Sunday, January 20, 2008

ကဗျာဆရာ ညီမောင်သို့ အိတ်ဖွင့်ပေးစာ

ကဗျာဆရာ ညီမောင်သို့ အိတ်ဖွင့်ပေးစာ
ဒေါက်တာလွဏ်းဆွေ

ကဗျာဆရာ ညီမောင်ရေ …
မင်းတယောက်
စိတ်အချဉ်ပေါက်နေတယ်ကြားတယ် …။

ဒါပေမယ့်
စိတ်အချဉ်ပေါက်တိုင်း
ကဗျာတွေ လျှောက်လျှောက်မရေးနဲ့ …။

ကဗျာဆိုတာ
စိတ်အညောင်းပြေ အညာပြေ
အကြောလျှော့စရာ
လေ့ကျင့်ခန်းတခု မဟုတ်ဘူးကွဲ့ …။

ဘုရားသခင်ကိုလည်း ဆွဲမထည့်နဲ့
ဥက္ကဌကြီးမော်ကိုလည်း မပြစ်မှားနဲ့
တကိုယ်စာ မွန်းကျပ်လို့ပဲ ဖြစ်ဖြစ်
လူထုကို ကိုယ်ချင်းစာလို့ပဲ ပြောပြော
အပြစ်ရှာပုံစရာ
တရားခံအစစ်ကို စဉ်းစားမရရင်
စိုင်းထီးဆိုင် ဆိုခဲ့သလိုပဲ
နံရံကို လက်သီးနဲ့ ထိုးလိုက်ပါကွဲ့ …။

ကိုယ်တန်ဖိုးထားတဲ့
ကဗျာလက်နက်ကို
အလွဲသုံးစား ထုတ်ထုတ်မပစ်နဲ့ …။

ဘုံရန်သူရှိနေချိန်မှာ
ညီညွတ်ရေးဟာ ငါတို့အသက်
တတိယနိုင်ငံက လူတွေနဲ့
ဒုတိယနိုင်ငံက လူတွေကြား
အချင်းမများနဲ့၊
ဟားဗတ်မှာ ပညာသွားသင်တဲ့သူနဲ့
မဲဆောက်မှာ ကျောင်းဆရာလုပ်နေသူကြား
အချင်းမများနဲ့၊
နောင်တချိန်မှာ
ငါတို့တိုင်းပြည်ကို
အတူတူ ပြန်လည်ထူထောင်ကြရမှာကွဲ့ …။

အများအတွက် အနစ်နာခံတယ်လို့
ကိုယ့်ကိုယ်ကိုယ်ခံယူရင်
သူများထက် ပိုသဘောထားကြီးရမယ်
သူများထက် ပိုနားလည်ပေးရမယ်
သူများထက် ပိုခွင့်လွှတ်တတ်ရမယ်
သူများထက် ပိုသိမ်မွေ့ရမယ်ကွဲ့ …။

အခုအချိန်မှာ
စိတ်ဝမ်းကွဲစေမယ့် စကားတွေမပြောနဲ့
မုန်တိုင်းထန်နေဆဲမှာ
အချင်းချင်းကြား တန်ဖိုးတွေ မသတ်မှတ်နဲ့
ဘယ်သူပဲဖြစ်ဖြစ်
ဘုံရန်သူကို ဆန့်ကျင်နေဆဲ
ဆန့်ကျင်နေမြဲဆိုရင်
ငါတို့ချစ်မြတ်နိုးရမယ်ကွဲ့ …။

အားလုံးဟာ
ကိုယ့်ခံနိုင်ရည်နဲ့ကိုယ် …
ဒါပေမယ့်
သမိုင်းစာမျက်နှာမှာ
ဒေါ်အောင်ဆန်းစုကြည်လည်း သူ့အကန့်နဲ့
ဒေါက်တာစင်သီယာမောင်လည်း သူ့အကန့်နဲ့
ကိုမင်းကိုနိုင်လည်း သူ့အကန့်နဲ့
အန်အယ်လ်ဒီပါတီဝင်လည်း သူ့အကန့်နဲ့
အေဘီအက်စ်ဒီအက်ဖ်ရဲဘော်လည်း သူ့အကန့်နဲ့
ဗကသကျောင်းသားလည်း သူ့အကန့်နဲ့
အေအေပီပီအဖွဲ့ဝင်လည်း သူ့အကန့်နဲ့
တတိယနိုင်ငံကလူလည်း သူ့အကန့်နဲ့
အန်ဂျီအိုမှာလုပ်နေသူလည်း သူ့အကန့်နဲ့
ဟားဗတ်ကပြန်လာသူလည်း သူ့အကန့်နဲ့
အညတရတယောက်လည်း သူ့အကန်နဲ့
ပွဲပြီးတဲ့အခါ
ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်ကွဲ့ …။

အခုအချိန်မှာတော့
‘သိုလှောင်ထားတဲ့ နာကျင်မှု
မျိုသိပ်ထားတဲ့ မကျေနပ်မှု
တခါပေါက်ကွဲမှ စိတ်ပြေမယ်’ ဆိုရင်
ဟိုးထား ညီလေး
ကဗျာမရေးဘဲ
နံရံကိုသာ ပြေးပြေးပြီး လက်သီးနဲ့ထိုး …။ ။

ဒေါက်တာလွဏ်းဆွေ

(‘ဘုရားသခင်က ချိုင်းဖတ်စော်နံတယ်’ဟု ကဗျာထဲ ထည့်သွင်းစပ်ဆိုခဲ့သော ညီမောင်ကဗျာဆရာသို့ …)
(ငုရင်ပြင် ၀က်ဘ်ဆိုက်တွင် ဖော်ပြပြီးဖြစ်ပါသည်)

No comments: