Wednesday, January 16, 2008

ဗိုလ်ခင်ညွန့်ကို သတိရပုံ (ဟာသ)

ဂျင်ဂလိ
ဂျင်ဂလိတို့ မြန်မာပြည်က နအဖ ထောက်လှမ်းရေးတွေဟာ (ကမ္ဘာအေးဘုရား ရင်ပြင်တော်မှာ ဗုံးကွဲတာတို့၊ နအဖ အတွင်းရေးမှူး(၂) ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်တင်ဦးအိမ်မှာ ပါဆယ်ဗုံး ကွဲတာတို့၊ တရုပ်လှကျေးရွာ ကောင်းကင်ယံမှာ ဗိုလ်ချုပ်တင် ဦးနဲ့ ဗိုလ်ချုပ်သီဟသူရစစ်မောင်တို့ စီးလာတဲ့ ရဟတ်ယာဉ် ပျက်ကျတာတို့၊ ၂၀၀၅ခုနှစ် မေလက ကုန်တိုက် (၃)ခုမှာ ဗုံး(၃)လုံး (၅)မိနစ်စီခြားပြီး ပေါက်ကွဲတာတို့၊ ထရိတ်ဒါး ဟို တယ်ရှေ့မှာ ဗုံးပေါက်ကွဲတာတို့၊ ဟိုနားဒီနား ပြည်သူတွေ ကြားမှာ တအုံးအုံး ဗုံးကွဲတာတို့ … စတဲ့ အမှုအခင်းကြီးတွေရဲ့ တရားခံတွေကို အချိန်မီထောက်လှမ်းလို့ မရလိုက်တာကလွဲ ရင်) ကမ္ဘာကျော် ထောက်လှမ်းရေး ထိပ်သီးတွေ ဖြစ်ကြတဲ့ စီအိုင်အေတို့၊ ကေဂျီဘီတို့၊ မော့ဆက်တို့ထက် သာပါသတဲ့။ အဲ … ဘယ်နေရာမှာ သာတာလဲဆိုတော့ အတိုက်အခံ နိုင်ငံ ရေးသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို နှိပ်စက်ညှင်းပမ်းတဲ့ နေရာမှာ သာတာပါတဲ့ခင်ဗျာ။

ပြီးတော့ သူတို့အချင်းချင်း အာဏာစားခွက်လုရင်းနဲ့ ဗိုလ်တင်ဦးနဲ့ သီဟသူရစစ်မောင်တို့ကို ထောက်လှမ်းရေးက ဖြောင်လိုက်တာပါတဲ့။ ဒါနဲ့ ဂျင်ဂလိလည်း နအဖ ထောက်လှမ်းရေးတွေရဲ့ အားသာချက်၊ အားနည်းချက် ကလေးတွေကို အီကွေးရှင်း ချကြည့်မိတယ်။ အဲသည်မှာ ဘာကို သွားတွေ့ရသလဲဆိုတော့ နအဖ ထောက်လှမ်းရေးတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ ထောက်လှမ်းတဲ့ နေရာမှာ အားနည်းတာကို တွေ့ရပြီး ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်ဖို့ ထောက်လှမ်းတဲ့နေရာမှာ အားသာတာကို တွေ့ရတယ်ခင်ဗျ။ တော်လိုက်တဲ့ ထောက်လှမ်းရေးတွေနော်။

အဲ … ထောက်လှမ်းရေးလို့ ပြောလိုက်တာနဲ့ ဂျင်ဂလိတို့ မြန်မာပြည်မှာ မသိမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဆိုင်းငံ့ ထောင်နန်းစံ မင်းသားလေး ဗိုလ်ခင်ညွန့်ပေါ့ခင်ဗျာ။ (၁၆)နှစ်လုံးလုံး ပေါင်ကလေး ပုတ်ကာပုတ်ကာ၊ လက်ကလေး ပြကာပြကာ၊ လမ်းလျှောက်တဲ့အခါ နွဲ့ကာနွဲ့ကာနဲ့ သူကလေးရဲ့ ဆိုက်ဂိုက်ပေးတတ်ပုံတွေကို မမေ့တဲ့သူတွေကလည်း မမေ့ကြသေးဘူးတဲ့ခင်ဗျ။ အခုအချိန်အထိ လွမ်းလွမ်းဆွတ်ဆွတ်နဲ့ကို မမေ့နိုင်ကြတဲ့ သူတွေကတော့ သူကလေးရဲ့ ပေးစာကမ်းစာတွေကို အရိုးအရွင်း ကိုက်ခဲ့ရတဲ့သူတွေနဲ့ အဆီအသား ၀ါးခဲ့ရသူတွေ ဖြစ်တယ်တဲ့ခင်ဗျ။

အဲ … နောက်ထပ် သူ့ကို မမေ့ကြသေးတဲ့ သူတွေလည်း ဒုနဲ့ဒေး ရှိသေးတယ်တဲ့ ခင်ဗျ။ အဲသဟာက ဘယ်သူတွေလဲဆိုတော့ သူနဲ့ သူ့တပည့်ကျော်တွေ ဖမ်းဆီးနှိပ်စက်ပြီး ထောင်ချခဲ့လို့ ဘ၀ပျက်ခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေပါတဲ့ ခင်ဗျ။ အဲဒီသူတွေကတော့ ကောင်းသော သတိရခြင်းနဲ့ မမေ့နိုင်ကြတာ မဟုတ်ဘဲ ဆုံလည်ထဲထည့်ပြီး အမှုန့်ကြိတ်ချင်တဲ့ စိတ်နဲ့ မမေ့ကြတာပါတဲ့ ခင်ဗျ။ အဲဒီလို အမှုန့်ကြိတ်ချင်တဲ့အထဲမှာ ဂျင်ဂလိလည်း ပါတယ်လို့ပြောရင် ငြင်းပယ်မှာ မဟုတ်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်မဲ့ ပြည်သူတွေနဲ့ အမှန်တရား ဘက်တော်သားတွေကိုထိရင် မခံတတ်တဲ့ ဂျင်ဂလိရဲ့ ဉာဉ်ကြောင့်ပါ ခင်ဗျ။

အဲဒီဉာဉ်ကြောင့်လည်း ၈၈-အရေးအခင်းကာလမှာ ဂျင်ဂလိလက်စာ မိသွားခဲ့တဲ့ ဖောက်ပြန်ရေးသမားတွေ ဘယ်နှစ်ယောက်တောင် ရှိခဲ့သလဲဆိုတာ သမိုင်းစာမျက်နှာတွေကို အခုပြန်လှန်ရင် အခုတွေ့ရမှာပါ (ဟင်း … ဟင်း … ကြုံတုန်းလေး ဂျင်ဂလိ ကိုယ်ရည်သွေးမိတာကို ခွင့်လွှတ်ပါနော်)။ အဲ … နောက်ပေါက် ဖောက်ပြန်ရေးသမားတွေကို ထပ်ပြီးတော့ ထုထောင်းကြ၊ နှိပ်ကွပ်ကြတော့မယ် ဆိုရင်လည်း ဂျင်ဂလိကို လက်တို့ဖို့ မမေ့ကြပါနဲ့လို့ ပန်ကြားပါရစေ။ ဒီမို-၂၀၀၈ မှာလည်း ၈၈-အရေးအခင်းတုန်းကလို လက်ရည်မျိုး ရှိသေးတဲ့ အကြောင်းကို ဂျင်ဂလိ သက်သေပြချင်လို့ပါခင်ဗျာ။

အဲ … နအဖ ထောက်လှမ်းရေးတွေအကြောင်း ဖောက်သည်ချနေရင်း ဒေါသအလျောက် လမ်းကြောင်းလွဲပြီး ဘေးချော်သွားတာကို ခွင့်လွှတ်ပါ (ဂျင်ဂလိက ပစ်တဲ့အခါမှာ ပစ်မှတ်တည့်တည့် သွားပေမယ့် စကားပြောတဲ့ အခါမှာတော့ လမ်းကြောင်း ချော်တတ်တဲ့ အကျင့်ရှိလို့ပါ)။ ပြောချင်တာက ဆိုင်းငံ့ထောင်နန်းစံ မင်းသားကလေး ဗိုလ်ခင်ညွန့်ကို မမေ့နိုင်ကြတဲ့အထဲမှာ ဂျင်ဂလိလည်း ပါတဲ့အကြောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂျင်ဂလိမှာ လည်း ဗိုလ်ခင်ညွန့်ကို မမေ့နိုင်တဲ့ အကွက်ကလေးတကွက် ရှိနေလို့ပါ။ ပေါင်ကြားမှာရှိတဲ့ ပွေးကွက်တော့ မဟုတ်ပါဘူး။ ဘယ်လိုဘယ်ပုံ မမေ့နိုင်ရတဲ့ အကွက်လဲဆိုတော့ …

န၀တအဖွဲ့ အာဏာသိမ်းပြီး မကြာမတင် တညသားမှာပေါ့။ ဂျင်ဂလိတယောက်တည်း တီဗွီကြည့်နေရင်း တဖက်ကလည်း ပြည်ပအသံလွှင့်ဌာနတခုက ရေဒီယိုသတင်းကို ဖွင့်ပြီး နားထောင်နေမိတယ် (ဒါမှ အမှားအ မှန်ကို ခွဲခြားချင့်ချိန်လို့ ရမှာကိုး)။ တီဗွီသတင်းထဲမှာ ဗိုလ်ခင်ညွန့်က န၀တ အတွင်းရေးမှူး(၁)အနေနဲ့ တပ်မတော်အကြောင်းကို ချီးမွမ်းခန်း အမျိုးမျိုး ဖွင့်နေလေရဲ့။ တနေရာအရောက်တော့ ဗိုလ်ခင်ညွန့်က ‘မိမိတို့ တပ်မတော်ဟာ ပြည်တွင်းပြည်ပ အဖျက်သမားတွေကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းသွားမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ ချက်ဆို နားခွက်က မီးတောက်ပြီးသား ဖြစ်ကြောင်း’ မှင်မောင်း ကောင်းကောင်းနဲ့ မိန့်ခွန်း ခြွေနေလေရဲ့။ အဲဒီအချိန်မှာပဲ ပြည်ပအသံလွှင့်ဌာနက လွှင့်ထုတ်လိုက်တဲ့ မြန်မာသတင်း တပုဒ်ကြောင့် ဂျင်ဂလိမှာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ခဲ့ရလေရဲ့။ ပြည်ပအသံလွှင့်ဌာနက ထုတ်လွှင့်သွားတဲ့ သတင်းခေါင်းစဉ်ကတော့ …

‘ဒီကနေ့ နေ့လည်မှာ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေသူ မြန်မာကျောင်းသားတစုက ထားဝယ်လေဆိပ်မှ ရန်ကုန်သို့ ပျံသန်းမယ့် မြန်မာလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစီးကို ထိုင်းနိုင်ငံသို့ ပြန်ပေးဆွဲသွားခြင်း’ ပါတဲ့။ သြော် … ဗိုလ်ခင်ညွန့် အခုလေးတင်ပဲ ပူပူနွေးနွေး ပြောသွားသလို တကယ့်ကို ချက်ဆို နားခွက်က မီးတောက်တဲ့ တပ်မတော်ကြီးပါလားလို့ တွေးရင်း ဂျင်ဂလိ တယောက်တည်း တ၀ါးဝါး ပွဲကျနေမိရဲ့။ တီဗီဖန်သားပြင်ပေါ်မှာတော့ ဗိုလ်ခင်ညွန့်တယောက် အတည်ပေါက်နဲ့ ဆက်လက် မိန့်ခွန်းခြွေနေလေရဲ့။ ဗိုလ်ခင်ညွန့်ကို ဂျင်ဂလိ သတိရပုံက အဲသလို … အဲသလို။

ဂျင်ဂလိ

No comments: