမိုးချိုးပြီး စင်ပေါ်တက်ကာ ဖျော်ဖြေခဲ့ရသည်။

ပထမဦးစွာ အငြိမ့်အဖွဲ့သားများစုံညီ ရောက်ရှိမလာမီ လူရွှင်တော် ပန်းသီးနှင့် ဇီးသီးတို့ အရင်ရောက်ရှိလာပြီး မိုးထဲလေထဲတွင် စောင့်ဆိုင်းနေသည့် ပရိသတ်ကို ပွဲထိန်းသည့်အနေဖြင့် စင်ပေါ်တက်ကာ ပြက်လုံးများဖြင့် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့သည်။ အငြိမ့်အဖွဲ့သားအားလုံး ရောက်ရှိလာသည့်အခါ စင်ပေါ်သို့ စုံညီတက်ရောက်ပြီး ပရိသတ်ကို ဦးစွာနှုတ်ဆက်သည်။ ထို့နောက် အ၀တ်အစားလဲကာ ဇာတ်တိုက်ထားခြင်း မရှိသည့် မဲဆောက် စိန်ဘယ်ကျော်ဆိုင်းဝိုင်းနှင့် စတင်ကပြဖျော်ဖြေပါသည်။

ကပြအသုံးတော်ခံသည့် အငြိမ့်အစီအစဉ်တွင် ပထမဦးစွာ အဖွဲ့သားအားလုံးက “ဗမာ့သူရဲကောင်း” သီချင်းကို သံပြိုင်သီဆိုပြီးနောက် လူရွှင်တော် ဂေါ်ဇီလာက “နဂါးနီ”၊ လူရွှင်တော် ပန်းသီးက “မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်”၊ ခေါင်းဆောင်မင်းသမီး ချောစုမျိုးက “ချမ်းမြေ့ပါစေ”၊ လူရွှင်တော် စိန်သီးနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုးတို့က “ငယ်ကျွမ်းဆွေ”၊ လူရွှင်တော် ကြယ်သီးနှင့် ချောစုမျိုးက “ဦးရွှေရိုးနှင့် ဒေါ်မိုး”အက၊ လူရွှင်တော် ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့က “ကရင်ဒုံးယိမ်း”အက တို့ဖြင် သီဆိုကပြ ဖျော်ဖြေကြသည်။ ထို့နောက် အငြိမ့်ခန်းအစီအစဉ်တွင် ရှေ့ထွက်မင်းသမီး မြစပယ်ငုံ၊ ခေါင်းဆောင်မင်းသမီး ချောစုမျိုးတို့၏ အကအလှများ၊ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်းသီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့၏ ဟာဒယရွှင်ဆေး တိုက်ကျွေးမှုများကို ပရိသတ်များ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသည်။ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံနှင့် ပတ်သက်သည့် ပြက်လုံးများကို ပရိသတ်များ အထူးနှစ်ခြိုက် အားပေးခဲ့ကြပြီး အဆိုပါ ပြက်လုံးခွင်များထဲမှ လူရွှင်တော် ကြယ်သီး၏ “သိတယ်၊ မပြောဘူး အောင့်ထားတယ်” နှင့် ဖြူဖြူကျော်သိန်း၏ ညီမ မဲမဲဇီးသီး၏ “ကျေးဇူးတင်ပါတယ်” ဆိုသည့်စကားများ ပရိသတ်နှုတ်ဖျားတွင် ရေပန်စားခဲ့သည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး အရေးတော်ပုံစိတ်ဓာတ် သွေးအေးမသွားအောင် လာရောက် သွေးနွှေးပေးသည့် သီးလေးသီး ဆေးရောင်စုံအဖွဲ့သားများကို လွတ်မြောက်နယ်မြေ ပရိသတ်များ အထူးကျေးဇူးတင်ရှိနေကြကြောင်း ကြားသိရသည်။

လွတ်မြောက်နယ်မြေ မီဒီယာများသို့ အင်တာဗျူးဖြေကြားနေသည့် သီးလေးသီးအဖွဲ့သားများ‘SAW’ ကလေးများစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်လည်ပတ်ကြသည့် သီးလေးသီးအဖွဲ့သားများ

No comments: