Sunday, January 27, 2008
တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊ အပိုင်း - ၄)
“ဟကောင် လဒမှိုင်းမိသလိုပဲ ဘာဖြစ်နေတာလဲကွ”
“ဟေဒီလိုပါပဲကွာ” ဟု ကျနော် လေးပင်စွာ ပြန်ဖြေလိုက်မိရင်း ချစ်ရသူ၏ ဓာတ်ပုံလေးတစ်ပုံတောင် မတောင်းခဲ့မိသည့် ကိုယ့်ညံ့ဖျင်းမှုအား အပြစ်တင်လိုက်မိ၏ ။ တကယ်တော့ ကျနော် ဓာတ်ပုံတောင်းဖို့ သတိရပါသည်။ သို့သော် ကျနော်မတောင်းဖြစ်ခဲ့။ ကျနော်များ တိုက်ပွဲကျလို့ ကျနော့်အလောင်း ရန်သူရသွားခဲ့လျှင် ပြီးတော့ နန်းယဉ်ဓာတ်ပုံလေး ရန်သူများရသွားခဲ့လျှင်ဟူသော စိုးရိမ်စိတ်များ၊ နောက်ပြီး ကိုယ်တိုက်ပွဲကျပြီးချိန်တွင် ချစ်သူအား ရန်သူက သွားရောက် မတရားပြုမည့်ရန်မှ ဝေးစေရန် ရည်ရွယ်ချက်ဖြင့်လည်း မတောင်းရက်ခဲ့ခြင်းဖြစ်သည်။
“ငါပြောတယ် … အစကတည်းက၊ ငါတို့တွေ ရှေ့တန်း ပြန်မထွက်ခင်ကတည်းက ခဲပုပ်ရေ သောက်ထားသင့်တယ်လို့၊ ခုတော့ ဒီကောင့်ဖင် ဖျာတော့ မကပ်ဘူး၊ ရင်ထဲတော့ ချိန်ကိုက်ဗုံးတစ်လုံး ထည့်ယူလာပြီ ငါ့နှယ်” ဟု တပ်ရင်းမှူးက ပြောလေသည်။ ကျနော်တို့ ထိုင်နားနေကြသော ထင်းရူးပင်ကြီး၏ ပင်စည်အား သူ့ဓားမြှောင်ဖြင့် ဖဲ့ထုတ်ကာ ထင်းရူးဆီချောင်းများ လုပ်ရင်း ပြောနေခြင်းဖြစ်၏။
* * * * * * * * * *
ကျနော်တို့ တောထဲတွင် ဒီညစခန်းချကြမည်။ တိမ်တွေ မှိုင်းညိုနေ၏။ မိုးခြိမ်းသံတွေ တောင်နံရံဖြင့် ပဲ့တင်ထပ်နေသည်မှာ တော်တော်နှင့် မရပ်တတ်။ လေပြင်းရိုင်းသည် ကဆုန်စိုင်းကာ တောင်တံတိုင်းတို့ပေါ်တွင် ပြေးလွှားနေ၏။ ပင်မြင့်သစ်ခွတို့ ပွင့်လျှက် … ကျေးငှက်တို့ ကသုတ်ကရက် ပျံသန်းအိပ်တန်း ရှာလျက် ကျနော်တို့ ယာယီတဲလေးတွေ တောင်ကုန်းပေါ်မှာ ထိုးကြ၏။
တောင်ခြေ ချောင်းကလေးက ရေကိုခပ်လာကြသည့် တပ်စိတ်ကခပ်လာ၏။ ထမင်းချက်သူများက ချက်ကြ၏ ။ တောင်ကျောကုန်းတလျှောက် စစ်ရောင် ယာယီတဲလေးများ အစီအရီဖြင့် ရေဒီယိုသံလေးများ ကြားရ၏။ စကားပြောသံ၊ ရယ်သံ၊ ခပ်တိုးတိုး သီချင်းဆိုသံ၊ ထမင်းအိုး ဆူပွက်သံ၊ ဟန်းကော လှန်သံ၊ မီးခြစ်ခြစ်သံ အသံအားလုံးတို့ ခပ်ပါးပါး ရောထွေးလျက် …။ မည်သည့် ရိုက်ခတ်မှုကြောင့်မှ မဟုတ်သော အသံတစ်ခုသည် ဆောင်းသံစဉ်လို ကျနော့်နားထဲသို့ ကြည်ကြည်လင်လင် သဲ့သဲ့ တိုးဝင်လာ၏။
“အကို့ကို ချစ်တယ်အကို”
* * * * * * * * * *
ကျနော် ဘေးလွယ်အိတ်လေးထဲမှ ဗလာစာအုပ်လေးနှင့် ဘောပင်လေးထုတ်ကာ ၀ါးစားပွဲလေးပေါ်တွင် နန်းယဉ်ကို သိပ်လွမ်းသည့် အကြောင်း၊ တောပန်းတောင်ပန်းတွေ ဝေပြီး စစ်ဖိနပ်သံတွေ သဲ့သဲ့နှင့် ကျေးငှက်သံ တောင်ရိုင်းလေပြေသံ တို့မှလွဲ၍ ပကတိ အသံကင်းမဲ့သော တောကြီးအလည်တွင် စစ်ကြောင်းသွားရင်း နန်းယဉ် မျက်နှာလေးအား မျက်လုံးထဲတွင် တ၀ဲလည်လည် မြင်မိကြောင်း စီကာပတ်ကုံး ရေးနေမိသည်။ သို့သော် “အော် ငါ့စာလေး သူမှ မဖတ်တတ်တာပဲလေ” ဆိုသည့် အသိက ဆက်ရေးနေသော စိတ်ကို လေးပင်စေ၏။ သို့သော် ကျနော်ဆက်ရေးကာ အဆုံးတွင် နန်းယဉ်ကို သိပ်ချစ်တဲ့အကို … ဟု အဆုံးသတ်ပြီး စာအိတ်လေးထဲထည့်ကာ မနန်းယဉ်၊ ……… ရွာ၊ ပေးပို့သူ ကျေးဇူးတင်၏ဟု ရေးလိုက်ကာ ဘေးလွယ်အိတ်လေးထဲ ပြန်ထည့်လိုက်၏။
ရှေ့ရွာရောက်လျှင်တော့ ရွာသားတစ်ယောက်ယောက် လက်ထဲအပ်လိုက်မည်။ ကျနော်တို့ တော်လှန်ရေး ဒေသတွင် စာပို့သမားမရှိပါ။ လိပ်စာ အတိအကျမရှိပါ။ လူကြုံဖြင့်သာ လက်ဆင့်ကမ်း ပေးသွားကြရခြင်းဖြစ်၏။ ရောက်ဖို့ ကျိန်းသေသော်လည်း ဘယ်အချိန် ရောက်သွားလိမ့်မည်ကိုတော့ မသိနိုင်။ အာမခံချက်မရှိ။ တခါတရံ မြန်တတ်သလို တခါတရံလည်း ကြာတတ်၏။
ရွာသားများမှ ကျနော်တို့အား စာပို့ချင်လျှင်လည်း ကျောင်းသားတပ်မတော် တပ်ရင်း နံပတ်ဘယ်လောက်က ရဲဘော်ဘယ်သူဟုသာ လိပ်စာတပ်လျက် ပေးပို့သူ ကျေးဇူးတင်၏ ဟုရေးကာ ပို့လိုက်၏။ ရွာစဉ်ရွာဆက ကျနော်တို့ ဖြတ်သွားရာ လမ်းကြောင်းတလျှောက် စာက နောက်ကလိုက်၏။ သို့ဖြင့် ကျနော်တို့ စာကို လက်ခံရရှိ၏။ သည်နည်းဖြင့် စာပို့နေခဲ့ကြသည်မှာ မည်သည့်ကာလကတည်းက ဖြစ်သည်တော့ မသိ။ သို့သော် အလုပ်ဖြစ်သည့် ချစ်စရာ့ ဓလေ့လေး …။
* * * * * * * * * *
နန်းယဉ်တို့ရွာမှ ကျနော်တို့ စစ်ကြောင်းထွက်လာသည်မှာ သုံးပတ်ပြည့်ပြီ။ ကျနော့် အလွမ်းတွေကတော့ ကြာလေလေ ပိုလွမ်းလေလေ …။ အလွမ်းကြွေးနှင့် နှုတ်ခမ်းလေးအား ငုံ့နမ်းကာ ဆပ်လိုက်ချင်၏။ ဘ၀လေးကို တူတူတည်ဆောက်ကာ ရဲရဲရင်ဆိုင် ရပ်တည်ချင်မိ၏။ “ကျနော် တွေဝေနေပြီလော … တော်လှန်ရေးကို ကျနော် ကျောခိုင်းချင်နေသည့် အတွေးအခေါ်များ ၀င်လာပြီလော” ကျနော့်အာရုံတွင် လမ်းပေါ်၌ ရက်စက်စွာ ပစ်သတ်ခံလိုက်ရသော ပြည်သူများ၊ ကျောင်းသားများ၊ ရဟန်းသံဃာတော်များ … အင်းလျားကန်ဘောင်တွင် ရိုက်သတ်ခံရသော ရေထဲဆွဲနှစ်ခံရသော ကျောင်းသူကျောင်းသားများ၊ မြေနီကုန်းမှာ လုံထိန်းသတ်တာ ခံရသော ကျောင်းသားကျောင်းသူ ကလေးငယ်များ …။ ပြီးတော့ နန်းယဉ် …။
ကျနော် အံကို တင်းတင်းကြိတ်ရင်း နှလုံးသားပါ ငွေ့ရည်ဖွဲ့ မျောပါသွားမတတ် သက်ပြင်းရှည်ကြီးတခုကို ချလိုက်မိသည်။ ညခင်း၏ မိုးရေစက်တို့က တဖြောက်ဖြောက် …။ ကျနော် တံစက်မြိတ်အောက်တွင် တယောက်တည်း တိတ်ဆိတ်စွာ ရပ်နေမိ၏။
“ဟကောင် … ဂေါက်နေတာလား၊ ညကြီးမင်းကြီးအပြင်ထွက် မတ်တပ်ကြီး မိုးရေထဲ ရပ်နေတာ” ဟု တပ်ရင်းမှူးက အိမ်တံခါးပေါက်မှ ခေါင်းပြူကာ မေးတော့မှ သတိဝင်လာပြီး အိမ်တွင်းသို့ ပြန်ဝင်လိုက်ကာ ယူနီဖောင်းလဲလိုက်သည်။ ရေစိုယူနီဖောင်းကို ရေညှစ်ကာ မီးလင်းဖိုတွင် အခြောက်ကင်လိုက်သည် …။
* * * * * * * * * *
ည နှစ်နာရီ ကျနော့် ကင်းကျသည်။ အိပ်မပျော် မိုးသံတွေ တဝေါဝေါ …။ သူများတွေကတော့ မီးဖိုလေးဘေးမှာ ခွေခေါက်ကွေးနေကြလို့ …။ ကျနော် လွမ်းသည်။ ဘယ်ညာ လူးလှိမ့်ရင်းဖြင့် တအောင့်နေတော့ တံခါးခပ်ဖွဖွ ခေါက်သံပေါ်လာသည်။ ကျနော် စစ်ခါးပတ်ကြီး ကောက်ပတ်ပြီး ကျောပိုးအိတ်နှင့် ဘေးလွယ်အိတ်ကို လွယ်လိုက်သည်။ ထို့နောက် သေနတ်နှင့် တောစီးဖိနပ်ကို လက်တဖက်စီဖြင့် ကောက်ယူလိုက်ရင်း အိမ်တံခါးကို ဖွင့်ပေးလိုက်၏။ မိုးကာအင်္ကျီ တဖားဖားနှင့် တပ်ရင်းမှူး ၀င်လာသည်။ ကျနော်နှင့် ဆက်သွယ်ရေး ရဲဘော်လည်း
မိုးကာများ အပေါ်မှာ ခြုံဝတ်ကာ သေနတ်လွယ်လျက် ကင်းထိပ်ရှိရာ ရွာနှင့်ခပ်ဝေးဝေး တောင်ကမူလေးပေါ်သို့ တက်လာ၏။ ကင်းထိပ်က ရဲဘော်က ကင်းနာရီ ပေးခဲ့ကာ ရွာထဲသို့ သုတ်သုတ်သုတ်သုတ် ပြန်ဝင်သွားတော့၏။ သူလည်း အိပ်ချင်ရှာရောပေါ့။ ကျနော်တို့တွင် တာဝန်သာရှိ၏ ရာထူးမရှိ။ ဒီတော့ တပ်ရင်းမှူးလည်း ကင်းစောင့်ရ၏။ တပ်ရင်းမှူးလည်း ထမင်းချက်ရ၏။ ကျန်သည့် ရဲဘော်တွေနှင့် အားလုံးတန်းတူ၊ မည်သူ့မည်သူမျှ ပိုသည်မရှိ လိုသည်မရှိ။
မိုးက ဖြောက်ဖြောက် … လေရိုင်းက ထန်ထန် …။ သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျနော်၊ ဆက်သွယ်ရေး ရဲဘော်က ငါးကိုက်လောက်အကွာက အခြားသစ်ပင်ကြီးအောက်မှာ သေနတ်ကို လွယ်လျက် …။ မတ်တပ်ရပ်တလှည့် ထိုင်တခါ ကင်းချိန်ပြည့်သည်အထိ စောင့်နေရင်း ကင်းချိန်နှစ်နာရီ ပြည့်တော့ ဆက်သွယ်ရေး ရဲဘော်က နောက်ကင်းတဆိုင်းကို သွားနှိုး၏။ တခါတခါ ကင်းချိန်ပြည့်လို့ မနက်လင်း ကင်းချိန်ခြောက်နာရီ ဖြစ်နေတတ်သော်လည်း ရှေ့ကင်းယူသွားသည့် ဆရာများက တဖွဲ့ ဆယ်မိနစ်လောက် ကင်းခိုးသွားလျှင် မိုးလင်းစောင့်ရသည့် ရဲဘော်မှာ တင်းစရာ အဖြစ်တွေ၊ ရယ်လည်း ရယ်စရာလေးတွေနှင့် ကြုံရသည်။ သို့သော် ကျနော်က မရယ်နိုင်အား … လွမ်းသောစိတ်ဖြင့် တိတ်တိတ်သာ …။
ခဏနေတော့ နောက်တဖွဲ့ ကင်းလာလဲသည်။ ကျနော် သေနတ်ကို လွယ်လျက် လင်းလုအာရုံ ချဉ်းကပ်စ ပြုသော်လည်း မှောင်မဲဆဲ ရွာလေးဖက်ဆီသို့ ဖြေးလေးစွာ ခပ်နှေးနှေး ပြန်ဆင်းလာခဲ့သည်။
* * * * * * * * * *
မနက်လင်းတော့ ကျနော်ဆက်ကွေးနေဆဲ…။ ဒီနေ့ ဒီရွာမှာပဲ ဆက်လက် စခန်းချရမည်လေ။ ကွေးနေရင်း မီးဖိုဘေးမှာ မနက်စာ ချက်နေသော ရဲဘော်အား မျက်စိတဖက်ဖွင့်ကာ “ဒီနေ့ ဘာချက်လဲဟ…”ဟု မေးတော့ …
“မျှစ်သုတ်မယ်၊ မှိုနဲ့ မုန်ညှင်းချက်မယ်၊ ပဲပုတ်နဲ့ ငရုတ်သီးထောင်းမယ်၊ ဘာသိချင်သေးလဲ၊ နည်းနည်းလေး ထကူပါလား၊ ဘိန်းစားလိုပဲ ကွေးနေတာ” ဟု သူက ဖြေပြောပြန်ပြောသည်။
ကျနော် “ငါညက အိပ်မပျော်လို့ပါကွာ၊ နောက်တော့ ဒီနေ့က မင်းတို့ ချက်ကမယ့်အလှည့်ပဲ လူလည်မကျနဲ့” ဟု ပြန်ပြောရင်း ပျင်းကြောဆန့်နေမိသည်။ ထို့နောက် မျက်နှာသစ်ရန် အိမ်ရှေ့ ကပြင်သို့ ထွက်လာရာ တပ်ခွဲနှစ်မှ ရဲဘော်တစ်ယောက်က ရွာသားတစ်ယောက်အား ကျနော်တို့အိမ်ရှိရာဆီ လက်ညှိုးထိုးပြနေသည်ကို မြင်လိုက်ရလေသည်။
“ဟေ့ဟေ့ … မင်း ဆီ စာလာတယ်ကွ၊ ဒီမှာ ရွာသားလူကြုံနဲ့ ”
“ဟေ … ဟုတ်လား ကျေးဇူးတင်လိုက်တာကွာ ” ဟု ကျနော်ပြောရင်း လှေကားထစ်မှ မဆင်းဘဲ အိမ်ကပြင်ပေါ်မှ တန်းခုန်ချလိုက်သည်။ စာအိတ်နွမ်းလေးကို အပြေးအလွှားယူရင်း ရွာသားအား ကျေးဇူးအရမ်းတင်ကြောင်း ကျနော် ၀မ်းသာအားရ ပြောနေမိသည်။ စာအိတ်လေးကို ကြည့်လိုက်တော့ ကျနော့်နာမည်မပါ။
“ဘာနာမည်မှ ရေးမထားဘူး … ပေးသူက ပါးစပ်ကပဲ မှာလိုက်တာဗျ၊ အဲလိုနဲ့ ကျနော်တို့ ရွာရောက်လာတော့ ဒီရွာဖက်မှာ ခင်ဗျားတို့ရှိတယ်ဆိုလို့ လာပို့ပေးတာ” ဟု စာလာပို့သူ ရွာသားက ရှင်းပြသည်။
“ဟုတ်ကဲ့အကို … ကျေးဇူးတင်လိုက်တာဗျာ ”ဟု ကျနော် ကျေးဇူးတင်စကား ပြောအပြီးတွင် သူက မြေနီရွှံ့တို့ စေးထန်းနေသည့် ရွာလမ်းပေါ်သို့ ကျောခိုင်းထွက်ခွာသွားခဲ့လေပြီ။
* * * * * * * * * *
ဘ၀တွင် ပထမဦးဆုံးသော ရည်းစားစာ စာအိတ်လေးကို ကျနော် ရင်ခုန်စွာ ဖွင့်ဖတ်လို၏။ အားလုံးသော ရဲဘော်များကိုလည်း ကြွားချင်နေမိ၏။
ကျနော် အိမ်ပေါ်ပြန်တက်ရင်း အိမ်ကပြင်တွင် ခြေထောက်ဆေးလိုက်သည်။ ထို့နောက် အိမ်ထဲဝင်ပြီး “ဟေ့လူ တပ်ရင်းမှူး ကျနော့်ကောင်မလေး ကျနော့်ကို စာရေးလိုက်တယ်ဗျ”
“ဟေး … ငါတို့ တပ်ရင်းက ပထမဆုံးရတဲ့ ရည်းစားစာကွ”ဟု တပ်ရင်းမှူးက အော်ကာ ဟန်းကောဖုံးနှစ်ခုကို လကွင်းတီးသလို တဂွမ်းဂွမ်းတီးရင်း အော်ပါလေတော့၏။
တခြားအိမ်များတွင် တည်းနေသော ရဲဘော်များကလည်း ပြန်အော်ကြသည်။ တချို့က “ငါတို့ထဲက စွံပြီကွ”
တချို့က “ ရာမ သစ္စာဖောက်”
တချို့က “ ကောင်မလေးက မျက်လုံးမကောင်းဘူးကွ”
တချို့က “ အဲလို တိတ်တိတ်လေး စည်းဖောက်လို့ ရတမ်းလား ဟင်းဟင်းဟင်း”
… စသည်ဖြင့် လှမ်းအော်ကာ နောက်ပြောင်နေကြ၏။
သူတို့အားလုံး ကျနော့်အနားတွင် ၀ိုင်းလျက် …။ အိမ်ရှေ့ကပြင်တွင် ကျနော် မတ်တပ်ရပ်ပြီး စာရွက်ခေါက် ၀ါကြန့်ကြန့် နွမ်းနွမ်းလေးကို အားပါးတရဖွင့်ကာ ချစ်သူ့စာလေးများအား ဖတ်မည်အလုပ် ကျနော့်နောက်မှ ပုခုံကိုကျော်ကာ ဖတ်ချင်နေကြသော ရဲဘော်များက “ ဖွင့်ပါဟ” “ဖြန့်ပါဟ မြန်မြန်” ဟူသော အသံမျိုးစုံဖြင့် အော်ဟစ် ဆူညံနေတော့၏။ အိမ်အောက်တွင်လည်း အိမ်ကပြင်ကို မော့ကြည့်ပြီး ဆေးလိပ်သောက်ကာ
စောင့်နားထောင်နေသော ရဲဘော်များက သေနတ်များလွယ်လျက် …။ ဒီအချိန် ရန်သူ့ လက်နက်ကြီးတလုံး ကျလိုက်လျှင်တော့ တပြုံကြီး ကြွသွားနိုင်သည် …။
ကျနော်လည်း ရင်ခုန်စွာ မ၀ံ့မရဲ …။ ထို့နောက် ပျော်ရွှင် ဂုဏ်ယူ ဘ၀င်မြင့်သော၊ ကြည်နူး ပီတိဖြစ်သော စိတ်ခံစားမှု မျိုးစုံဖြင့် စာရွက်ခေါက်ကလေးကို ဖွင့်လိုက်တော့ …
“ဟေး … ဟေး … ဟေး … ဟေး … ဟေး..”ဟု ကျနော့်နောက်မှ ခုန်ဆွ ခုန်ဆွ ညာသံပေးကာ ဖတ်ချင်နေကြသည့် သူများ အသံတွေ တိတ်ကုန်တော့၏။ ကျနော်လည်း နားမလည်တော့…။ ကျနော် စာရွက်ကလေးကို ကြည့်ရင်း ရင်ထဲတွင် ဗလာဖြစ်သွားမိတော့၏။ ကြည့်ရင်းကြည့်ရင်း ကျနော် ပြုံးလာမိ၏။ ပြီးတော့ စာရွက်လေးကို နှုတ်ခမ်းဖြင့် ဖိကပ်ကာ တရှိုက်မက်မက် ကျနော် နမ်းရှိုက်လိုက်မိချိန်မှာတော့ … “ဟေး … ဝေးဟေးဟေး …” ဟု အော်ကာ ကျနော့် နောက်ကျောဖက်မှ ရဲဘော်များက ကျနော့် စစ်ဦးထုပ်ကို ဆွဲချွတ်လိုက်၊ ကျနော့် ခေါင်းကို ၀ိုင်းပုတ်လိုက်၊ ပုခုံးကို ၀ိုင်းပုတ်လိုက် လုပ်နေကြတော့၏။ အောက်မှ ရဲဘော်များထဲမှ တစ်ယောက်က “ဟ ဘာတွေ ရေးထားလို့လဲ၊ မင်းတို့ တအုပ်လုံး ဂေါက်သွားတာလား ” ဟု မေးလိုက်ချိန်တွင် ကျနော်က စာရွက်လေးကို သူတို့မြင်သာရန် ပြလိုက်ပါတော့သည်။
စာမတတ်သော ကျနော့်ချစ်သူ၏ ကျနော့်ထံ ပို့လိုက်သော စာလေးတွင် ဘာစာမျှ ရေးမထားပါ။ အပေါတကာ့ အပေါစား နှုတ်ခမ်းဆိုးဆေးလေး ဆိုးထားသည့် သူမ၏ နှုတ်ခမ်းလေးအား စာရွက်တွင် ဖိကပ်ပြီး
ခဲတံလေးဖြင့် ကြယ်ကလေးများ ၀လုံးလေးများ ဆွဲကာ ပေးလိုက်သော စာလေးတစ်စောင်သာ ဖြစ်ပါတော့သည်။
ဆက်လက်ဖတ်ရှုပါရန် …
ကိုမွှေး
Subscribe to:
Post Comments (Atom)
4 comments:
အပိုင်း ၅ လေး စောင့်ဖတ်နေပါတယ် ... နေခဲ့ဖူးတဲ့ နေရာက ဇါတ်လမ်းလေးဆိုတော့ ဖတ်၇တာ ကြည်နူးပြီး လွမ်းစရာလည်း ကောင်းပါတယ် ...
When are you going to post the part 5??? It has been over a year!!
When are you going to post the part 5??? It has been over a year!!
I want to read the part 5. I am hoping to continue reading...........
Post a Comment