Friday, January 25, 2008

လွမ်းဆွတ်တသ သတိရဆဲပါ … ဆရာဂျမ်း

လွမ်းဆွတ်တသ သတိရဆဲပါ … ဆရာဂျမ်း
ဒေါက်တာသီဟမောင် (မယ်တော်ဆေးခန်း)
ဓာတ်ပုံ-မန်းမျိုးမြင့်
ဂရပ်ဖစ်ဒီဇိုင်း သီဟမောင်မောင်ရဲ့ လက်ရာ အခမ်းအနား ဖိတ်ကြားစာ
သူချစ်တဲ့ ပြည်မြန်မာ၊ ရွှေအညာနဲ့၊ လင်္ကာ၊ ကဗျာချစ်သူများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်များ၊ ချစ်သား၊ သမီးများကို စွန့်ခွာသွားခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ မနှစ်က ဒီလိုအချိန် ဒီကာလမျိုး ထဲမှာပဲ ဆရာဂျမ်း ကွယ်လွန်ပြီး ဂုဏ်ပြုအမှတ်တရ၊ လွမ်းဆွတ်တသမှု အခမ်းအနား တစ်ခုကို ဆရာချစ်တဲ့ တပည့်သား၊ မိတ်ဆွေတွေ စုဝေးရာ ဒီလွတ်မြောက်နယ်မြေက ဒေါင်းရင်ပြင်မှာ ဆင်ယင်ကျင်းပခဲ့ပါတယ်။

ဒီနှစ်လည်း ကွယ်လွန်မှု တနှစ်ပြည့် အခမ်းအနားလေးတစ်ခုကို တစ်နှစ်ပြည့်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဒီကနေ့ (၂၃-၁-၂၀၀၈)မှာ ဆရာဂျမ်းရဲ့ တပည့်ရောင်းရင်း ဆရာမောင်လွမ်းဏီ(မင်းဘူး)ရဲ့ ဒေါင်းရင်ပြင်မှာ ကျနော်တို့ စာပေချစ်သူ ကဗျာညီအကိုမောင်နှမတစ်စု စုဝေးကျင်းပဖြစ်ခဲ့ပြန်ပါပြီ။
ဒေါက်တာသီဟမောင် (မယ်တော်ဆေးခန်း)၏ ဆရာကြီးတင်မိုး အလွမ်းပြေ ဟောပြောမှု
ချမ်းချမ်းမြမြ၊ ဆောင်းညဦးကာလဟာ အေးချမ်းငြိမ်သက်နေသလို ဆရာမောင်လွမ်းဏီရဲ့ ပြင်ဆင်မှု အဆင်အယင်ဟာလည်း လိုက်ဖက်ညီ တင့်တယ်နေပါတယ်။

ပထမဦးဆုံး အခမ်းအနား ပြင်ဆင်ထားရာလေးဆီကို မရောက်ခင်၊ ကဗျာဆရာမောင်လွမ်းဏီနဲ့ ဆရာမ အေးမိဖြူတို့ရဲ့ သစ်ခွပန်းတွေ ပန်းမာန်တွေနဲ့ ဟေ၀န်မြိုင်ရဂုံတန်းကို ဖြတ်သန်းပြီး သွားရတာကိုက ကဗျာဆန် လှပနေပါတယ်။ ဒီနောက်တစ်ခါ ခြံချင်းကပ်ရက်ကလေးကို ကျော်လိုက်ပြန်တော့ ခြံစပ်က ဇီးပင်မြင့်မြင့်ကြီးက ကြွေကျတဲ့ ဇီးသီးတွေ မြေပြင်အနှံ့တွေ့ရတော့ ဇီးပင်ပေါတဲ့ အညာမြေ၊ ပြည်မြန် မာကို သတိမရဘဲ မနေနိုင်တော့ပါဘူး။ ကျနော် ငယ်ရွယ်နုပျိုစဉ်ကာလ ၊ အညာမြေ ရမည်းသင်းဒေသက၊ ငှက်သိုက်ကျေးရွာကို ၀/သ တက္ကသိုလ် (RASU) က ငယ်သူငယ်ချင်းတစုနဲ့ စာမတတ်သူ ပပျောက်ရေး စီမံကိန်း ‘အ’သုံးလုံး လုပ်အားပေးသွားခဲ့တာ။ စာသင်ပြီးချိန်တိုင်း တပည့်စာသင်သားတချို့၊ ကလေးတစ်စု ခွေးတစ်အုပ်နဲ့ ကြွက်ရိုက်ထွက်ခဲ့တာ၊ အညာမြေ ဇီးပင်အောက် နေပူပူ ဖုတ်ပူပူထဲကျတဲ့ ဇီးသီးဝါ၀ါနီနီလေးတွေ ကောက်စားခဲ့တဲ့ အရသာ အညာမြေ ရနံ့တွေ ပြန်လည်သင်းပျံ့သလို ခံစားမိပါတယ်။
လွတ်မြောက်နယ်မြေသို့ နောက်ဆုံးအခေါက် ရောက်ခဲ့စဉ်က ဆရာကြီး ဦးတင်မိုး၏ ဓာတ်ပုံကို ပြသထားစဉ်
ဒီလိုရနံ့တွေ သင်းပျံ့တဲ့ အညာမြေမှာပဲ ကျနော်တို့ရဲ့ ချစ်သော မိတ်ဆွေ၊ ကဗျာစာဆို၊ စာပေသူရဲကောင်း ဆရာကြီး ဦးတင်မိုးခေါ် ဆရာဂျမ်းကို မွေးဖွားခဲ့တာ မဟုတ်ပါလား။

ဆက်လက်ပြီး ဒေါင်းရင်ပြင် အခမ်းအနား ကျင်းပမယ့် နေရာလေးကို ရောက်တော့ ပြင်ဆင်ထားမှု လေးကို ကြည့်လိုက်ပါဦး။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကဗျာဆန်ဆန် ပြင်ဆင်ထားပုံက စင်နိမ့်နိမ့်လေး နောက်ခံမှာ “ဧည့်သည်ကြီး ဖန်မီးအိမ်ကို ထားခဲ့ပြီ ၂၃ ၊ ၁ ၊ ၀၈” တဲ့။ ညာဖက်ထောင့်မှာတော့ မကဒတရဲ့ ဒေါင်းတံဆိပ်နဲ့ စကားပြောစင် သစ်မြစ်ခြောက်တစ်ခု။ မနှစ်က အတိုင်းပါဘဲ။ ပြောင်းလဲတာဆိုလို့ ဖန်မီးအိမ်လေး ပျောက်နေပြီး မပါတာတခု။ ဖန်မီးအိမ်လေးရေ … ဘယ်များရောက်နေပြီိလဲ …။

အခမ်းအနား ကျင်းပရာ ဘယ်ညာနှစ်ဖက် စားပွဲခုံတန်းပေါ်မှာ လှပတဲ့ ဓာတ်ပုံဘောင်တွေနဲ့ ငြိမ်းချမ်းရေးဖခင် အမျိုးသား စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ စာပေအသိုင်းအ၀ိုင်းက ထင်ရှားသူ အမေလူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဒေါက်တာသန်းထွန်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်းဖေ … အစရှိသူတို့နဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုလှမျိုးနောင်၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ အဖွဲ့သားတွေ၊ လူရွှင်တော်ဇာဂနာ၊ ရုပ်ရှင်မင်းသား ကျော်သူ၊ ကဗျာဆရာ အောင်ဝေး၊ စာရေးဆရာမ သန်းမြင့်အောင် … စတဲ့ အနုပညာရှင်တွေ၊ ဒေါက်တာစင်သီယာမောင်၊ မစုစုနွေး၊ မဖြူဖြူသင်း၊ မမီးမီး၊ မနီလာသိန်း စတဲ့ ထင်ရှားတဲ့ လူမှုရေး နိုင်ငံရေးနယ်ပယ်မှ ထင်းရှားတဲ့ အမျိုးသမီးတွေ စုံလို့စုံလို့ပါပဲ။
ပန်းချီမင်းကျော်ခိုင်ရဲ့ လက်ရာများကို ခင်းကျင်းပြသထားစဉ်
ပန်းချီပညာရှင် မင်းကျော်ခိုင်ရဲ့ ဂုဏ်ပြုလက်စွမ်းပြ ကောက်ကြောင်းပန်းချီ အစီအရီနဲ့ …။ ဒီကြားထဲမှာ ကျနော်ချစ်တဲ့၊ လေးစားတဲ့ တော်လှန်ရေး ဆရာဝန် ဒေါက်တာချေ (ချေဂွေဗာရား)ရဲ့ ပုံကိုလည်း တွေ့လိုက်မိပါရဲ့။ ကပ်လျက် တဲလေးဘေးမှာတော့ ဆရာဂျမ်း မဲဆောက်ကိုလာလည်စဉ်က အမှတ်တရ ဓာတ်ပုံတွေနဲ့အတူ အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူပန်းချီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် ပန်းချီ sketch အမျိုးမျိုး လှပလိုက်တာ။ အဖိုးသခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ မပါရင် ဒီပွဲမျိုးမှာ မပြည့်စုံဘူးလေ။ ဆရာဦးတင်မိုး အမှတ်တရမှာ ဆရာဂျမ်း(ဦးတင်မိုး) ကြည်ညိုလေးစား မြတ်နိုးချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံ ပါမှကို ပြည့်စုံမှာပါ။ အဖိုးဒေါက်တာသခင်ကိုယ်တော်မှိုင်း ဆိုတာကလည်း ပထမပြည်မြန်မာလွတ်မြောက်ရေးတိုက်ပွဲမှာ ဒေါ်စုတို့အဖေ ကျနော်တို့ချစ်တဲ့ သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ဆိုတဲ့ လွတ်လပ်ရေး ဗိသုကာကြီးကို မွေးထုတ်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးမို့ ရှိကိုရှိသင့်တဲ့ ပုံရိပ်ပါ။
တက်ရောက် နားထောင်ကြသည့် ဆရာကြီး ဦးတင်မိုးအား လွမ်းဆွတ်သတိရသူများ
အခမ်းအနား ကျင်းပရာ အလယ်မှာ ဖျာတွေခင်းပြီး၊ မြန်မာဆန်ဆန် ရိုးရိုးရှင်းရှင်းလေးပဲ ဒီနှစ် ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးရဲ့ ချစ်စွာသော အမတော်ကြီး မင်းသမီး ကလျာဏီ ကွယ်လွန်ပြီးစ တနိုင်ငံလုံး ပူဆွေးနေချိန်မှာ ဆူဆူညံညံပွဲတွေ ကျင်းပခွင့်မရတာနဲ့ ဆရာဂျမ်းရဲ့ လွမ်းဆွတ်ပွဲညကို အေးချမ်းငြိမ်သက်စွာ ကျင်းပချင်တာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့။

ဘူးသီးကြော် အကြော်စုံ အချဉ်ပွဲနဲ့ ဧည့်ခံတော့၊တကယ့်ကို ကျနော်တို့စိတ်ထဲ မြန်မာပြည် ပြန်ရောက်နေသလို ခံစားမိပါတော့တယ်။ အတူပါလာတဲ့ သူငယ်ချင်း ကျောင်းဆရာ ကိုကျော်ဝင်းအောင်နဲ့ ဒေါက်တာထွန်းသူက၊ ဘူးသီးကြော်စားရင်း ငယ်မူငယ်သွေးတွေပြန်ပြီး အင်းလျားကန်ဘောင်ဘေးက ဘူးသီးကြော် စားခဲ့ပုံလေးတွေ၊ အတိတ်ဟောင်း၊ အချစ်ဟောင်း ပုံပြင်တွေ ပြန်တမ်းတ သတိတရ စကားတွေ ထပြောကြတယ်ခင်ဗျာ့။ တယောက်ကလည်း ဒီနေရာလေးက ပြည်မြန်မာ ပြန်ရောက်သလို ခံစားမိတဲ့ နေရာလေးလို့ ဆိုတော့ … ဆရာလွမ်းက ပြန်ဖြေတယ်။ နိုင်ငံတကာမှာ အများကြီးပဲဗျာတဲ့။ ဟုတ်ပါတယ် ခုဆိုရင် ကျနော်တို့ ရွှေမြန်မာတွေက နေရာတကာမှာမို့ China Town သာ မဟုတ်တော့ပါဘူး။ Burma Town, Little Burma တွေ နေရာအနှံ့မှာပါ။
စာရေးဆရာမ ခွာညိုမှ ဆရာကြီး ဦးတင်မိုး၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားနေစဉ်
မကြာပါဘူး၊ အခမ်းအနား စတင်ပါတော့တယ်။ အခမ်းအနား မစခင် ကျွေမွေးဧည့်ခံရင်း ဆရာဂျမ်းပုံရိပ် Video ပြကွက်တချို့ ပြတဲ့နည်းတူ၊ အခမ်းအနား စတော့လည်း ပိုပြည့်ပြည့်စုံစုံ ဆရာဂျမ်း အလွမ်းပြေ သက်ရှိထင်ရှား ရှိစဉ်က ဆိုဆုံးမ ဖွင့်ဟခဲ့တဲ့ စကားတွေနဲ့ သူ့ရဲ့ အမြဲချိုမြတဲ့ အပြုံးပုံရိပ်၊ မြန်မာဆန်တဲ့ သူ့အမူအရာ ဟန်ပန်တွေကို ပြန်မြင်ရတဲ့အခါ ဆရာ့ကို တမ်းတ၊ မျက်ရည်စတွေ မျက်ဝန်းမှာ ခိုမိပါတယ်။ ဆရာဦးတင်မိုးဟာ ရုပ်ရည် ချောမောလှပသူ မဟုတ်ပေမယ့်၊ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်၊ ဆေးလိပ်တို၊ တယောလေးကိုင်ရင်း အမြဲအစဉ် ပြုံးနေတဲ့အတွက် တွေ့သူတိုင်းက သူ့ကို ချစ်ခင်လေးစားပါတယ်။ သူ့ကဗျာတွေကို တရှိုက်မက်မက် နှစ်ခြိုက်သလို သူ့ချစ်စရာ အပြုံးတွေနဲ့ သူ့ကို ဆွေမျိုးသားရင်းလို ကြည်ညိုချစ်ခင်ကြပါတယ်။ အစဉ်ချိုပြုံးတဲ့ ကိုချိုပြုံး၊ ကိုပြုံးချိုကြီးဗျာ့။
ကဗျာဆရာ ကမာပုလဲမှ ဆရာကြီး ဦးတင်မိုးအား ကဗျာဖြင့် ရွတ်ဆို ဂုဏ်ပြုနေစဉ်
အခမ်းအနား အစီအစဉ်တွေထဲမှာ ပထမဆုံး ဆရာ့ကိုယ်ရေးမှတ်တမ်း ဘ၀အကျဉ်းချုပ်ကို မင်းမဟော်မှ စာရေးဆရာမ ခွာညိုက ဖတ်ကြားပါတယ်။ ဒီ့နောက် ကဗျာဆရာ ရာဇာသီဟ(ကမ္ဘောဇ) (ခ) ဒေါက်တာသီဟမောင် (မယ်တော်ဆေးခန်း)က ဆရာဦးတင်မိုးနဲ့ သိကျွမ်းခဲ့ပုံ ပြန်ပြောင်းပြောပြပြီး၊ ဆရာ့ရဲ့ ကဗျာဘ၀မှာ စာအလှတွေနဲ့ စာပန်းချီ ခြယ်မှုန်းခဲ့ပုံတွေ၊ ရှုထောင့်ပေါင်းစုံတွေကို တင်ပြပြီး၊ မညိုးပန်း ဖန်မီးအိမ် ကဗျာရွတ်ဆိုပြီး ဂုဏ်ပြုလွမ်းဆွတ်စကား ပြောကြားခဲ့ပါတယ်။
ဒေါက်တာလွဏ်းဆွေမှ ဆရာကြီး ဦးတင်မိုးအား ကဗျာဖြင့် ရွတ်ဆို ဂုဏ်ပြုနေစဉ်
ဒီနောက်ပိုင်းမှာ ဆရာရဲ့ ကဗျာချစ်သူ၊ စာချစ်သူ အထွေထွေက ကဗျာရွတ်ခြင်း၊ အလွမ်းစကား၊ အောက်မေ့တသ သတိရခြင်းများ ပြုခဲ့ကြပါတယ်။ ဒေါက်တာလွဏ်းဆွေကလည်း ‘အမှန်သည်သာ အောင်ပွဲခံ’ဆိုတဲ့ ဆရာကြီးရဲ့ ကဗျာတစ်ပုဒ်နဲ့ ရွတ်ဆိုဂုဏ်ပြုပါတယ်။ အခမ်းအနားမှုးက ဆောင်းညချမ်းလေး မအိုခင်မှာ အခမ်းအနားပြီးဆုံးခြင်း ကြေညာတော့ ဘယ်သူမှ မပြန်ချင်သေးတာ၊ အခမ်းအနား မပြီးစေချင်တာကို ကျနော်တွေ့ရပါတယ်။ ထပ်ပြီး ကဗျာတွေရွတ်ကြ၊ ပြောကြနဲ့ ဆရာဂျမ်းရေ …
ဆရာ့ကို ဘယ်လောက်ချစ်ကြ၊ လွမ်းဆွတ် သတိရကြသလဲဆိုတာ အဲဒီလောက်အထိပါပဲ။ ကျနော်တို့ ပြောကြ ဆိုကြ၊ ကဗျာရွတ်ကြ၊ လွမ်းဆွတ်ကြတာ ဆရာဂျမ်းသိမှာပါ။ ဆရာ့ခန္ဓာသေပေမယ့် ဆရာ့စိတ်က ကျနော်တို့နဲ့ အတူ ရှိနေဆဲလို့ ယုံကြည်လို့ပါ။

ဒေါက်တာသီဟမောင် (မယ်တော်ဆေးခန်း)

No comments: