Sunday, December 9, 2007

မျိုးချစ်သူရဲကောင်း

မျိုးချစ်သူရဲကောင်း
ကြည်အောင်

ကမ္ဘာလူထု၊ အလေးပြုပြီ
အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတွင်ရစ်၊ ကျောက်ဆစ် စာကြောင်း
မျိုးချစ်ဗီယက်နမ် သူရဲကောင်း …။

တကမ္ဘာလုံး၊ ကြွက်ကြွက်ဆုံးမျှ
မဆုံနှစ်ပေါင်း၊ သင့်အကြောင်းကို
ပြန်ပြောင်းပြောရစ်၊ တွင်မည်တကား …။

တိုင်းပြည်မငဲ့၊ သစ္စာမဲ့သည့်
နယ်ချဲ့စေပါး၊ စစ်ကြေးစားတို့ 
သင်အား ဖမ်းဆီးကြလေပြီ။

ဖမ်းကြခြင်းသည်
သင့်ပြည်သူကို သင်က ချစ်သောကြောင့် …။
အသားထဲကလောက်၊ သစ္စာဖောက်တို့ 
အော်ငေါက်သင့်အား ညှဉ်းကြပြီ …။

ညှဉ်းကြခြင်းသည်
သင့်ပြည်သူဘက်မှ သင်က ရပ်သောကြောင့် …။

အာရှမြေ၌
အမေရိကန်၊ စစ်ဖောက်ပြန်တို့ 
စစ်ရန်မီးမွှေး၊ စစ်သံပေးကာ
စစ်သွေးမာန်ပြ နယ်ချဲ့ရမ်း …။

နယ်ချဲ့ရှူးတိုက်၊ မြင်တိုင်းတိုက်သည့်
ခွေးမိုက် ဗိုလ်ချုပ်ငုယင်ခန်း။
အာဏာမူးယစ်၊ စစ်ဖက်ဆစ်တို့ 
မျိုးချစ်များကို သတ်သော်လည်း …။


မျိုးချစ်မသေ၊ သေလည်း ဂုဏ်ယူ
သရဖူဖြင့်
ပြည်သူ ဂုဏ်ပြုပါလိမ့်မည် …။

သင့်မျက်နှာထက်
နက်သော အ၀တ်၊ စည်းနှောင် ပတ်ကာ
လူသတ်ကုန်းသို့  ထုတ်လာစဉ် …။

သင့်ပြည်သူတို့ 
ကြည်ဖြူလေးမြတ်၊ ဆံခင်းညွှတ်ကာ
ရင်ဘတ်စည်တီး ငိုကြ၏ ။
အငိုလည်း ရပ်၊ သံစိတ်ဓာတ်ဖြင့်
ဦးမတ်တဖန် ထောင်လာ၏ …။

စစ်ဖောက်ပြန်ကို
တော်လှန်ပုန်းစား၊ ဓားကိုဓားနှင့်
သင်ကား နည်းပြ၊ ပြည်ကြွပြီ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ …။

မတုန်မရီ၊ သင်တေးသီသည်
“ဟိုချီမင်းတို့  အောင်ပွဲခံ”
ရဲဝံ့လှစွာ၊ သင်ဆိုရာကား
“သစ္စာဖောက်တို့  ရှုံးမည်အမှန်”

ငါ၏လင်္ကာ၊ သ၀ဏ်လွှာဖြင့်
သစ္စာမြွက်ကြား၊ သင့်စကားကို
ကျောက်သားထွင်းထု လိုက်ပါသတည်း …။

အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတခေတ်၊ စာတွင်ရစ်ပြီ
“ဖူးချစ်” “ဂျမီလာ”
“လုမွန်ဘာ့” “ရိုဇင်ဘတ်”
သတ်လည်း မသေ
သေလည်း သက်ရှိ၊ တည်တံ့ဘိသည်
အသိသက်သေ၊ ကမ္ဘာမြေက
မျက်ရည်ယိုကျ၊ ပြလိမ့်တကား ။ ။

ကြည်အောင်

ရန်ကုန်၊ ၁၉၆၅ ဖေဖ၀ါရီ ၂၃။
(ဒုဋ္ဌ၀တီမှ ဧရာဝတီသို့  ကဗျာများမှ …)
ပေးပို့သူ ဏီသစ်သို့ ကျေးဇူးတင်ပါသည်။

No comments: