Tuesday, January 8, 2008

ဆက်သွယ်မှုဧရိယာ ပြင်ပကို ရောက်ရှိမနေပါ

ဆက်သွယ်မှုဧရိယာ ပြင်ပကို ရောက်ရှိမနေပါ
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

စက်တင်ဘာအရေးအခင်း ပြီးခါစက စစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဖမ်းမိတဲ့ သူတွေဆီက ရတဲ့လက်နက် တွေဆိုပြီး လေးခွတွေနဲ့ လက်ကိုင်ဖုန်းတွေကို ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

လေးခွတွေကြောင့် စစ်အစိုးရဖက်က လူတွေ နဖူးကွဲ မကွဲ မသေချာပေမယ့်၊ လက်ကိုင်ဖုန်းတွေကြောင့်တော့ သူတို့ အလဲအကွဲ ဖြစ်ခဲ့ရတာ သေချာတယ်။ ဒါကြောင့် စစ်အစိုးရက လက်ကိုင်ဖုန်းတွေကို ပြည်သူတွေဖက်က လက်နက်တခုအဖြစ် ကြောက်နေကြတာ၊ ပြည်သူလူထုဆီမှာ တယ်လီဖုန်းတွေ ပေါပေါများများရှိမှာ မလိုလားကြတာ ဖြစ်ပါတယ်။

ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါရဲ့။ ပြည်သူလူထုဆီမှာ ဒီလောက် အရေအတွက် နည်းနည်းလေးပဲ ရှိတဲ့ကြားက၊ စက်တင်ဘာ အရေးတော်ပုံကြီး တခုလုံးကို ကမ္ဘာကသိအောင် ဒီဖုန်းကလေးတွေက အထောက်အပံ့ ပေးနိုင်ခဲ့တာကိုး။ ဒီတော့ သူတို့က ပြည်သူလူထုကို ဖုန်းကိုင်ခွင့် ဖုန်းပြောခွင့် နည်းနိုင်သမျှ နည်းအောင် ချုပ်ကိုင်ထားချင် တော့တာပေါ့။

တကယ်တော့ ဖုန်းဆိုတာ ပြည်သူလူထုအတွက် မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတခုပါ။ လက်ကိုင်ဖုန်းဆို ပိုတောင် အရေးပါပါတယ်၊ လူတိုင်း သိပြီးသားပါ လက်ကိုင်ဖုန်း တလုံးကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းသက်သာတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ စီးပွားရေးသမားတွေ၊ သတင်းစာဆရာတွေအတွက် ဖုန်းရှိမှ အဆင်ပြေနိုင် မယ့် ကိစ္စတွေရှိပါတယ်လို့ ရန်ကုန်က စီးပွားရေးသမား တဦးကပြောပါတယ်။

“အထူးသဖြင့် သတင်းထောက်တွေမှာ လက်ကိုင်ဖုန်းတွေ ရှိထားသင့်ပါတယ်၊ တနေ့တနေ့ လူပေါင်းများ စွာနဲ့ တွေ့ဖို့ဆိုတာ မလွယ်ပါဘူး၊ တချို့အရေးမကြီးတဲ့ အင်တာဗျူးတွေ ဖုန်းနဲ့ လုပ်နိုင်သလို၊ ဖုန်းမရှိလို့ ကိုယ်တွေ့ချင်တဲ့သူနဲ့ မတွေ့ရတာမျိုး နီးလျက်နဲ့ ဝေးတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့” လို့ သူက ဆက်ပြောတယ်။

နောက်ပြီး လူတွေအတွက် သာရေးနာရေး ကိစ္စတွေကို ဖုန်းမရှိလို့ မသိမမီလိုက်တာတွေ ရှိပါသေးတယ်။ စီးပွား ရေးကိစ္စတွေ ဆိုရင်လည်း လူကိုယ်တိုင် သွားနေစရာ မလိုဘဲ ဖုန်းလေးနဲ့ အဆင်ပြေမှာသိလျက်နဲ့ ဖုန်းမရှိလို့ အလုပ်မဖြစ်တာတွေလည်း အများကြီးပါပဲ။ တချို့ပစ္စည်းတွေဆို အိမ်မှာထိုင်ရင်း ဈေးစုံစမ်းပြီး ကိုယ်နဲ့အဆင် ပြေမှ သွားဝယ်ရုံဆိုတော့ စိတ်ရောလူပါ မပင်ပမ်းတော့ဘူးပေါ့။

“ဆက်သွယ်ရေးဆိုတာ စစ်အစိုးရအတွက် သေမလောက် ကြောက်ရတဲ့ လက်နက်ဆိုတော့ လက်ကိုင်ဖုန်းတွေဟာ မြန်မ ပြည်သူ လူထုအတွက် ဇိမ်ခံပစ္စည်းတွေ အလိုလို ဖြစ်ကုန်တာပါလို့” ကုမ္ပဏီတခုရဲ့ မန်နေဂျာ တဦးက ပြောပါတယ်။ သူက ဖုန်းလျှောက်တဲ့သူ တော်တော်များများဟာ ပေါက်ရင်ကိုင်ဖို့ထက် ရောင်းစားဖို့က အဓိကဖြစ်နေပြီး လက်ကိုင်ဖုန်းဆိုတာ ပိုက်ဆံချမ်းသာတဲ့ လူတန်းစားတရပ် အတွက်သာ ဖြစ်နေတာကတော့ မထူးဆန်းတော့သလိုပဲ လို့ ဆက်ပြောပါတယ်။

ဖုန်းမကိုင်နိုင်တဲ့ သူတွေကတော့ “ဘ၀ကံ အကျိုးပေးနည်းခဲ့ကြလို့ ဖုန်းမကိုင်နိုင်ကြတာပဲ” လို့ ဖြေသိမ့်နိုင်ကြရှာပေမယ့် တချို့ မြန်မာပြည်ရဲ့ အပြင်ဘက်ကို ခြေတလှမ်းလောက် ထွက်ဖူးသူတွေကတော့ လက်ကိုင်ဖုန်းဆိုတာ လမ်းဘေး ဈေးသည်ကအစ ကိုင်နေကြတဲ့ မရှိမဖြစ် လူသုံးကုန်ပစ္စည်းတမျိုး ဆိုတာ သိလာရတော့ တော်တော်လေး ရင်နာကြရပါတယ်။

“စစ်အစိုးရက ဆက်သွယ်ရေးကို ကန့်သတ်ချင်တာလား၊ စီးပွားရေးကို လူနည်းစုအတွက်ပဲ ချုပ်ကိုင်ချင်တာလား ဆိုတာကတော့ စဉ်းစားရခက်တယ်ဗျ ။ ဒါပေမယ့် သေချာတာကတော့ တချက်ခုတ်၂ချက် ပြတ်ဆိုသလို ကန့်သတ်ရင်း သူတို့လူနည်းစု စီးပွားဖြစ်နေတာတော့ အမှန်ပဲ” လို့ ကုမ္ပဏီမန်နေဂျာက ဆက်ပြောပါတယ်။

ဖုန်းတွေကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နီးစပ်သူတွေ၊ စစ်အစိုးရ လူကြီးပိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို တနင့်တပိုး ချပေးပြီးမှ အပြင်လူတွေကို အရိုးအရင်းလောက် ချပေးတာလို့ ဆက်သွယ်ရေး ဝန်ထမ်းတွေဆီက သိရပါတယ်။ အရိုးအရင်း ဆိုတာတောင် သူ့ဈေးက မသေးဘူး၊ အစိုးရဈေးနဲ့ရတဲ့ ဖုန်းတလုံးအတွက် ဆင်းမ်ကတ်တကတ်ရဲ့တန်ဖိုးက ဟန်းဆက်မပါဘဲနဲ့ ကျပ်၁၅ သိန်း ၅ သောင်းလို့ ဆိုပါတယ်။

ဆင်းမ်ကတ်တကတ်တန်ဖိုးက ထိုင်းမှာ ဘတ်၂၅၀ (၈ဒေါ်လာခန့်)၊ စင်ကာပူမှာဆို စင်ကာပူဒေါ်လာ ၂၀၊ ၂၅ ၀န်းကျင်၊ တောင်အာဖရိက ကင်ညာမှာ ၁ဒေါ်လာပဲ ရှိတယ်လို့ နိုင်ငံရပ်ခြားကို ခရီးမကြာခဏ ထွက်နေသူ တဦးက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ခြောက်လလောက်ကဆို ဆင်မ်ကဒ်အတွက် စစ်အစိုးရကို သွင်းဈေးက ကျပ် ၁၀သိန်း ၅ သောင်း ဖြစ်ပါတယ်၊ ခုနောက်ပိုင်းကျမှ ဘတ်ဂျက် မပြည့်မီလို့ဆိုပြီး ကျပ် ၅သိန်း ထပ်တိုးကောက်တာလို့ ဆက်သွယ်ရေး ဝန်ထမ်းတဦးက ရှင်းပြပါတယ်။ ဘယ်ဘတ်ဂျက်က ဘယ်လိုမပြည့်မီလဲ ဆိုတာကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ပဲ ပြောနိုင်မယ် ထင်ပါရဲ့။

မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆိုတာကို ၁၈၈၄ခုနှစ်မှာ စမြင်ဘူးကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်က တယ်လီဖုန်းဆိုတာ ပေါ်ပြီး ရှစ်နှစ်ပဲ ရှိပါသေးတယ်။ ဆယ်လူလာဖုန်းတွေကိုတော့ ၁၉၉၃ခုနှစ်မှာ စကိုင်ဖူးကြပြီး ၁၉၉၈ ခုနှစ်မှာ လူတွေ ခြင်းဖုန်းလို့ အလွယ်ခေါ်တဲ့ စီဒီအမ်အေဖုန်းတွေ ပေါ်လာပါတယ်။

အခုလက်ရှိ အသုံးပြုနေကြတဲ့ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွေကတော့ ၂၀၀၁ခုနှစ်မှာ စတင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ဂျီအက်စ်အမ် ဖုန်းအရေအတွက် ၂၃၀၀၀၀ ဝန်းကျင် ချပေးပြီးပြီ ဆိုတာကို မြန်မာ့ဆက်သွယ်ရေးရဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာပြည် လူဦးရေနဲ့ နှိုင်းယှဉ်ရင် အပုံပေါင်း ၂၆၀၀ပုံမှာ တပုံပဲ လက်ကိုင်ဖုန်း သုံးနိုင်တာ ဖြစ်ပါတယ်။

ဂျီအက်စ်အမ် ဟန်းဖုန်းတွေ စချပေးတဲ့ အချိန်က စစ်အစိုးရနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းမှာ ဖုန်းတွေမလိုချင် အဆုံး မိသားစုတစုမှာ ရှိသမျှ လူအရေအတွက်အတိုင်း ဖုန်းတွေရကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ကြားသိရပါတယ်။
စစ်အစိုးရရဲ့ မျက်နှာသာပေးခြင်းကို ခံရတဲ့ မိသားစုဝင်တွေ သောက်သောက်လဲ ဖုန်းရကြပြီး ရတဲ့ဖုန်းတွေကို ပြန်ရောင်းကြတော့ မြန်မာပြည်ရဲ့ ဆက်သွယ်ရေးဝန်ထမ်း အရေခြုံထားတဲ့ ဖုန်းပွဲစားတွေပဲ ပွပေါက်တိုးပြန်တယ်လို့ သိရတယ်။

“အဲဒီအချိန်က ဖုန်းတလုံး အပြင်ပေါက်ဈေးက ကျပ်သိန်း ၃၀နဲ့ ၃၅သိန်း ကြားမှာရှိတော့ သွင်းဈေး ကျပ်၁၀သိန်း ၅သောင်း နှုတ်ပြီးရင် ဖုန်းတလုံးကို အမြတ်ကျပ်သိန်း၂၀ လောက်ကျန်ပါတယ်” လို့ ဖုန်းပွဲစားတဦးက ပြောပြ ပါတယ်။ ဖုန်းပွဲစားတွေကတော့ တင်ရိုက်တာကော နှစ်ဖက်ခွ ကြိတ်တာကော လည်ရင်လည်သလို စားကြရတယ် လို့ဆိုပါတယ်။

စစ်အစိုးရရဲ့မျက်နှာသာပေးတာ ခံရတဲ့သူ ဆိုတာကလည်း ရှင်းပါတယ် ၀န်ကြီးရဲ့ လက်မှတ်တစ်ခုရဖို့၊ ဘာပေးရင် ရမယ်ဆိုတာ သိထားသူတွေပါ။ အဲဒီလို အဆင့်ဆင့် ကြီးပွားချမ်းသာကြပြီး ၀အီနေတော့မှ နောက်တဆင့် အနေနဲ့ ပြည်သူထဲက ဖုန်းလျှောက်သူတွေကို ချပေးတာပါ။ ခုတော့ လက်ကိုင်ဖုန်း ပြန်ရောင်းစားမယ်ဆိုရင်၊ အမြတ် ကျပ် ၁၀သိန်းပဲ ရမှာဖြစ်ပြီး အဲဒီထဲက ပွဲခနှုတ်၊ ဆောင်ရွက်ပေးတဲ့ ၀န်ထမ်းတွေကို လက်ဖက်ရည်ဖိုးပေး၊ တခြားအသေးစား ကုန်ကျတာတွေ နှုတ်လိုက်ရင် ကျပ် ၆သိန်း၊ ၇သိန်းကျန်ရင် ကံကောင်းလို့ သိရပါတယ်။

ဖုန်းပွဲစားတွေလည်း ခုတလော အမြတ်ငွေ သိပ်မကျန်တော့ဘူးလို့ ညည်းပါတယ်။ ဖုန်းဈေးကို လူတွေက သိနေပြီ ဆိုတော့ သူတို့ သိပ်တင်ရိုက်လို့ မရတော့ပါဘူး။ ပွဲခ ကျပ်သုံးလေးသောင်း လောက်နဲ့ပဲ ကျေနပ်ကြရတယ်လို့ ဆက်သွယ်ရေး ၀န်ထမ်းလည်းဖြစ် ဖုန်းပွဲစားလည်း လုပ်နေသူ တဦးက ပြောပါတယ်။

တချက်ခုတ်နှစ်ချက်ပြတ် ဇာတ်လမ်းလေးပြန်စရရင် သူတို့လူနည်းစုအတွက်လည်း တွက်ခြေကိုက် ပြည်သူအများစုကိုလည်း ဆက်သွယ်မှုခက်အောင် လုပ်ရာရောက်ဆိုသလိုပါပဲ။ အဲဒီတော့ ဖုန်းတန်ဖိုးတွေ များနေတာ၊ သူတို့ လူနည်းစုရဲ့ အိတ်ထဲကို ထည့်နေတာကိုလည်း အကြောင်းပြချက် ကောင်းကောင်းပေးပြီးသားဖြစ်သွားပါတယ်။

နောက်တခုကတော့ ဆက်သွယ်ရေးက အောက်ခြေ ၀န်ထမ်းတွေ ပြောပြတာပါ။ သူတို့တွေခမျာ ဆက်သွယ်ရေး ၀န်ထမ်းဆိုတဲ့ အမည်ခံပြီး ဖုန်းမရှိတာပါပဲ။ ဖုန်းမရှိတာမှ လိုင်းဖုန်းကော လက်ကိုင်ဖုန်းပါ မရှိတာပါ။ လိုင်းဖုန်းပေးမယ်ကြားလို့ ၀င်လျှောက်ပြန်တော့လည်း သက်ဆိုင်ရာမြို့နယ်က အာဏာရှိတဲ့ သူတွေနဲ့ နီးစပ်သူတွေသာ ရသွားလို့ သူတို့ခမျာ လှေလှော်ရင်း ရေငတ်နေရတယ်လို့ ဆိုပါတယ်။

အဲဒီလို မြန်မာပြည်ကြီးက ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေရာကနေ ကြံဖန်ပြီး အရေးပါတဲ့ ဖုန်းလက်နက်ကို အသုံးချလိုက်နိုင်တော့ စစ်အစိုးရ တော်တော် အကြပ်ရိုက်သွားပုံ ရပါတယ်။ သူတို့အနေနဲ့ တနိုင်ငံလုံးက ဖုန်းတွေကို ဘယ်လိုကြပ်မလဲ ဆိုတဲ့ကိစ္စက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။

အခုဆို ဦးသန်းရွှေကိုယ်တိုင် ရတနာပုံ အိုင်တီစီးတီး ဆိုတာကို လှည့်လည် စစ်ဆေးနေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအချို့မှာလည်း ဆက်သွယ်ရေး ကောင်းမွန်ဖို့ဆိုပြီး ဧရိယာတိုင်သစ်တွေ ထောင်နေပါ တယ်။ အခုထိကတော့ ဖုန်းဆက်လိုက်တိုင်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်တယ် ပြောလိုက်၊ မအားသေးပါ ပြောလိုက်၊ စက်ပိတ်ထားပါတယ် ပြောလိုက်၊ ခေါ်နေကြဖုန်းကိုပဲ တပ်ဆင်ထားခြင်း မရှိသေးပါ ပြောလိုက်နဲ့ လုံးဝ မရိုးရအောင် အဖြေတွေ ပေးနေတုန်းပါပဲ။

ရန်ကုန်က အင်တာနက် အသုံးပြုသူတွေကတော့ ရတနာပုံ အိုင်တီစီးတီးပြီးမှ အင်တာနက် ဆက်သွယ်ရေးတွေ အရင်ထက် ပိုခက်တယ်လို့ ပြောပါတယ်။ အင်တာနက် ဆိုင်တွေမှာလည်း မထင်ရင် မထင်သလို အစောင့်တွေ ချထားတယ်လို့ အင်တာနက် ဆိုင်တဆိုင်က ဝန်ထမ်းလေး တယောက်က ပြောပြပါတယ်။

သူတို့ အင်တာနက်ဆိုင် ဝန်ထမ်းတွေကတော့ စားသုံးသူ အလိုကျ ဝက်ဘ်ဆိုက်တွေကို ဟိုက ကျော်ဝင်ပေး၊ ဒီက ကျော်ဝင်ပေးနဲ့ တနေ့ထက်တနေ့ ပိုပိုပြီး ကျွမ်းကျင်လာတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုပြီးလည်း ပြောနေပြီ၊ အိုင်တီစီးတီးတွေ ဘာတွေလည်း အော်နေပြီဆိုတော့ ဆက်သွယ်ရေးကိစ္စကို ကြောက်ပေမယ့် မလုပ်မဖြစ် လုပ်ပြရဦးမှာပါ။ ဒါပေမယ့် တယ်လီဖုန်းတွေ ဈေးပေါဖို့ကတော့ မမျှော်လင့်ပါနဲ့။

“ သူများနိုင်ငံတွေက ဖုန်းကို ဈေးပေါပေါနဲ့ လူတိုင်းကိုင်နိုင်အောင် လုပ်ပြီး ဖုန်းပြောခ ယူတဲ့စနစ်နဲ့ ရေရှည်စီမံကိန်း လုပ်နေချိန်မှာ မြန်မာစစ်အစိုးရကတော့ တနေ့တလုံး ရွှေဥဥပေးမယ့် ငန်းကြီးကို တထိုင်ထဲ သတ်ပြီး ကင်စားရင်း အဲဒီအရသာကို တော်တော်လေး သဘောကျနေပုံရတယ်” လို့ ထိုင်းနိုင်ငံကို စီးပွားရေး ကိစ္စတခုနဲ့ ရောက်နေတဲ့ ရန်ကုန်သားတဦးက ပြောပါတယ်။

ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဒီလောက် ကန့်သတ်ထားတဲ့ ကြားက ဖုန်းတွေက သူတို့အတွက် လက်နက်တွေ ဘာကြောင့် ဖြစ်နေတယ် ဆိုတာပါပဲ။ ဒါကတော့ ရှင်းပါတယ် ပြည်သူတရပ်လုံးက အခွင့်အရေး ရရင်ရသလို အချင်းချင်း သတင်းတွေပို့၊ ဖုန်းတွေခေါ်၊ ပြည်ပမီဒီယာတွေကို ဆက်သွယ် ဖြေကြားပေးနေလို့ ဆိုတဲ့ အဖြေတခုပဲ ရပါတယ်။

သူတို့ရဲ့ အဆိုအရ သတင်းပေးတွေ ပြည်ပအားကိုးတွေ ဘယ်သူလဲလို့ လိုက်ရှာနေမယ် ဆိုရင်တော့ တော်တော် သနားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို သတင်းပေးပို့သူတွေဟာ တနိုင်ငံလုံးက ပြည်သူတွေ ဖြစ်နေလေတော့ သူတို့ ဘယ်ဖုန်းတွေကို စောင့်ကြည့် စစ်ဆေးမှာတဲ့လဲ၊ သူတို့အများဆုံး စောင့်ကြည့်မှာက နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နာမည်ရှိနေတဲ့ သူတွေလောက်ပဲ ဖြစ်မှာပါ။

တကယ်လည်း သူတို့ မသင်္ကာတဲ့ သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ပိတ်ထားခဲ့တယ်။ နိုင်ငံရေး သမားတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ သတိလွတ်သွားတာက ပြည်ပကို သတင်းပေးနေတာ နာမည်ရှိ သူတွေချည်းပဲ မဟုတ်ဘူး။ တကယ့် ပြည်သူထဲက ပြည်သူတွေပါ။ အဲဒီလို သတ္တိရှိရှိနဲ့ သတင်းပေးသူတွေကြောင့်ပဲ ပြည်ပမီဒီယာတွေက အဖြစ်မှန်အတိုင်း ကမ္ဘာကို ချပြနိုင်ခဲ့တာပါ။

စစ်အစိုးရဘက်ကတော့ ပြင်ဆင်နိုင်သမျှ ပြင်ဆင်နေပါတယ် နောက်တကြိမ် အရေးအခင်း ထပ်ဖြစ်ရင် ဖုန်းတွေကို ဘယ်လို တားဆီးမလဲ ဆိုတာကိုလည်း ကြံစည်နေမှာ သေချာပါတယ်။ ပြည်သူလူထုကလည်း ရတဲ့နည်းနဲ့ ဖြစ်တဲ့နည်းကိုသုံးပြီး ဆက်သွယ်ကြဦးမှာပါပဲ။ တချိန်တည်းမှာပဲ စစ်အစိုးရကလည်း ဖြတ်တောက် ပိတ်ပင်တားဆီးဦးမှာပဲ။

၈၈ အရေးအခင်း ကာလက နည်းပညာတွေ ဒီလောက် မထွန်းကားသေးတော့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာက မြင်အောင် မပြနိုင်ခဲ့ပါဘူး။

“ရေလို စီးဆင်းနေတဲ့ နည်းပညာကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ မြန်မာနိုင်ငံထဲကို ပင်လယ်ကြီးလောက် မဝင်ရင်တောင် ချောင်းငယ်လေးလောက်တော့ ဝင်နေပါပြီ နည်းပညာဆိုတာ အစိုးရလက်ထဲမှာပဲ ရှိတာမဟုတ်ဘူး ပြည်သူလူထု လက်ထဲမှာလည်း ရှိနေတယ်ဆိုတာ မေ့လို့မရပါဘူး” လို့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်တဦးကပြောတယ်။

၈၈ သပိတ်ကာလက အော်ခဲ့တာလေးကို ပြန်သတိရမိသေးတယ် “တို့အားလုံးကို ဖမ်းချင်ရင် မြန်မာပြည်ကို တံတိုင်းခတ်လိုက်” ဆိုတာလေးပါ။ ခုတော့ ပြောင်းအော်ရမလို ဖြစ်နေပြီ “တို့အားလုံးကို တုံးစေချင် တပြည်လုံးက ဖုန်းတွေ ဖြတ်လိုက်” လို့သာ အော်လိုက်ချင်ပါတော့တယ်။ ။

No comments: