Sunday, December 23, 2007

ကိုဌေးကြွယ်တို့ အုပ်စုကို ဘာ့ကြောင့် စင်ပြိုင်အစိုးရ ဖွဲ့ခိုင်းခဲ့တာလဲ

ဒေါက်တာလွဏ်းဆွေ

စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံ အရှိန်မြင့်နေစဉ် ရက်ပိုင်းအတွင်းက ဖြစ်သည်။ ကျနော်၏ ဘလော့ဂ် တွင် ‘နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှ ဖြစ်မည်’ ဟူသည့် နှိုးဆော်ချက်တခုကို ကျနော် ရေးတင်လိုက်သည်။ တိုက်ပွဲအခြေအနေအရ စင်ပြိုင်အစိုးရတခု မဖြစ်မနေဖွဲ့ဖို့ လိုသည်ဟု တိုက်တွန်းသည့် သဘော ရေးသား နှိုးဆော်လိုက်ခြင်းသည်။ ပြည်သူ့ဆီက မန်းဒိတ်ရထားသည့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်တွေ က စင်ပြိုင်အစိုးရ မဖွဲ့လျှင် ထိုစဉ်က အဖမ်းဆီးမခံရသေးဘဲ အပြင်တွင် ရှိနေသည့် ကိုဌေးကြွယ်တို့ (၈၈) အုပ်စုကို စင်ပြိုင်အစိုးရဖွဲ့ဖို့ ကျနော် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ထိုနှိုးဆော်ချက်ကို ဖတ်ပြီး ဒေါက်တာလွဏ်းဆွေ ဂေါက်သွားပြီးလားဟု မေးခွန်းထုတ်ချင်သူတွေ ရှိကောင်း ရှိမည်။ ကျနော်၏ နှိုးဆော်ချက်ကို ထောက်ခံသည့် သူများကလည်း ထောက်ခံကြောင်း အီးမေးလ်တွေ ပို့ကြသည်။ တော်တော်များများဆီကလည်း လက်မခံသည့်သဘော အသံတချို့ ထွက်ပေါ်လာသည်။

ဘယ်လိုလက်မခံသည့် အသံတွေလဲဆိုလျှင် …
(၁) ‘ဟာ ကိုဌေးကြွယ်တို့ အုပ်စုက ငယ်ပါသေးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဘယ်ဖြစ်နိုင်ဦးမှာတုန်း’
(၂) ‘အန်အယ်လ်ဒီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့ ဥစ္စာပဲ၊ ဖွဲ့ချင်းဖွဲ့ရင် သူတို့ပဲ အစိုးရဖွဲ့ရမှာပေါ့’
(၃) ‘ကိုဌေးကြွယ်တို့ အစိုးရဖွဲ့မယ်ဆိုရင် ကျနော်တို့ကတော့ လက်မခံနိုင်ဘူး’ ဆိုသည့် အသံဗလံများပဲ ဖြစ်သည်။

နံပါတ်(၁) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် စင်ပြိုင်အစိုးရ ဖွဲ့ဖို့လိုသည် ဆိုသည်ကို လက်ခံသည့် သဘောတွေ့ရသည်။ သို့သော် အသက်အရွယ် ငယ်ရွယ်မှုအပေါ် ထိုသူများ စိုးရိမ်နေပုံပေါ်သည်။ သူတို့စိုးရိမ်သည့် အသက်အရွယ် ငယ်ရွယ်မှုနှင့် ပတ်သက်၍ စောဒကတက်ရမည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း နန်းရင်းဝန်ဖြစ်စဉ်က အသက် (၃၂)နှစ်သာ ရှိသေးသည်၊ အခု ကိုဌေးကြွယ်တို့ အုပ်စုတွေက လေးဆယ်ကျော်တန်း ပညာတတ်တွေ ဖြစ်သည်ဟု ကျနော်က ပြန်လည် ရှင်းပြချင်ပါသည်။

နံပါတ်(၂) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် သူတို့လည်း စင်ပြိုင်အစိုးရ ဖွဲ့ဖို့လိုသည် ဆိုသည့် သဘောထားအား လက်ခံသည်ကို တွေ့ရသည်။ သို့သော် စင်ပြိုင်အစိုးရ ဖွဲ့ချင်းဖွဲ့လျှင် လူထုက မဲပေးရွေးချယ်ထားသည့် သူများကိုသာ ဖွဲ့စေချင်ပုံပေါ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျနော့်အမြင်ကို ပြောပြချင်ပါသည်။

ကျနော်၏ အမြင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာဦးဝင်းတင်တို့ အထိန်းသိမ်းခံနေရသည့် ကာလတလျှောက်လုံး အပြင်တွင် ဦးဆောင်နေသည့် အန်အယ်လ်ဒီ ဗဟိုကော်မတီ၏ နိုင်ငံရေး စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး ပြောခြင်းဖြစ်သည်။ သူတို့ တလျှောက်လုံး စွမ်းဆောင်ခဲ့သည်များကို သုံးသပ်ပြီး (က) စင်ပြိုင်အစိုးရ ဖွဲ့ချင်သည့် ဆန္ဒ၊ ဖွဲ့ရဲလောက်သည့် သတ္တိမျိုး အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များတွင် ရှိမည်ဟု လုံးဝမထင်ခြင်း
(ခ) ရုတ်ချည်း ဖြစ်ပေါ်လာသည့် ရွှေဝါရောင် အရေးတော်ပုံအတွင်း အသံတိတ် ပြုမူနေသည့် ဗဟိုကော်မတီ၏ သဘောထား ဆုံးဖြတ်ချက်ကို လက်မခံ မစောင့်ဆိုင်းတော့ဘဲ ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ အမတ်အချို့ ဦးဆောင်ပြီး ညီညီညွတ်ညွတ်နှင့် စင်ပြိုင်အစိုးရ ကြေညာလောက်သည့် ပြင်ဆင်မှုမျိုးလည်း မတွေ့ရခြင်း … စသည့် အကဲဖြတ်ချက်များကြောင့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စင်ပြိုင်အစိုးရဖွဲ့မည်ဟု ကျနော် မထင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေက အလျင်အမြန် ဆုံးဖြတ်ပြီး လက်ဦးမှုယူကာ တိုက်ရမည့် အနေအထားကို ရောက်နေသည်။ ထိုသို့ စင်ပြိုင်အစိုးရဖွဲ့ပြီး မတိုက်လျှင် (အလျင်အမြန် အကောင်အထည် မဖော်လျှင်) ၈၈ အရေးတော်ပုံ တုန်းကကဲ့သို့ ဒိုင်စားတော့မည့် အခြေအနေ ဖြစ်လာတော့မည်ကို ကျနော် ကြိုမြင်နေသည်။ ထိုသို့ မြင်သည့်အတွက် အပြင်တွင် အဖမ်းမခံရဘဲ တစုတစည်းတည်း ရှိနေသည့် (လူထုနှင့် နိုင်ငံတကာကလည်း အတိုင်းအတာ တခုအထိ အသိအမှတ်ပြု လေးစားပြီးသား ဖြစ်သည့်) ကိုဌေးကြွယ်တို့ ၈၈မျိုးဆက်အဖွဲ့ကိုပဲ (နောက်ဆုံးပိတ် စဉ်းစားမိပြီး) စင်ပြိုင်အစိုးရ အမြန်ဖွဲ့ဖို့ ကျနော် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နံပါတ်(၃) အသံဗလံနှင့် ပတ်သက်၍ သုံးသပ်ရလျှင် ထိုသူတို့သည်လည်း စင်ပြိုင်အစိုးရဖွဲ့ပြီး တိုက်ရမည်ကို လက်ခံသည်ဟု ထင်ရသည်။ သို့သော် ပုဂ္ဂလိက အမြင်တွေကို ရှေ့တန်းတင် စဉ်းစားထားသည်ဟု ကျနော်က ထင်သည်။ ကိုဌေးကြွယ်တို့ အဖွဲ့ကို ‘စမောတွေပဲ ရှိသေးတယ်’ဟု ထင်မြင်တာကြောင့်လည်း ဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေးအရ မကြိုက်တာကြောင့်လည်း ပြောတာ ဖြစ်နိုင်သည်။ တခြား သူတို့လက်ခံသည့် လူများနှင့် စင်ပြိုင်အစိုးရ ဖွဲ့မည်ဆိုလျှင် လက်ခံမည့်သဘောကို တွေ့ရသည်။ စစ်တုရင်သဘောနှင့် ပြောရလျှင် ကျနော် ဘာအဓိပ္ပါယ်နှင့် အဆိုပါရွှေ့ကွက်အား ရွှေ့ခိုင်းသည်ကို ထိုသူတို့ သဘောမပေါက်၍လည်း သူ့လူငါ့လူ ဆိုသည့်အနေအထားကို စဉ်းစားနေခြင်းဖြစ်မည်ဟု ကျနော်ထင်သည်။

အသံဗလံများကို ခြုံငုံသုံးသပ်ကြည့်လျှင် စင်ပြိုင်အစိုးရတခု ဖွဲ့ပြီးတိုက်မှ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဆိုသည့် နည်းဗျူဟာကိုတော့ အားလုံးနီးပါး လက်ခံသည့်သဘော တွေ့ရသည်။ နို့မဟုတ်လျှင် လက်ဝှေ့စင်ပေါ် ကိုယ့်ဘက်ကို ကိုယ်စားပြုပြီး ထိုးမည့်လူ တက်မသွားဘဲ စင်ပေါ်က ပြိုင်ဘက်ကို ဆင်းတော့ဟု သံပြိုင်အော်နေကြသည်နှင့် တူနေလိမ့်မည်။ ကျနော် မေးလိုက်ချင်ပါသည်။ ကိုယ့်ဘက်က ယှဉ်ပြိုင်ထိုးသတ်မည့်သူ စင်ပေါ်တက်မသွားဘဲ အသံကုန် အော်ဟစ်နေရုံနှင့် ပြိုင်ဘက်က ဆင်းမတဲ့လား။ သေအောင်သာအော် သန်းရွှေက အနေသာကြီးဟု ပြောလိမ့်မည် ထင်သည်။ ဆင်းတော့ ပြေးလိမ့်မည်မဟုတ်။ အဲသည့်အတွက် ငပိန်ညောင်ပဲဖြစ်ပစေ ကိုယ့်ဘက်သားအနေနှင့် ကျနော် တက်ထိုးခိုင်းရခြင်းဖြစ်သည်။

တက်ထိုးမည့်သူ ပေါ်လာလျှင် ကျနော့်တို့ အနေအထားက အားပေးသည့် လက်ခုပ်သံနှင့်ပင် ငပိန်ညောင် အနိုင်ရမည့် အနေအထား ဖြစ်သည်။ ကိုဌေးကြွယ်တို့အဖွဲ့ကို စင်ပြိုင်အစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့ခြင်းမှာလည်း ထိုသဘောပင်ဖြစ်သည်။ ကျနော်တဦးတည်း အနေနှင့် ကြိုက်လွန်းလှ၍လည်း မဟုတ်။ တိုက်ပွဲအခြေအနေအရ အလျင်အမြန် လက်ဦးမှုယူမှ ဖြစ်တော့မည်ဟု တွေးမိ၍သာ နည်းဗျူဟာ တခုအနေနှင့် ဖြစ်နိုင်ခြေကို စဉ်းစားပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ နအဖအကြောက်ဆုံးမှာလည်း ထိုတိုက်ကွက်ကိုပင် ဖြစ်သည်။ လူထုနှင့် နိုင်ငံတကာက အလျင်အမြန် ၀ိုင်းထောက်ခံလျှင် သူတို့ဆင်းပြေးရမည် ဆိုသည်ကို နအဖလူလည်များ သိနေသည်လေ။ ဒါကို ကျနော့်တို့ဘက်က နှစ်ကြိမ်နှစ်ခါတိတိ အကောင်အထည် မဖော်နိုင်ခဲ့၍ အခုလို မအီမလည် အနေအထားနှင့် ၀ဋ်ဒုက္ခ ဆက်ခံနေရခြင်းဖြစ်သည်။

သေချာသည်ကတော့ မကြာမတင် အချိန်အတွင်းမှာ လူထုအုံကြွမှုကြီးတခု ဖြစ်ကို ဖြစ်လာဦးမှာ သေချာသည်။ ဘယ်ယူဂျီ ဘယ်အဖွဲ့အစည်းက လှုံ့ဆော်ဆော် မဆော်ဆော် လူထု ဆင်းရဲမွဲတေပြီး ငတ်ပြတ်နေသည့် အကြောင်းတရားကြောင့်ပင် အုံကြွမှုက တနည်းတဖုံ ထပ်ဖြစ်လာဦးမှာ သေချာသည်။ ထိုအခါကျလျှင်သာ နိုင်ငံရေးကို ဦးဆောင်ဦးရွက် အခန်းကဏ္ဍကနေ တာဝန်ယူ လှုပ်ရှားဆောင်ရွက် နေသူများအနေနှင့် ၈၈နှင့် စက်တင်ဘာ အရေးတော်ပုံတုန်းကလို လက်နှေးမနေကြဘဲ မြန်မြန်ထက်ထက် လက်ဦးမှုယူပြီး ပွဲသိမ်းနိုင်ပါစေ ဟု အကြံပြု ပြောကြားလိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ

4 comments:

ck said...

မှန်တယ်။ ထိရောက်တဲ့ စင်ပြိုင် အစိုးရတစ်ခု ပေါ်လာမှ ပွဲသိမ်းမယ်။ အမြန်ဆုံးဖွဲ့ နိုင်အောင် ကြိုးစားကြရမယ်။

ဒါးဒါးချင်း၊ လှံလှံချင်းဆိုသလို အစိုးရ အစိုးရချင်းတိုက်မှ ၀ိတ်ညီတယ်။

စမ said...

ဗမာနိုင်ငံရဲ့ ကောင်းကိုး၊ဆိုးကိုးဟာအားလုံးရဲ ဆုံးဖြတ်ခြင်း၊အမှန်တရားကိုပြတ်ပြတ်သားသား၊့
လုပ်ကိုင်ကြိုးစားမှု့ပေါ်မှာအဓိကကြသောအချက်ပါလို့ ပြောချင်ပါတယ်၊

Mr B said...

ဒေါက်တာလွဏ်းဆွေ တင်ပြချက်မှာ ကိုယ့်ဖက်က စင်ပြိုင်အစိုးရဖွဲ့နိုင်ဖို့အတွက် အားရှိရဲ့လားဆိုတာ တစ်ခုပါမလာပါဘူး။ ခံစားချက်နဲ့တင်ပြနေသလိုဖြစ်နေပါတယ်။ စက်တင်ဘာတော်လှန်ရေး အရှိန်အဟုန်ကို မလေးမစားပြုပြီးပြောခြင်း မဟုတ်ပါ။ လက်ရှိအနေအထား အထိ ၁၉၈၈၊ ၁၉၉၀ ကာလကလွဲလို့ စင်ပြိုင် အစိုးရတရပ် ဖွဲ့နိုင်ဖို့ အခြေအနေ မရှိခဲ့ပါ။ လတ်တွေ့ကျကျ စဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုသင့်ပါတယ်။ သို့မဟုတ်ပါက ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်တာနဲ့ အတူတူဖြစ်ပြီး ကြိုးပမ်းချက်ဟာလည်း အချည်းနီးအလဟသဖြစ်စေမှာပါ။ အလကားအင်အားပြုန်းတီးမှုကို ရှေးရှုစေပါတယ်။ ဒါကြောင့်လည်း လတ်တွေ့ကကျစဉ်းစား လုပ်ကိုင်နေသူများ အဲဒီအဆင့်အထိ လုပ်ဆောင်မှုမရှိခဲ့တာလို့ ထင်မြင်ပါတယ်။

Burmakin said...

Well,I suggest Ko Lun Swe should also learn SWOT or the stakeholder analysis theories after writing this article.

During 88'uprising,even the most legitimate ones like U Nu's de jure govt couldn't get the support from important stakeholders (Aung-Su-Tin and ABSU).U Nu was the enemy of the State ranked No.2 by the British govt during the independence movements. His government was the democratically elected government by constitution in 1960 (the term is not still over when the military couped the power and revoked the constitution).

Unfortunately,the paradigm shift of Burmese people (muzzle of the press, education and thinking) made his govt no longer legitimate.The lack of mainstay support from influential stakeholders (even US,UK)made all U Nu's shrewd attempt in vain.

One formidable threat is that even though this junta government in terms of the rule of law is de facto in its real nature,in Burmese people's mentality, they are as legitimate as de jure.One problem for selecting Ko HK or Ko MKN to lead a rival govt is that this group can neither be de jure nor legitimate in the mind-set of the people.

It can be useful to know that how those very active youths like Aung San and U Nu were thrilled to meet the British Cabinet members who were all senior citizens in their visit to London for asking for independence.Comparing the empire at the helm of all senior and experienced people,they felt diffident for their inchoate political maturity in leading the independent Burma at that time.It was not surprising that just before his assassination,Bogyoke himself hugged Sir Hubert(the last governor of Burma) and wept in tears,saying "In all places,I am besieged by the enemies and I have no friend".It was out of question: at that time, Bogyoke already had the vision that independent Burma was about to go into jeopardy that the military exploited it as their advantageous position (the argument from the military side that Burma is still politically immature and this is the reason for them to hold the power is partially true)

Concerning the common understanding of the term " educated",it can be helpful to remember the brilliant phrases that Bogyoke Aung San once wrote:

"Education is not only in the books.You must have the ability to see beyond the books".It will not be unbiased to say that Bogyoke didn't venerate BA,BL degree holders as "the educated".

Thanks,
Burmakin,
http://www.burmakin.blogspot.com/