Wednesday, January 23, 2008

တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊ အပိုင်း - ၃)

ရင်ထဲမှာ ကြည်နူးမှုနှင့်တကွ လှိုက်ဖိုရင်ခုန်နေသည်။

နန်းယဉ်နဲ့ သူ့ညီမလေးကတော့ အင်းနဖူးအရောက်တွင် ပြေးလာသော အရှိန်လျှော့လိုက်သည်။ ကျနော့်ကို မြင်သွားတော့ နန်းယဉ်က လက်ပြနှုတ်ဆက်သည်။ ပြီးတော့ ထမီကိုပြင်ကာ ရင်လျှားသလို ၀တ်လိုက်ရင်း သူမ၏ အတွင်းခံအင်္ကျီနှင့် အပေါ်ဝတ် ရင်ဖုံးအင်္ကျီလေးကို ချွတ်လိုက်သည်။ ထို့နောက် ထမီကို ထပ်မြှင့်တင်ကာ ရင်လျှားလိုက်ရင်း အတွင်းခံအင်္ကျီကို လက်ထိုးကာ ချွတ်လိုက်တော့၏။

ဝါ၀င်းမို့မောက် အလှမြွှာ … စိမ်းနုရောင် သွေးကြောများဖြင့် ကြည်စင်လှပလိုက်သည့် ဖြစ်ခြင်း …။ ကျနော်လည်း လှေကလေးကို ကမ်းစပ်တွင် ထိုးထားသော တံတားလေး၏ တိုင်တလုံးတွင် ချည်လျက် သေနတ်ကိုလွယ်ကာ တံတားပေါ်တက်ရင်း နန်းယဉ်တို့ ရေချိုးနေသည်ကို ထိုင်ကြည့်ရကောင်းမလား သမာဓိဖြင့် ခပ်တည်တည် မသိချင်ယောင်ဆောင်ကာ ကြောင်သူတော် ကြွက်ချောင်းသလိုများ ကြည့်ရမလား မဝေခွဲတတ် ဖြစ်နေစဉ် နန်းယဉ်က လှမ်းခေါ်၏။ ပြီးတော့ `အာပနမ့်´ဟု ပြော၏။

ရေငတ်တုန်း ရေတွင်းထဲကျတာလား ပင်လယ်ထဲ သင်္ဘောပျက်တာလားတော့ မသိ။ ကျနော်လည်း တခါတည်း ဟုတ်ကဲ့ဗျဟု ပြောကာ အင်္ကျီနှင့် ဘောင်းဘီကို ချွတ်၊ သေနတ်ကို အ၀တ်ပုံပေါ်တင်ပြီး အောက်ခံ ဘောင်းဘီတိုဖြင့် ရေစပ်သို့ ၀မ်းသာအားရ ဆင်းသွားကာ နန်းယဉ်တို့နှင့် မနီးမဝေးတွင် ရေစိမ်နေလေသည်။ လှိုင်းတွန့်လှိုင်းပြေများ ပြေးလွှား ခွပ်ဖြာရင်း အဝေးက ပျောက်ကွယ်သွားသော နေအလင်းတန်းတို့ တစတစ အနောက်ဖက် တောင်ကြောကြား တိတ်တဆိတ် ၀င်သွားတော့မှ နန်းယဉ်တို့ ညီအမ ကုန်းပေါ်သို့ တက်လာသည်။ သူတို့ ရွာထဲဝင်သွားတော့မှ ကျနော်လည်း ရေပေါ်သို့ ပြန်တက်လာဖြစ်၏။

ပြည့်တင်းပြီး အချိုးအဆစ် ညီလှသော ခန္ဓာကိုယ်၏ နောက်ကျောပိုင်း ရေစိုအလှကို ငေးမိရင်း ဈာန်လျှောရသေ့လို နေမထိ ထိုင်မသာ ရင်တွေခုန်လှပါဘိတော့ …။ ကျနော်လည်း ကမ်းပေါ်တက်၊ သေနတ်ကို တဖက်လွယ် တဖက်က ပြောက်ကြားဘောင်းဘီ၊ အင်္ကျီနှင့် တောစီးဖိနပ်ကိုကိုင်ကာ ခါးတွင် စစ်ခါးပတ်ပတ်ပြီး ဘောင်းဘီတို ရေစိုဖြင့် ရွာထဲသို့ သုတ်သုတ်လေး ပြေးလေသည်။

တည်းခိုသည့် အိမ်ပေါ်တက်တော့ တပ်ရင်းမှူးက စစ်သဘက်လေး ပုခုံးပေါ်တင်ကာ ထမင်းစားဖို့ ရေနွေးအိုးလေး မီးထိုးနေရင်း `ရေလည်း ဖြောင့်အောင် မကူးတတ်ပဲနဲ့ သေဦးမယ် နောက်ကို တယောက်တည်း မသွားနဲ့ဟ´ဟု ဆီးပြောလေသည်။
`ဟာဗျာ.. သံလွင်ကိုသာ ဖြတ်မကူးရဲတာပါ ခုက ကမ်းစပ်နားတင် ကူးတာပဲ … နစ်လဲ ကယ်မယ့် ကောင်မလေးတွေ အနားမှာ ရှိပါတယ်ဗျ´
`အော် … ဒင်းက ဒီလိုကိုး … အေးပါ သေနေမှာစိုးလို့ ပြောတာပါ။ သေနေရင် တိုက်ပွဲကျလို့ မသေဘဲ ရေနစ်သေတယ်ဆိုတော့ ကြားရတဲ့လူ မသက်သာဘူးပေါ့ကွာ´
`ဟာဗျာ … ပါးစပ်ပုတ်လိုက်တာ လူပျိုနုနုထွတ်ထွတ်လေး ဟာကို၊ ရည်းစားတောင် မထားဖူးသေးတာ သေနိုင်သေးပါဘူး´
ရဲဘော်တယောက်က`ဟေ့ ဘဲတွေ … သိပ်ပွားမနေနဲ့၊ ၀ါးကြမယ်လေ လူထုဆွေးနွေးပွဲ ရှိသေးတယ် မဟုတ်လား တပ်ရင်းမှူး´ဟု လှမ်းသတိပေးသည်။
ဆက်သွယ်ရေး ရဲဘော်က နာရီလေးကို သူ့လက်ပင့်ကာ ကြည့်ရင်း `တိုးတက်ဦးမယ်ဗျာ … မြန်မာစံတော်ချိန်နဲ့ လုပ်နေကြရင်တော့´ဟု ပြောလိုက်တော့ ကျနော်တို့အားလုံး အမြှောက်နှင့် ထုခံရသော ကောက်ရိုးပုံလို ...
ကျနော်က ရေသုတ်ပြီး ကျောပိုးအိတ်ထဲမှ တစုံတည်းသော အပိုယူနီဖောင်းကို ကောက်ဝတ်ကာ ထမင်းပွဲကို ၀ိုင်းပြင်သည်။ ထို့နောက် စကားမပြောဖြစ်ကြတော့ဘဲ ထမင်းကို မြန်မြန်သုတ်သုတ် ၀ါးလိုက်ကြတော့၏။

* * * * * * * * * * * *

အိမ်ကျယ်ကျယ် တလုံးကို လူထုဆွေးနွေးပွဲအတွက် ရွာသူကြီးက စီစဉ်ထားပေးပြီး ဖြစ်သည်။ ဆွေးနွေးကြမည့် တပ်ရင်းမှူးနှင့် ကျနော်အပါအ၀င် ရဲဘော်လေးငါးယောက်က သူကြီး၊ ရွာကျောင်း ဘုန်းတော်ကြီးနှင့်အတူ ကွမ်းအစ်ကြီးရှေ့ချကာ လူထုကို မျက်နှာမူပြီး ထိုင်လျက် …။

ရွာသူရွာသားများအပြင် ကျောင်းဆရာ ဆရာမလေးများလည်း လာရောက် နားထောင်ကြ၏။ တပ်ရင်းမှူးက မတ်တပ်ထ လက်နောက်ပစ်ကာ ဗိုလ်ချုပ်အောင်ဆန်းလို ဟိတ်ဟန်ဖြင့် လက်ရှိ ပြည်သူ့အခြေအနေ စစ်အာဏာရှင်၏ အခြေအနေနှင့် တော်လှန်ရေးအဖွဲ့များ၏ အခြေအနေကို ဆွေးနွေး၏။ ပြီးတော့ နောက်တယောက် ဆွေးနွေး၏။ ပြီးတော့ နောက်တယောက် …။ ထိုနောက်တွင်တော့ ရွာသူကြီးမှ စတင်ဆွေးနွေး၏ ။ဆွေးနွေးပွဲက ကြာ၏။ တခါပြောလိုက် ဘာသာပြန်ပေးသည့် သူကို စောင့်လိုက်ဖြင့် မိုးတော်တော်ချုပ်မှ အပြန်အလှန် ဆွေးနွေးပွဲ ပြီးသွားတော့၏။

ကျနော်ကတော့ ဆွေးနွေးပွဲ တလျှောက်လုံး ရွာကချတိုက်သော ဆေးပေါ့လိပ်ကလေးကို ဖွာရင်း ရေနွေးကြမ်းလေး သောက်ရင်း မုန့်လေပွေလေးဝါးရင်း ဗိုက်ပွနေတော့၏။

ကျနော့်သူငယ်ချင်းကတော့ ထိုင်နားထောင်နေကြသော ဆရာမလေးများကို မျက်လုံးဝေ့ကြည့်လိုက် ပြုံးပြရန် အားယူလိုက်ဖြင့် အလုပ်များနေ၏။ သူ့ခမျာ ဆရာမလေးများနှင့် တခါမှ မျက်လုံးချင်း မဆိုင်လိုက်ရ…။ ကျနော့်ကိုတော့ တော်တော်ငတ်တဲ့ ကောင်ဟုများ ယူဆသလားမသိ။ ကျနော် မုန့်လေပွေကို မျောက် ပဲကြီးလှော်စားသလို ၀ါးနေသည့်အတွက် ဆရာမလေးများက ခဏခဏ ပြုံးစိစိဖြင့် ကြည့်ကြရင်း သူတို့ချင်းလည်း မသိမသာ လက်တို့နေကြသည်ကို မြင်မိ၏။

* * * * * * * * * * * *

ဆွေးနွေးပွဲမပြီးခင် ကျနော် အပေါ့သွားဦးမည်ဟု တပ်ရင်းမှူးကို အနားကပ် ခွင့်ပန်ပြီး ကျောပိုးအိတ်ကိုလွယ် သေနတ်ကို ခါးလည်မှ ကိုင်ကာ အိမ်ပေါ်လူအုပ်ကြားမှာ ခေါင်းငုံ့ခါးကိုင်းရင်း လှေကားသို့ လျှောက်လာ၏။ ပြီးတော့ ဓာတ်မီးကို ပါးစပ်နဲ့ကိုက် တောစီးဖိနပ်ကို စွပ်ရင်း အိမ်ပေါ်မှ ဆင်းလာ၏။

ကျနော့် ဓာတ်မီးရောင်ကြောင့် မှောင်မဲနေသည့် အိမ်အောက်နား ထင်းပုံဘေးတွင် ရပ်နေသည့် နန်းယဉ်ကို တွေ့လိုက်ရ၏။ နန်းယဉ်ကိုတွေ့တော့ အမှောင်ထုထဲမှာ ၀မ်းသာအားရ ကျနော်နှုတ်ဆက်လိုက်၏။
`အကို … အိမ်လည်လိုက်ပါနော်´
`ဟာ … နန်းယဉ် ဗမာလို ပြောတတ်တယ်လား ... ဒါဆိုအရင်အစောက ဘာလို့ မပြောတာလဲဗျာ ´
`ပြောနေမကျဘူးလေ အကို… မပြောထွက်ဘူး မှားမယ် စိုးတယ်လေ´
`အော် နန်းယဉ်ရယ် …´ ကျနော်က ဖြေးဖြေးသက်သာ နှုတ်ဖျားမှ သူ့နာမည်လေး ရွတ်မိရင်း … သူနှင့်အတူတူ သူဦးတည်ရာဖက်သို့ လိုက်ပါသွားမိတော့၏။ သူမ၏ ရှမ်းသံဝဲ၀ဲ အသံလေးက ချစ်စရာကောင်းလှဘိ ...။

သူ့အိမ်လေးက ရွာစွန်ခပ်ကျကျ နေရာလေးမှာ …။ အိမ်ဆိုသော်လည်း စုတ်ချာပြီး လုံခြုံမှုကင်းမဲ့လှသည့် တဲစုတ်လေး …။ သူ့အိမ်သွားတဲ့လမ်းမှာ ကင်းချိန်း ပြန်လာသော ရဲဘော်တယောက်နှင့် တွေ့၏။ သူက ဓာတ်မီးဖြင့် လှမ်းထိုးကာ ကျနော့်ကို နောက်လိုက်၏။
`တပ်ရင်းမှာ ပထမဆုံး မိန်းမရတယ်ဆိုတဲ့ ဘွဲ့ကိုယူဖို့ အပြင်းအထန် ကြိုးစားနေတယ်ပေါ့လေ´
`ဟာ မင်းအဘ ဟုတ်ပါဘူးဟ … အိမ်လည်ခေါ်လို့  ဆွေးနွေးပွဲက လစ်ထွက်လာရင်း လိုက်လာတာ´
`ငါသိပါတယ် … သာလိကာရယ် ´ဟု သူကပြန်ပြောကာ နန်းယဉ်အား …
`စိတ်မဆိုးနဲ့ အမ ကျနော်တို့က ဒီလိုပဲ တယောက်နဲ့တယောက် နောက်နေကျ´ဟု ပြောတော့ နန်းယဉ်က ပြုံးနေ၏။

လရောင်လင်းလိုက် တိမ်သားတွေ ပြေးလွှားဖုန်းကွယ်လိုက် ညအလင်းမှုန်ရီရီအောက်မှာ မမြင့်တမြင် မြင်လိုက်ရသော သူ့ အပြုံးနှင့် သနပ်ခါးနံ့ သင်းသင်းလေးသည် ကျနော့်ရင်အား အေးမြငြိမ်းချမ်းစေ၏။ စစ်ကြီးတခုလုံးကို မေ့သွားစေနိုင်၏။ အင်းဖက်မှ တိုက်ခတ်လာသော အင်းနံ့သင်းသည့် လေပြေအိအိသည် သူမ၏ ဆံနွယ်များအား တိုးဖွကစားသွားချိန်တွင် ထိုဆံမျှင်တို့ ကျနော့်ပါးပြင်အား တို့ထိ ကစားသွားသည်အထိ ကျနော်တို့နှစ်ယောက် တယောက်နှင့်တယောက် နီးကပ်စွာ လျှောက်နေမိရင်း တံခါးဆို၍ မရှိသော သူ့အိမ်လေးထဲသို့ ၀င်လိုက်ကြ၏။

သူ့ညီမလေးနှင့် အမေကြီးသာရှိ၏။ နန်းယဉ်တွင် အဖေမရှိတော့။ နန်းယဉ်က သူ့ ညီမလေးနှင့် သူ့အမေကို တရွာလုံးတွင် အိမ်အလုပ်များ ကူလုပ်ရင်း ငါးရှာရင်း နွားကျောင်းရင်း စပါးစိုက် စပါးရိတ်ရင်း အင်းစပ် မြေပြန့်ကြားမှ လယ်ယာကွက်များ အင်းရေပြင် စိမ်းကြည်လဲ့များ အားကိုးဖြင့် ဘ၀ရပ်တည်နေရသူဖြစ်၏။

ထင်းရူးဆီ မီးရောင်အောက်တွင် လက်ဖက်ဆီတက်နေသော ညိုညစ်ညစ် ရေနွေးကြမ်း ပန်းကန်လုံးလေးကို ကိုင်ကာ ရေနွေးသောက်ရင်း သူ့ မျက်လုံး လင်းလင်းလက်လက်လေးတွေ တဖျပ်ဖျပ် အရောင်တောက် ကြည်နူးနေသည်ကို ကြည့်ရသည်မှာ ကျက်သရေရှိလှလွန်း၏။ လောကကြီးသည် ပြီးပြည့်စုံလွန်း၏။ ဘ၀သည် နေပျော်လွန်းလှ၏။

ရန်ကုန်မြို့တော်အကြောင်း၊ မန္တလေးမြို့အကြောင်း၊ လူကျပ်သော ရထားတို့အကြောင်း၊ တိုးမပေါက်သော ဘတ်စ်ကားတို့အကြောင်း၊ မြို့ပြလက်ဖက်ရည်ဆိုင်လေးများတွင် သီချင်းနားထောင်ရင်း သူငယ်ချင်းများနှင့်
ညနက်လျှင် ဂစ်တာတီးကြသည့်အကြောင်း၊ ကျောင်းအကြောင်း၊ ကျောင်းသူမလေးများအကြောင်း …
ထွေရာလေးပါး ကျနော်လွမ်းမိသည်များအား ပြောပြနေသည့် တပြိုင်နက်တည်း ကျနော့်ရှေ့၌ ဘေးစောင်းလေး လက်ထောက်ထိုင်နေသည့် နန်းယဉ်ကို ကြည့်ကာ ကျနော် ဆို့နင့်ကြေကွဲလာမိ၏။ စိတ်ထဲတွင်လည်း `အော် … မနက်ဖြန် ငါတို့ ခရီးပြန်ထွက်ရတော့မှာပါလား ´ဟူသော အသိဖြင့်…။

ညက နက်လှပြီ။
ကျနော် ပြန်တော့မည်ဆိုတော့ နန်းယဉ်က သူလိုက်ပို့ မည်ဟု ပြောသည်။
ကျနော် နန်းယဉ်နှင့် ပြန်လာရင်း လမ်းတွင် မနက်ဖြန်မနက် ကျနော်တို့ ခရီးထွက်တော့မည့်အကြောင်း ပြောတော့ အားနည်းသော လအလင်းတန်းအောက်တွင် နန်းယဉ်၏ မျက်နှာလှလှလေး မှိုင်းညိုမှုန်ရီသွား၏။ ခေါင်းကလေး ငုံ့သွား၏။ အံကလေးကို တင်းတင်းကြိတ် ကိုက်ထားသည်ကို ကျနော် မထင်မရှား မြင်နေရ၏။ ကျနော်လည်း လမ်းသာလျှောက်နေသည် ရှေ့ကို မကြည့်ဖြစ်။ ကျနော့်ထက် ပုသော သူမအား ဘေးစောင်း ငုံ့ငဲ့ကြည့်ရင်း လျှောက်လာရသော ခြေလှမ်းများသည် မဲနယ်တောင်တန်းကြီး တခုလုံးနှင့် ကယန်းတောင်တန်းစဉ်ကြီး တခုလုံးအား ထမ်းပိုးလျှောက်နေရသည့်နှယ်…။

`မကြာခင် အကိုပြန်လာမှာလား ဟင်´
`မပြောတတ်ဘူး နန်းယဉ်၊ ဒါပေမယ့် ပြန်လာဖြစ်အောင် ကြိုးစားမှာပေါ့´
`ဟုတ်ကဲ့ …´ဆိုသော သူ့ အသံသည် တုန်ယင်ကြေကွဲစွာ …။ သူအမြတ်နိုးဆုံး အရာတခုအား သူ့လက်တွင်းမှ အသာတကြည် ဆုံးရှုံးသွားရခြင်းအား မတားနိုင် မကာကွယ်နိုင်သည့် ခံစားမှုဖြင့် သူခေါင်းပြန်မော့တော့
အင်းလေပြေ အသော့တွင် ၀ဲကနဲ ကြွေကျသွားသော မျက်ရည်စက်တို့က မှုန်ဝါးလရောင် ရိုက်ခတ်ကာ ဖျတ်ကနဲ ကျနော့်အမြင်အာရုံကို စူးနစ်သွားစေခဲ့၏ …။

ကျနော့်နှုတ်ခမ်းတွေ တုန်နေ၏။ ကျနော့်ဘ၀မှာ တခါမှ ရည်းစားစကား မပြောဖူးခဲ့။
ကျနော် ဘယ်က စပြောရမှန်းမသိ။ မပြောလို့ကလည်းမဖြစ် ကျနော်နှင့်သူ အတူရှိနေသည့် နောက်ဆုံး နာရီပိုင်းများ ဖြစ်သည်။
`နန်းယဉ် ဟောင်းဟပ်စူ အဲဒါ … အဲဒါ´
ကျနော် ဆက်မပြောရဲတော့ … အဲဒါ ... အဲဒါနှင့် စကားက မထွက်တော့ …၊
`အကို့ကို ချစ်တယ် အကို´ဟု နန်းယဉ်ကလည်း တုန်တုန်ရီရီ ပြန်ဖြေလာရှာ၏။
ကျနော်တို့ တည်းခိုသော အိမ်နားသို့ ရောက်လာပြီ …။

ကျနော် နန်းယဉ်ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်လျက် သူ့မျက်နှာလေးကို ကြည့်တော့ ကျေနပ်လွန်းသည့် အပြုံးဖြင့် အားတင်းထားသည့် နှုတ်ခမ်းဖြင့် ကျနော့်ကို မော့ကြည့်နေ၏။ ကျနော် သူ့မျက်နှာလေးကို လရောင်အောက်တွင် တစိမ့်စိမ့် ကြည့်နေလိုက်ရင်း …
`နန်းယဉ်ကို အကိုပြန်ပို့ ပေးမယ်နော် ´
`အကိုရယ် အကို့ကို နန်းယဉ်က ပြန်ပို့တာလေ၊ အကိုက ပြန်ပို့လိုက် နန်းယဉ်က ပြန်ပို့လိုက် တညလုံး ကုန်သွားမှာပေါ့၊ နှမြောစရာ ... ဒီရွာမှာ နန်းယဉ်မွေးတယ်လေအကို စိတ်ပူဖို့ မလိုဘူးလေ အကို´
`အင်း … နန်းယဉ် ဒါဆို အကို အိပ်တော့မယ်နော်´ဟု ကျနော် သူ့ကိုပြောရင်း သူ့ပါးပြင်လေးအား နမ်းချင်မိ၏။ သူ့ခန္ဓာကိုယ်လေးအား ပွေ့ဖက်ထားချင်မိ၏။ သို့သော် ကျနော့်ဘ၀က မရေရာပါ။ ကျနော်တို့က တော်လှန်ရေးသမားတွေ ဖြစ်သည်။ စိတ်အလိုကို လိုက်ကာ ချစ်သူကို တွယ်တာမိလျှင် ကျနော် တော်လှန်ရေး ဆက်လုပ်နိုင်ပါ့မလား ဆိုသည့်အဖြေက မရေရာ။

ဒီတော့ … စိတ်ကူးထဲတွင်သာ ကိုယ့်ရှေ့ရပ်နေသော ချစ်ရသူကို ပွေ့ဖက်နမ်းရှိုက် လိုက်မိချိန်တွင် နန်းယဉ်သည်လည်း ခေါင်းလေးမော့ကာ မျက်လုံးလေး ဖွဖွမှိတ်ရင်း အသက်မျှဉ်းမျှဉ်းရှူလျက် အားကျကျေနပ်ပြုံးဖြင့် တဒင်္ဂ ခဏ သူ့ရင်ထဲမှာလည်း သာယာ မိန်းမောမိသွားပုံ …။
`အကိုစာရေးမယ်နော် နန်းယဉ် … နန်းယဉ်လည်း စာရေးနော်´
`အကို နန်းယဉ် စာမတတ်ဘူးလေ ´
ကျနော့်ရင်ထဲ နင့်သွားမိ၏။
`ဒါပေမယ့် အကို နန်းယဉ် ကြိုးစားမယ်လေ နော်´ဟု မရေရာသေးသော ခရီးဝေးကြီးတခုကို ထွက်ခွာတော့မည့် ချစ်သူအား ကတိပေးရှာ၏။

ဆက်ဖတ်ပါရန် …
ကိုမွှေး

No comments: