Thursday, November 7, 2013

လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ် (သရော်စာ)

(တစ်)

သို့

ဂျက်ဆရာ
ရွှေပွတ်မြေထက်ဟိန်း ကွယ်လွန်ရှာ
သို့ဖြစ်သောကြောင့်
အမြန်လာ။

ဒါပဲဖြစ်ပါသည်။ မှန်ချေ၏။ ဒါပဲဖြစ်ပါသည်။ ဂျက်တို့၏ စာပေလောက တစ်နံတစ်လျားတွင် အဘယ်ကဲ့သို့သော အမျိုးကောင်းသား တစ်ယောက်ယောက်က စတင်၍ မှည့်ခေါ်ခဲ့လေမှန်း မသိသော လေထန်ကုန်းဟူသည့် အမည်နာမဖြင့် ထင်ရှားခြင်းအတိရှိပေသော လက်ဖက်ရည်ဆိုင် ပေါက်စနလေးမှတစ်ဆင့် ရန်ကုန်မြို့တော်တွင် ခေတ္တနားခို၍နေသော ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်းထံ ရောက်ရှိ၍လာသော အနှီစာကလေးမှာ အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း တိုနံ့နံ့ကလေးသာလျှင် ဖြစ်ဘိပါချေသည်။

သို့ကလို တိုနံ့နံ့ကလေးသာလျှင် ဖြစ်ငြားသော်လည်းပေါ့၊ ရွှေပွတ်မြေထက်ဟိန်း ဟူသော အမည်နာမ၏ နောက်မှနေ၍ ကွယ်လွန်ရှာ ဟူသော စကားက ဆက်၍လိုက်လာပြီး သကာလ အမြန်လာ ဟူ၍လည်း တွန်းတွန်းတိုက်တိုက် ဆင့်ဆိုထားခဲ့ပြန်ပါလေရာ ကျွန်ုပ် ဆရာကြီးဂျက်ခမျာမှာ အတော့်ကိုပင်လျှင် အတွေးဇာတ် မဆုံးစရာများဖြင့် ထွေးပတ်လုံးကာ သွား၍ နေပေတော့၏။

သြော် … ကိုထက်ဟိန်း … ကိုထက်ဟိန်း။ သပွတ်အူကျေးရွာ၏ ဂုဏ်ဆောင် ရွှေပွတ်မြေထက်ဟိန်း ဟူသော ကလောင်တစ်ချောင်းဖြင့် လောကကောင်းကျိုးကို သူတတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ခဲ့သူကြီး ကိုထက်ဟိန်း။ အခုတော့ဖြင့် သူ့ဘ၀ တစ်ဇာတ်သိမ်းခဲ့ရှာပေပြီ။ ဘာရောဂါနဲ့များ ဆုံးခဲ့ရှာသလဲမသိ။ ဘယ်နေ့က ဆုံးခဲ့ရှာလေသလဲကိုလည်း မသိ။ ဘယ်နေ့ သင်္ဂြီုဟ်မည်ဆိုတာကိုလည်း မသိ။ အနှီစာကို ရေးပို့သူ ကောလိပ်သောင်း ဟူသည်မှာကား ခက်ခက်လှပါဘိတော့သည်။ ရေးသူ၏ အမည်ကိုမျှ ဖော်ပြမထားသော သူ၏စာကိုပင်လျှင် ဂျက်ဆရာဟူသည့် အခေါ်အဝေါ်ကြောင့် သူရေးမှန်း သိလိုရခြင်း ဖြစ်ပါ၏။

မှန်ပါသည်။ သပွတ်အူတစ်ရွာလုံးတွင် ကျွန်ုပ်ဆရာကြီးဂျက်ကို အများခေါ်သလို ဆရာဂျက်ဟု မခေါ်ဘဲ ဂျက်ဆရာဟု ပြောင်းပြန်ခေါ်သူမှာ ကောလိပ်သောင်း တစ်ဦးသာလျှင် ရှိပါသည်။ အခု သူက ဂျက်ထံကို စာပို့ခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဂျက် သွားရပါမည်။ ရွှေပွတ်မြေထက်ဟိန်း ဟူသည်မှာ ကျွန်ုပ်၏ ခင်မင်ရသော မိတ်ဆွေလည်းဖြစ်၊ စာပေအနုပညာအပေါ် သစ္စာကြီးသူလည်းဖြစ်၊ ထို့အပြင် သူ၏ နောက်ဆုံးခရီးလည်း ဖြစ်နေခဲ့ပေရာ ကျွန်ုပ်အဖို့ မပျက်မကွက်ရန် လိုအပ်လှပါသည်။ သို့နှင့် အနို့နှင့်သာပဲပေါ့။ တိုက်စိုးစာ တိုနံ့နံ့ မဟုတ်ရလေသော ကောလိပ်သောင်းစာ တိုနံ့နံ့ ကလေးက ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်းကို မဟာရန်ကုန် ရွှေမြို့တော်ကြီးမှနေ၍ ကျေးတော သပွတ်အူသို့ ခေါ်ဆောင်သွားခဲ့ပါပေသတည်း။

(နှစ်)

ရင်ထဲတွင် ဆို့တစ်ကြီး ဖြစ်သွားသည်ဟု ပြောရလေမည်လား၊ သို့မဟုတ် တစ်ဆို့ကြီး ဖြစ်သွားသည်ဟု ပြောရလေမည်လား၊ ဒါမှမဟုတ် တစ်ဆို့ တစ်ဆို့ကြီး ဖြစ်သွားသည်ဟု ပြောရလေမည်လား ဘယ်ကဲ့သို့ ပြောရလေမည်မှန်းကိုပင်လျှင် ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်းမှာ မသိတတ်နိုင်ပါတော့ပေ။ မှန်ပါသည်။ ရွှေပွတ်မြေထက်ဟိန်း၏ ဇနီးသည်နှင့်တကွ သမီးများ၊ သားများက ကျွန်ုပ်ကို လှမ်းတွေ့လိုက်လျှင် တွေ့လိုက်ချင်းမှာပင် “ကိုထက်ဟိန်းရေ ဆရာကြီး ဂျက်ကွမ်းခြံကုန်း လာပြီတော့”ဟု ဟစ်ကာ ဟစ်ကာ တငိုလိုက်လေသောအခါ သပွတ်အူကျေးရွာ၏ လမ်းမတလျှောက် လမ်းလျှောက်၍ လာနေသော ကျွန်ုပ်၏ ခြေလှမ်းအစုံမှာ တုံ့ခနဲ ဖြစ်သွားမိသည်မှာကား အမှန်ပင် ဖြစ်ပါသည်။ ရင်ထဲမှာလည်း ဘယ့်နှယ် ဘယ့်နှယ်ကြီး ဖြစ်သွားလေမည်မှန်းကို မသိပါလေတော့။

အိမ်ရှေ့တွင် အသင့်ပြင်ထားလေသော ခေါင်းတလား၊ ဟိုမှာ သည်မှာ ချထားသည့် ပန်းခွေ ပန်းခြင်းများ၊ သပွတ်အူဒေသခံ အနုသုခုမသမားများ၊ ဟိုမှသည်မှ ဧည့်သည်စောင်သည်များ၊ ကင်မရာ တကိုင်ကိုင်နှင့် ဓာတ်ပုံသမားများ၊ ဗွီဒီယိုစက်နှင့် လူပုဂ္ဂိုလ်များ၊ ယပ်တောင်ဝေသူ လက်ကမ်းကြော်ငြာ (pamphlet) ဝေသူ လူငယ်လူရွယ်များ စသည်ဖြင့် ရှုပ်ပွနေသော လောကီထုပ္ပတ် လူတို့ဇာတ်၏ အလယ်တွင် ကျွန်ုပ်ဂျက်မှာ မူးနောက် မူးနောက်ဆိုသလို ဖြစ်သွားမိရာမှ အိမ်ခေါင်းရင်း တစ်နေရာတွင် ထိုင်ချမိရုံရှိသေး တောင်းဆိုမှုကြီးတခုက အသင့်စောင့်ဆိုင်း၍ နေတော့သည်တည့်။

“မျှော်လိုက်ရတာ ဆရာကြီးဂျက်ရာ၊ အသုဘချမယ့်နေ့ အချိန်မီရောက်လာပေလို့ပေါ့၊ ကဲ … ဆရာထက်ဟိန်းရဲ့ ဈာပနမှာ ဆရာကြီးဂျက်ကပဲ ဦးဆောင်ပေတော့ဗျာ”

ရွှေပွတ်မြေထက်ဟိန်း၏ မိသားစု၊ ကျောင်းဆရာကလေး မောင်ဝင်းခိုင်၊ အနုပညာချစ်သူ ကောလိပ်သောင်း၊ ရပ်မိရပ်ဖ လူကြီးသူမများကပါမကျန် ဆရာ ရွှေပွတ်မြေထက်ဟိန်း ဈာပန ကောင်းမွန်တင့်တယ်စွာ မြေကျနိုင်ရေးအတွက် ကျွန်ုပ်က တာဝန်ယူရန် ပန်ကြားသမှုပြု လာလေသောအခါ ငြင်းပယ်ခြင်းငှာ မစွမ်းသာခဲ့ချေလေတော့သည်တကား။

(သုံး)

အနှီစာရေးဆရာ ရွှေပွတ်မြေထက်ဟိန်း၏ ဈာပနအခမ်းအနား၌ ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်း အနေနှင့် ဦးစွာမဆွ စိတ်ရှုပ်ထွေးသွားရချေသည်မှာကား လူငယ်လေးတယောက်ကြောင့်ပင်လျှင် ဖြစ်ပါသည်။ အဆိုပါ လူငယ်ကလေးကို တော်တော်စောစောကပင်လျှင် ကျွန်ုပ်က သတိပြုမိခဲ့ပြီး ဖြစ်ပါ၏။ တိုက်ပုံအနက်ကြီးကို ၀တ်လို့။ မျက်မှန်အမည်းကြီးကို မချွတ်စတမ်းတပ်လို့။ ရှုသိုးသိုးမျက်နှာနှင့် လက်ကြီးပိုက်ပြီး ခေါင်းတလား၏ ခေါင်းရင်းဘက်မှာ ထောင်ထားသော သွားလေသူ၏ ဓာတ်ပုံကြီးအနီးမှာ တောင့်တောင့်ကြီး ရပ်ကာနေဘိ၏။ ပွင့်ပွင့်လင်းလင်း ၀န်ခံကြစတမ်းဟေ့ဟု ဆိုရလျှင် ထိုသူငယ်၏ ဟန် မာန် ဌာန်တို့ကို ကြည့်ကာ ကျွန်ုပ်အနေနှင့် အနည်းငယ် တွန့်မိ ရွံ့မိသည်မှာကား အမှန်ပဲ ဖြစ်ပါ၏။ နှယ်နှယ်ရရ ဘုတ်အုပ်သမားထဲကတော့ မဟုတ်ဟူသော အတွေးဖြင့် အနီးတွင်ရှိသော မိတ်ဆွေတဦးကိုပင်လျှင် အသာလက်တို့၍ မေးမိခဲ့ပါ၏။ သည်တော့မှ သိရသည်မှာ အနုပညာဝါသနာပါစ စာပေပွင့်လွကလေးတစ်ဦးဖြစ်ပြီး ကျန်ခဲ့သောလထုတ် မဂ္ဂဇင်းဘုတ်အုပ်တခုထဲတွင် သူ၏ကဗျာတပုဒ်ကို ရွေးထားကြောင်း စာရင်းပါသွားသည်ဟု ဆို၏။ ယင်းမှစကာ အတော်ကို ဟန်တွေ မာန်တွေ ဌာန်တွေနှင့် ဖြစ်သွားသည်ဟုလည်း သိရချေသည်တမုံ့။

အနှီလူငယ်သည် ကျွန်ုပ်ရောက်ရှိသွားသည့် အချိန်မှစ၍ နောက်ဆုံး အသုဘချသည်အထိ ထိုခေါင်းတလား၏ထိပ် ဓာတ်ပုံအနီးမှ မခွာချေ။ သူ့ခမျာ စာရေးဆရာ ရွှေပွတ်မြေထက်ဟိန်းအပေါ် တန်ဖိုးထားလွန်းရှာ၊ ဂရုဏာသက်လွန်းရှာ၊ လေးစားလွန်းရှာသောကြောင့် သို့နှယ် အနို့နှယ် တွယ်ကပ်နေလေရော့သလားဟု မဆွက ထင်မှတ်မိခဲ့သော်လည်း စင်စစ်ကား မဟုတ်လေ။ ရွှေပွတ်မြေထက်ဟိန်း၏ ခေါင်းတလားကို စာနယ်ဇင်းတွေက ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်ကြ၏။ သင်းကို ကွင်းရှောင်မရ။ ဓာတ်ပုံထဲမှာ မိန့်မိန့်ကြီး ပါသွားပြန်၏။ ဗွီဒီယိုသမားတွေကလည်း သူတို့၏ ဗွီဒီယိုတိပ်သားပေါ်တွင် ရွှေပွတ်မြေထက်ဟိန်း၏ နောက်ဆုံးအချိန်ကို မှတ်တမ်းတင်ထားရန် လုပ်ကြပြန်၏။ သင်းကို ကွေ့ရှောင်၍မရ။ ဗွီဒီယိုထဲမှာ ခံ့ခံ့ကြီး ပါသွားပြန်၏။ ကဗျာတပုဒ် ရွေးထားရုံရှိသေး သင်းကလေးက အတော့်ကို နေရာယူလျက် ရှိချေပြီ။ ထားတော့။

အနို့နှင့် နေအတန်ငယ် စောင်းလာ၍ အသုဘချရန် ပြင်ဆင်ကြလေသောအခါ ကျွန်ုပ်က သပွတ်အူမှ ကျောင်းဆရာလေး မောင်ဝင်းခိုင်ကို ရွှေပွတ်မြေထက်ဟိန်း၏ ဓာတ်ပုံကြီးကို ကိုင်ပြီး ရှေ့ဆုံးမှ ထွက်လာရန် စီစဉ်မည်ဟု ကြံရုံရှိသေး အဆိုပါ သူငယ်ကလေးသည် ဓာတ်ပုံကို ဆတ်ခနဲ ဆွဲယူကာ ရင်ခွင်မှာ ပိုက်ထားလျက်က အထူးဝမ်းနည်း ကြေကွဲနေသောဟန်ဖြင့် တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းထွက်၍ လာနေပေတော့ရာ ကျွန်ုပ်တို့လည်း မနေသာတော့ဘဲ အခေါင်းထမ်းသူ ထမ်း၊ ကန်တော့ပွဲရွက်သူ ရွက်နှင့် သူ့နောက်ပါးမှ ရုတ်ရုတ်သဲသဲ ဆိုသလို လိုက်ခဲ့ကြရပေသည်တမုံ။

(လေး)

ရွှေပွတ်မြေထက်ဟိန်း၏ ဈာပနကို ပြာချမည့် ညနေခင်းသည်ကား နွေရက်များ ကုန်ဆုံးခဲ့ပြီ ဖြစ်ပေ၏။ သို့သော် မိုးရာသီသို့လည်း လုံးလုံးမ၀င်သေးသော ရက်များဖြစ်ပေရာ ရာသီဥတုမှာ အိုက်စပ်စပ်ကြီး ဖြစ်၏။

သပွတ်အူရွာ၏ အပြင်ဘက် သုဿာန်ရှိ ဇရပ်ထဲတွင်ကား စာရေးဆရာ ကိုထက်ဟိန်းအပေါ် သံယောဇဉ်ရှိသူများဖြင့် ပြည့်နှက်နေပြီး ယပ်တောင် တဖျပ်ဖျပ် ခတ်၍ခတ်၍သာလျှင် နေကြပေ၏။ ဇရပ်ထောင့်တစ်နေရာတွင် ပြင်ချထားသည့် ခေါင်းတလား၏ ခေါင်းတထား၏ ပတ်ပတ်လည်တွင်ကား စာပေ၀ါသနာရှင်တချို့၊ စာဖွဲ့စ ကဗျာဖွဲ့စ တချို့တို့က မိမိတို့၏ မျက်ခွက်တော်ကြီးများ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ဘုတ်အုပ်တွေထဲ၌ ရှုမောမဆုံး ပါသွားကြရန် အလို့ငှာ အတင်းပေကပ်ပြီး ၀ိုင်းရပ်နေကြရာ ကာယကံရှင် မိသားစုတို့မှာ သူတို့၏ ကျေးဇူးရှင်အပါးသို့ လားလားမှ ကပ်ခွင့်မရကြရှာပေ။ သြော် တို့သား တို့လင် ကျေးဇူးရှင်သည် တိုတစ်တွေသာမက အများနှင့်ပါဆိုင်သော ပုဂ္ဂိုလ်ပေးတကားဟူသော မျက်နှာပေးကလေးများဖြင့် ခပ်လှမ်းလှမ်းကသာ ကွက်ကြည့်ကွက်ကြည့် နေကြရရှာကုန်၏။

ထိုနေ့ညနေက သရဏဂုံတင်ပြီး၍ သံဃာတော်ငါးပါးတို့ ပြန်ကြွသွားပြီးသည့် သကာလ မရှေးမနှောင်းမှာပင်လျှင် ရုတ်ရုတ်ရက်ရက်ကလေးတွေက စလာခဲ့ပါသည်။ ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်း တဦးတည်းသဘောအရ ပြောရလျှင် ဈာပနကို နေမစောင်းမီ စောစောစီးစီး သင်္ဂြီုဟ်ပစ်လိုက်ချင်ဘိ၏။ သို့သော် သပွတ်အူရွာထိပ် လယ်ကွင်းပြင် အလယ်မှ အသုဘဇရပ်ထဲတွင် ကျပ်ခဲနေသော လူတွေအကြားမှနေ၍ ကျွန်ုပ်အား တိုင်တည်ပြောကြားဟန်ကို ခပ်သဲ့သဲ့ကြားလိုက်ရသည်နှင့် ဇာတ်သွားရှည်တော့မည် ဆိုသည်ကို ရိပ်စားမိလိုက်ပေသည်။

“ဆရာကြီးဂျက်နဲ့ ညှိပါ၊ ဆရာကြီးဂျက်နဲ့ ညှိပါ”

ဘာများပါလိမ့်။ ရွှေပွတ်မြေထက်ဟိန်း၏ ခေါင်းတလားကို အလယ်တွင်ထားကာ အရှေ့အနောက် တောင်မြောက် ရှုပ်ယှက်ခတ်အောင် သွားလာနေကြသော ဧည့်ပရိသတ်တွေကြားမှနေ၍ အနှီအသံ ထွက်လာခဲ့ပြီးနောက် အားလုံးက ကျွန်ုပ်ကို ၀ိုင်းကြည့်လိုက်သောအခါ ကျွန်ုပ်မှာ မနေသာတော့ဘဲ ရှေ့ကိုထွက်လာခဲ့ရလေသည်။

“စာတမ်းဖတ်ပါရစေ ဆရာကြီးဂျက်၊ စာတမ်းဖတ်ပါရစေ၊ ဂုဏ်ပြုစာတမ်းပါ”

သြော် … စာတမ်းဖတ်ကြလေမတဲ့။ ရွှေပွတ်မြေထက်ဟိန်းကို ဂုဏ်ပြုသောစာတမ်း ဆိုပါ့လား။ ဖတ်လေ။ ဖတ်ကြပေါ့။ သို့သော် အနောက်ဘက် တောင်တန်းများပေါ်မှာက နေအတော်စောင်းသွားခဲ့ပြီ။ ဧည့်ပရိသတ်များမှလည်း နေပူပူကြီးမှာ ပင်ပန်းလှပြီ။ ကာယကံရှင် မိသားစုကလည်း သူတို့၏ ကျေးဇူးရှင်ကို ၀အောင်ကြည့်ကာ သင်္ဂြီုဟ်လိုလှပြီ။

“ဖတ်ပါ ဖတ်ပါ ခပ်သွက်သွက်ကလေးပေါ့”

ကျွန်ုပ်က ခွင့်ပေးလိုက်သည်နှင့် သပွတ်အူ အနုပညာအသိုင်းအ၀ိုင်းမှ လူရွယ်တစ်ယောက်သည် တိုက်ပုံတဖားဖား၊ မျက်မှန်တကားကားဖြင့် လူရှေ့ကိုထွက်လာပြီး သူ၏စာတမ်းကို စပါလေတော့သည်။ သူက မျက်မှန်အပေါ်မှ ကျော်ကာ စာရွက်ကိုကြည့်လျက် …

“အသင် ရဲဘော် ရွှေပွတ်မြေထက်ဟိန်း ကျွန်ုပ်တို့၏ မြန်မာစာပေအနုပညာသည် အေဒီ ၁၁ရာစု ပုဂံခေတ်ကပင်လျှင် စတင်လာခဲ့ပေသည်။ ပုဂံခေတ် အမိမြန်မာနိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို စေ့ငုလိုက်လေသောအခါ …”

ပရိသတ်အပေါင်းဆီမှ တညီတညွတ်တည်း ချလိုက်သည့် သက်ပြင်းချသံကြီးသည် ကျွန်ုပ် ဆရာကြီးဂျက်ကိုပင် လာရောက် ဆောင့်ဝင်လာခဲ့ပေသည်။ အင်း သူ့စာတမ်းကို အခြေတည်ထားပုံက ၁၁ရာစုက စတင်ထားသည် ဆိုတော့ ၂၀ရာစုနှောင်းပိုင်းတွင် အနိစ္စရောက်သော ရွှေပွတ်မြေထက်ဟိန်းအထိ ရောက်အောင် အတော့်ကို အချိန်ယူမည့်ပုံ ရပါသည်။ တောင်စွယ်မှာကား နေကွယ်သွားလေမလားမသိ။ ကျွန်ုပ်သည်ကား မသက်သာသော မျက်နှာများဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ကာယကံရှင် မိသားစုကို အားတောင့်အားနာစွာ လှမ်းကြည့်လိုက်ခဲ့မိပေသည်။

(ငါး)

ထိုညနေက အနှီစာတမ်းရှင်က သူ၏ စာတမ်းရှည်ကြီးကို ဖတ်ချင်သလို ဖတ်ပြီးသည့် သကာလ သပွတ်အူရွာခံ ကဗျာချစ်သူနှစ်ဦးက ကဗျာများကို ရွတ်ဆိုသမှု ပြုခဲ့လိုက်ပြန်ပေရာ ဘာဏုရာဇာ နေမင်းကြီးသည်ပင် ဟိုးအနောက်တောင်စွယ်မှာ မေးတင်သွားခဲ့ပါလေသည်။ ရှင်းရှင်းပြောကြစို့ဟေ့ဟု ဆိုလျှင် ပရိသတ်များသာမက ကျွန်ုပ်ဆရာကြီးဂျက်ရော ကာယကံရှင်များကပါ အနှီဈာပနကို မြန်မြန်ပြာချစေချင်ကြပြီ ဖြစ်ပါ၏။ သို့သော် အနို့သော်လည်းပေါ့ တမ်းမဆုံး လွမ်းမဆုံး ဖြစ်နေကြသူများကိုကြည့်ကာ အတော့်ကိုပင်လျှင် အောင့်အည်းသည်းခံ၍ နေကြရပါသည်။ သို့နှင့် ခေါင်းကို မကာ သင်္ဂြီုဟ်ရန် ဟန်ပြင်ဆဲမှာပင် တယောက်က လူအုပ်ထဲမှ ထွက်လာပါသည်။

“ခဏလေး ခဏလေး ကျနော် ၀မ်းနည်းစကား ပြောပါရစေ”

သြော် … ခက်ချေသည်တည့်။ သပွတ်အူကျေးရွာမှာသာမက ရန်ကုန်ရွှေမြို့တော်အထိ ပေါက်ရောက်သွားအောင်ပင် ၀တ္ထုရေးဖွဲ့ရာ၌ နာမည်ကျော်သော ပုဂ္ဂိုလ်က ၀မ်းနည်းစကား ဆိုပါဦးမတဲ့။ ဆိုလေ။ ဆိုပေါ့။ ထိုပုဂ္ဂိုလ်ကား ပြန်သူတွေ ပြန်သွားကြ ကျန်ခဲ့သူတွေကလည်း တဝေါဝေါနှင့် ဆူညံနေသည့် ကြားမှပင် ၀မ်းနည်းစကားကို ဆိုချေ၏။ သို့သော် သူ၏ စကားမှာ အဆုံးထိအောင် ရောက်မသွားရှာပါ။ ခမျာကလေးည်း ခရီးပဲ ပန်းရှာလို့လား၊ လူတွေကြားထဲမှာ ချွေးထွက်ပဲ လွန်သွားလို့လားမသိ။ ရိပ်ကနဲ မူးလဲသွားပါသည်။ သို့သော် သိပ်အကြာကြီးတော့ကား မဟုတ်။ စဉ်းငယ်မျှနှင့်ပင် လူးလဲ၍ ထလာပါ၏။ သို့သော် ထပြီးလျှင်ပြီးချင်း သူ၏ပြုမူပုံနှင့် ပြောချလိုက်ပုံများကမူ လူအပေါင်းတို့ကို တွန့်ကနဲ ဖြစ်သွားစေပါသည်။ သူက ဓာတ်ပုံဆရာထံ ပြေးသွားပါသည်။ ပြီးမှ …

“ညီလေး ကိုယ်မူးပြီး လဲကျသွားတဲ့ပုံကို ရိုက်ထားလိုက်လား”
“မရိုက်လိုက်ရဘူး အကို၊ ဖလင်ကုန်သွားလို့”
“မင်းကွာ ဒါအသက်ကွ၊ မဂ္ဂဇင်းထဲမှာ ရွှေပွတ်မြေထက်ဟိန်း၏ ဈာပနမှာ စာရေးဆရာ ရွှေငွေထွန်း၏ အထူးကြေကွဲဟန်ဆိုရင် ဘယ်လောက်ထိမလဲ၊ မင်းတို့ ညံ့လွန်းပါတယ်ကွာ”
“ဘာဆိုင်လဲ အစ်ကိုရ၊ ဖလင်ကုန်တဲ့ ကိစ္စ”
“မကုန်အောင် လုပ်ထားပေါ့ကွ၊ နောက် ဘယ်လိုပြန်ရိုက်မလဲ၊ ကဲ … မင်းပြောဦး”

ကျွန်ုပ်ဆရာကြီးဂျက်မှာ မနေသာတော့ဘဲ အနှီစာရေးဆရာ ရွှေငွေထွန်းနှင့် ဓာတ်ပုံဆရာကလေးတို့ကို တော်ကြပါရန် တောင်းပန်ရပါ၏။ သို့ဖြင့် သို့ကလို တောင်းပန်နေဆဲမှာပဲ ဟိုးအဝေးဆီမှနေ၍ ကျွန်ုပ်တို့ရှိရာ သုဿာန်ဇရပ်ဆီသို့ ဒုန်းစိုင်း၍ လာနေသော နွားလှည်းတစီးကို ဖုန်တထောင်းထောင်းကြားတွင် လှမ်းတွေ့လိုက်ကြရပေသည်။

(ခြောက်)

စင်စစ် အနောက်ဘက် တောင်တန်းများဆီမှာက နေက ၀င်သွားခဲ့ပါပြီ။ နေ့တာရှည်သော နေ့မို့သာ ယခုထက်တိုင် အလင်းရောင်းက ကောင်းကောင်းကျန်နေသေးခြင်း ဖြစ်သော်လည်း သိပ်မကြာမတင် ကာလများမှာပင် မှောင်ရီသမ်းလာပါတော့မည်။ စာတမ်းဖတ်သူ ဖတ်ကြ၏။ ကဗျာရွတ်သူ ရွတ်ကြ၏။ ၀မ်းနည်းစကား ဆိုသူဆိုကြ၏။

အခုထက်တိုင် ကာယကံရှင် မိသားစုက သူတို့၏ ကျေးဇူးရှင်ကို နောက်ဆုံ မကြည့်ကြရသေး။ ဂါရ၀ မပြုကြရသေး။ မလွမ်းကြ မဆွေးကြရသေး။ မစောင့်နိုင်သူ လူပရိသတ်ကတော့ တဖွဲဖွဲနှင့် ပြန်သွားနေကြပြီဖြစ်ရာ ဘယ်သူမှ မရှိတော့လျှင် မီးသင်္ဂြီုဟ်ရန်ပင် ခက်ပါခြိမ့်မည်။ ဂျက်မှာ ရင်လေးလှပါ၏။ သို့ကလို ရင်လေးနေဆဲမှာပဲ ခုတွင်က ဖုန်တထောင်းထောင်းနှင့် ဒုန်းစိုင်းလာသောလှည်းမှာ ဇရပ်ရှေ့သို့ ရောက်ရှိ၍ လာခဲ့ပါတော့သည်။

“ဆရာဂျက် … ဆရာဂျက် … ဂုဏ်ပြုကဗျာ … ဂုဏ်ပြုကဗျာ … ဂုဏ်ပြုကဗျာ ရွတ်ဖို့ ကျနော် အပြေးလာခဲ့တာပါဗျာ”

လှည်းပေါ်မှ ခုန်ဆင်းကာ ဒရောသောပါး ပြေးဝင်လာသော အနှီကဗျာဆရာ၏ ရင်ဘတ်ကို ကျွန်ုပ်မှာ လှမ်းတွန်းထားလိုက်ရပါသည်။

“မှောင်တော့မယ်ကွာ တော်ပါတော့ ရွတ်ချင်လည်း အိမ်ရောက်မှ ရွတ်ကြတာပေါ့”
“မဖြစ်ပါဘူးဗျာ၊ ကျနော် ဆရာထက်ဟိန်းကို ခံစားချင်လို့ပါ၊ ရွတ်ချင်လွန်းလို့ မြို့ကနေ အမီလာခဲ့တာ၊ ရရာလှည်းနဲ့ ဆက်ခဲ့ရတာကိုပဲ ကြည့်ပါတော့၊ မတားနဲ့တော့ ဆရာဂျက်ရယ် မတားနဲ့တော့၊ ကျနော့်ရင်ဘတ်တွေက မရတော့ဘူး ရွတ်မယ် မြေ၀သုန်ရေ …

ကျွန်ုပ်ကား လက်လျှော့လိုက်ရပါပြီ။ ဖုန်းအလိမ်းလိမ်းနှင့် မျောက်ဖြူကြီးလို ဖြစ်နေသော အနှီကဗျာသမားဆိုသူက စာရွက်ကိုဖြန့်ကာ ရွတ်ဖတ်သရဇ္ဈာယ်၍ပင် နေပါပြီ။

“မြေ၀သုန်ရေ …
ဂုဏ်ပြုအပ်တဲ့ ရဲဘော်တစ်ယောက်ကို
ကြိုဆိုလိုက်ပါတော့”

“ချစ်ဦးသူက
အနာကြီးရောဂါသည်တစ်ယောက် ကြည့်သလိုမျိုးနဲ့
အကြည့်ခံခဲ့ရတဲ့ သည်ကောင်၊
အချစ်ဆုံးက
မီဂါဝပ် နှစ်သိန်းအားနဲ့ အကြီးစား ဗုံးဆယ်လုံးဖောက်သလို
ရှင့်ကို မုန်းတယ်
ရှင့်ကို မုန်းတယ်လို့
ဝုန်းခနဲ အပြောခံခဲ့ရတဲ့ သည်ကောင်၊
ဘ၀အမောတွေကို
ဘီယာရည်မှာ မျှောပစ်ပြီး
အနာဂတ်ကို ထုဆစ်ဖို့
စောင့်နေခဲ့တဲ့ သည်ကောင်”

ခက်ကပြီ။ အရင်ကောင်မလေးက သူ့ကို ရွံ့တာရော၊ နောက်ထပ် ကောင်မလေးက သူ့ကို သောက်ညင်ကပ်တာရော ဘီယာသောက်ပြီး ဘ၀ကို တည်ဆောက်မှာရောတွေနဲ့ ဆရာထက်ဟိန်း ဘယ်လိုများ ဆက်နွယ်လေမလဲ မသိ။

“အဲသည်ကောင်ဟာ
ဆရာ့ဆီ လာခဲ့ပါပြီ”

တော်သေးရဲ့။ ဆရာထက်ဟိန်းဆီ လာလိုက်ပေလို့။ နို့မို့ဆို ခက်ခက်ရချည့်။

“ဆရာရေ …
ရပ်ကွက်ထဲက
ကျနော့်ကို နှိမ်ကြပါတယ်
မွေးမြေအပြန်မှာ
ကျနော့်ကို ဆက်ဆံမယ့်လူ မရှိဘူး
ပညာတစ်ပိုင်းတစ်စ
ကြင်ရာကလည်း တစ်ပိုင်းတစ်စနဲ့
ရင်မှာ လှိုင်းထပြီး
မပြင်သာတဲ့ သမိုင်းတစပါ ဆရာ”

ဂျက်ရင်မှာ ထိတ်ရပြန်ပါသည်။ သူ့ ဘယ်သူမှ မပေါင်းချင်တာရော၊ သူ့ရွာက သူ့ မခေါ်တာရော ဆရာထက်ဟိန်းနဲ့ ဘယ်လိုပတ်သက်ပါလိမ့်။

“ဒါပေမယ့်
ဆရာပေးတဲ့ မာနနဲ့ သည်ကောင် လမ်းထလျှောက်ဆဲပါ”

အင်း … သူ့အဖြစ်တွေကို သူ ရင်ဖွင့်တာလား၊ ဆရာထက်ဟိန်းကို ဂုဏ်ပြုတာလား ခွဲခြားမရနိုင်သည့် ရွတ်ဆိုမှုကြီး အပြီးတွင်ကား အမှောင်သမ်းသွားခဲ့ပေပြီ။

(ခုနစ်)

ထိုနေ့က သပွတ်အူ သုဿာန်မြေတ၀ိုက်၌ နောက်ဆုံးကြားလိုက်ရသည့် အသံမှာကား ရွှေပွတ်မြေထက်ဟိန်း၏ ဇနီးဖြစ်သူ အသံပေတည်း။

“ကိုထက်ဟိန်းရေ အချိန်မရလိုက်ပါလား … တော့” ဟူသည့် အသံသည် ၀န်းကျင်ကို ရိုက်ခတ်၍ သွား၏။ မှန်ပါသည်။ သူ့ခမျာများ အချိန်မရလိုက်ရှာပါ။ ကျေးဇူးရှင်အပါးကို အားရအောင် မကပ်လိုက်ရ၊ အားရအောင် မကြည့်လိုက်ရ။ အားရအောင် မငိုလိုက်ရ၊ အားရအောင် မလွမ်းလိုက်ရ။ စာတမ်းဖတ်သူ ဖတ်ကြ၏။ မိန့်ခွန်းပြောသူ ပြောကြ၏။ ဓာတ်ပုံရိုက်သူ ရိုက်ကြ၏။ ကဗျာရွတ်သူ ရွတ်ကြ၏။ ခု ထိုလွမ်းသူများ တယောက်မှ မရှိကြတော့ပြီ။

ကျွန်ုပ်တို့သည် နေလုံးလုံး မကွယ်သွားမီ ဈာပန ပြကျရန်အတွက် ကျန်ခဲ့သည့် လူကလေးနှင့် အပြင်းအထန် သင်္ဂြီုဟ်ကြရပါ၏။ မီးပြင်းထိုးကြရပါ၏။ ကိစ္စလုံးလုံး ပြတ်သောအခါ မိုးက စုန်းစုန်းချုပ်သွားခဲ့ပါပြီ။ အမှောင်လမ်းတွင် ကိုယ့်အတွေးနှင့်ကိုယ် လျှောက်နေကြရင်းက အိမ်ပြန်ရောက်သောအခါ စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲ၊ ဓာတ်ပုံရိုက်ပွဲ၊ ဗွီဒီယိုရိုက်ပွဲများနှင့်ကြုံသော် ဒုက္ခဟု ရင်ထိတ်သွားမိပါသည်။

လူတွေလည်း ပင်ပန်းလှပြီလေ …။ ။

ဂျက်ကွမ်းခြံကုန်း

(မြားနတ်မောင်မဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၉၈)

No comments: