Monday, December 10, 2007

နေ့လည်ခင်းလေးတခုနှင့် တွေးမိသမျှ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ယမုံသီတာ ရီပြာမှောင်လဲ့ … လှိုင်းပြင်ကျယ် လူးလွန့်ကာသွယ်သွယ် … ဆည်းဆာနေညိုချမ်းမယ် … ရွှေရည်သမ်းကာ လွမ်းရှာရော့မယ် … စခန်းသာလှတယ် လွမ်းဖွယ့်သဘာဝစုံကြွယ် ...
...................................................
ဟင် ... ကြမ္မာဝဋ်ကြွေး … ပြေးမလွတ်တယ် ...
အော် ငါ့နှယ် သီချင်းကြီးတွေ နားထောင်နေရင်းက လွမ်းလိုက်ပါဘိတော့ ...။
ပြန်လမ်းမကြုံတဲ့ ယမုံနာဦးရယ် မျှော်တဲ့သူများ မျှော်ရှာရော့မယ် ...။
ပက်လက်ကုလားထိုင်လေးပေါ်မှာ ဖြေလျော့ခွေ အပျင်းထူရင်း ဘေးစားပွဲပုလေးပေါ်က အခါးရေအိုးလေး မကာ အခါးရေတခွက် ငှဲ့လျက် ယားတော်မူသော ချိုင်းအား ပင့်ကာကုတ်ရင်း စွပ်ကျယ်ချုပ်ရိုးကြားက ချေးအထပ်ထပ်ကို မြင်သွားမိ၏။
ကက်ဆက်လေး ရပ်သွားပြီ။ ဒီပါအေးမြဖြင့် … အဆုံးသတ်သွားသည်။
သတင်းလေးတွေ စောင့်နားစွင့်နေတာ အင်တာနက်စာမျက်နှာတချို့ (လူလူသူသူဟု မိမိထင်မြင်ယူဆမိသော နေရာများ)သို့ ဟိုတက်ဖတ် ဒီတက်ဖတ် ဖတ်ဖတ်ကိုမော ...။
ဟိုက်ရှားလပါး... ဦးလေး ငသန်းရွှေ ရူးသွားပြီဆိုပါ့လား ...။ တော်တော်နောက်တဲ့ လူတွေ ခုမှပဲ အဲဒီအရာကို ပြောစရာအဖြစ် ပြောတော်မူကြသလား သူရူးနေတာ ကြာပေါ့ကွယ် ...။
ဒါပေသည့် ... သူရူးယုံမက..သူသေသွားရော ဘဇာဖြစ်မည်နည်း ...။ တွေးစရာပါ...။
...............................................................

ဒီမယ် ကိုဘချစ် .............. မမြ၀င်းဟာ ကျုပ်ကို ကာဖီရေတွေ ဖျော်တိုက်နေတာပါဗျ ...။ ခင်ဗျားအိမ်က ၀ါးလက်ခုပ်ကြီး ကျုပ်ပြင်ပေးမယ် ... ဒီမယ် ရာမ မင်းဘိုလုပ်ချင်တယ်ဆိုရင် ဟောသလိုဟောသလို ဟောသလို နှုတ်ခမ်းမွှေးကို နှုတ်တတ်ရတယ်ကွ....။ ဒါကတော့ ရွှေဒုံးဘီအောင် ဒါရိုက်တာလုပ်ခဲ့တဲ့ ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲမှာ မင်းသားကြီး ခင်မောင်ရင် တခါမှ မပြောခဲ့ဖူးသော စကားများ ... ကိုကိုတုတ်ကြုံတုန်း သတင်းအဖြစ် ပြန်ရွတ်ပြလိုက်ခြင်း ဖြစ်သည် ... မယုံလျှင် သင်တို့အနေဖြင့် မင်းသားကြီး ခင်မောင်ရင်ဖြင့် ရွှေဒုံးဘီအောင်ကို မေးပါ။

တုတ်ကြီး၏ ဇနီးဖြစ်သူ ၀မ်းဆွဲအနှိပ်သည် အလုပ်ဖြင့် အသက်မွေးနေသော ဘုတ်ဆုံက လက်ဖက်လေး တွေသုပ်ပြီး တုတ်ကြီးဘေးနား ချပေးလိုက်ကာ မေးသည် ။ ကိုရင်တုတ် ရှင်ဘဇာတွေ ဖတ်နေတာတုန်းတော့တဲ့။
ဟဲ့ မိန်းမရဲ့ ... ဒို့ရွာက ဦးလေး ငသန်းရွှေ ဂေါက်သွားပြီဆိုလို့ အဲဒါ ဖတ်နေတာလကွ ... ပြန်ဖြေတော့ မိန်းမက ပြောသည် ဘကြီးစောမောင်တုန်းကလည်း အဲလိုပဲ ဂေါက်နေတယ် ပြောပြီးတော့ နောက်ဆုံးတော့ ဦးလေး ငသန်းရွှေ တက်လာတာပဲ မဟုတ်လားတဲ့ ...။

ဟုတ်ပြီလားလေ ... မှန်လိုက်တာ ... ကနဦး ကောလဟာလတွေကို အောက်ကတွယ်မည့် ကောင်များက ထုတ်သည်။ ကောလဟာလတွေ ခရီးဆက်တာ တပတ်ပြည့်ပြီး မူလနေရာ ပြန်ရောက်လာတော့ ကွိကနဲ ဖြုတ်ချလိုက်သည်။ ပြီးတော့ သေခိုင်းလိုက်သည်။ နောက်တော့ ဦးလေးငသန်းရွှေ တက်လာသည်။ ယခုရော ... ဦးလေးငသန်းရွှေကို တပ်မတော်ကြီးထဲက အထာလေးနဲ့ နှပ်ပြီး ပြုံးပြုံးလေးနဲ့ နေသောသူများက တွယ်တော့မည်လော...။

တွယ်ချင်တွယ် မတွယ်ချင်နေ ... န.အ.ဖ သတင်းစာရှင်းလင်းပွဲကို ဖတ်လိုက်မိပြန်တော့ အိုး ရက်စ် ... ဟိုက်ရှားလပါး … သုံးထပ်ကွမ်းဖြင့် အာမေဋိတ်များ တဖွားဖွား ...။
သူတို့ သတင်းစာရှင်းလင်းပွဲပေါ်မှာ တက်စွပ်စွဲလိုက်တာ ဘန်ကီမွန်းတောင် သီသီလေး ကပ်လွတ်သွားရဲ့ ... ဂမ်ဘာရီတောင် ယူဂျီဖြစ်သွားနိုင်သည့်ပုံ၊ အဘယ်ကြောင့်မူ ဒေါ်စုပေးသော စာအား ဖြန့်ဝေမှုဖြင့် …။ ကျော်ဆန်းကလည်း ပြောသည်။ သူတို့ လမ်းပြမြေပုံဖြင့်သာ ဆက်သွားမည်တဲ့၊ ဟကောင် မောင်ကျော်ဆန်း မင်းကိုယ်တိုင် စစ်သုံးမြေပုံတောင် ဖြောင့်အောင် ဖတ်တတ်လို့လား သံလိုက်အိမ်မြှောင်လေးနဲ့ မြေပုံအိပ်ကလေးသာ လွယ်ထားတယ်၊ တွေ့တဲ့ရွာ ရွာသားဝင်ဖမ်း ပေါ်တာထမ်း လမ်းပြလုပ်ခိုင်းခဲ့ပြီး သေနတ်သံထွက်မယ့် အရပ်ဆို ကွေ့ရှောင်နေတဲ့ လူကများ ... အဲသည်လိုလည်း မမေးချင် မပြောချင်ပါ ... သူလည်း တတ်ချင်တတ်မပေါ့လေ ဟုတ်ဘူးလား ...။

ဒီဘက်က ထင်ရှားသူများ ဘာသံထွက်မည်နည်း ဆိုသည်ကို စောင့်နားထောင်မိသည်။ အားလုံးလိုလို ၀မ်းချုပ် ရင်ခံနေကြသည်။ ဗိုလ်မှူးချုပ်ကျော်ဇောကတော့ တပ်ပေါင်းစုတရပ်ဖွဲ့ရန် တိုက်တွန်းသည်။ တပ်ပေါင်းစုတရပ်ဖွဲ့ ခြင်းသည် ကောင်းမွန်သင့်လျော်သည်ဟု မြင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရမှ တခါတည်း ထင်ရှားတဲ့ လူပုဂ္ဂိုလ် ခေါင်းဆောင်များ အဖွဲ့အစည်းများအား အမြန်ဆုံးစုဝေး ဆွေးနွေးပွဲခေါ်ကာ သောက်စကားများ ပညာတတ်ပြိုင်ခြင်းမျိုး မဟုတ်သည့် ညီလာခံတစ်ခုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၀န်ကြီးချုပ် အရာထားကာ တပ်မတော်တွင်းမှ အမှုတွဲနည်းသော တပ်မှူးအချို့အား ကာကွယ်ရေးဦးစီးချုပ် တာဝန်ဖမ်းပေးလျက် န.အ.ဖ အထက်ပိုင်းအား legitimacy အရ တရားဝင်မဖြစ်သည့် အားလျော်စွာ ဖမ်းဝရမ်း ထုတ်သင့်သည်။ ရယ်စရာကြီး လှောင်စရာကြီးဟု ထင်စရာရှိပါသည်။ ထိုသို့လုပ်မည်ဆိုပါက ...။ သို့သော် လက်တွေ့လုပ်လျှင် အကျိုးတကယ်ရှိလာပါမည်။
ယခုထိုင်ကြည့်နေမိသမျှကတော့ န.အ.ဖ က နှစ်ကွက်လောက် တက်ပြသည်ကို တွေတွေဝေေ၀ ထိုင်ကြည့်နေကြသည်နှင့် တူသည်။ သေသွားကြသူများကိုလည်း အားနာကြပါ ကျုပ် ပထွေးတို့ ...။
.....................................................................

တပ်ဦးကျွံစရာ မရှိပါ။ ထိုးစစ်ကို မထိုးနိုင်လျှင် ဖင်စုတ်အောင်ခံဖို့ရော အဆင်သင့် ဖြစ်ကြပါပြီလား။ လူထုမှာတော့ ထင်းရူးသေတ္တာစုတ်ပေါ်မှ အဖြူအမဲ အကွက်များပေါ်က ဘိလပ်ရည်ပုလင်း အဖုံးလေးတွေလို မဖြစ်သင့်တော့ ...။ ဆိုက်ကားသမားနှင့် ချဲဒိုင် ထိုင်ထိုးသော ကျားကစားပွဲအဖြစ်မှ ပြည်သူတရပ်လုံး လွတ်မြောက်မည့် တော်လှန်သောအသွင် တကယ်ဆောင်သည့် အားမာန်ပါပါ ခြေလှမ်းများဖြင့် ညီညွတ်ရဲဝံ့ကြဖို့ လိုအပ်ပါသည်။

ဟယ် … ကိုရင်တုတ်၊ ရှင့်နှယ် သူများတွေကို သွားဆရာလုပ်မလို့ ကြံနေတာလား၊ လာစမ်းပါဦးတော် ဒီမှာ စောင်လျှော်ထားတာ ရေကူညှစ်ပေးစမ်းပါ ...၊ သွားပါပြီ ... ဘုတ်ဆုံရယ် မိန်းမရယ် မင့်နှယ် ငါ့မှာ စိတ်ကူးရေယဉ်ကျော မျောပြီး ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ဘယ်လိုများ ကူညီရမလဲ တွေးနေတာ .....။ တော် ... မကူဘူးလား … ကူမလား ...၊ ဟေ … အေး ... ကူပါ့မယ် ကူပါ့မယ် မိန်းမရယ် .....၊ ၀ါး ... ၀ါး......၊ ဟော သမီးလေးက တချက်ထငိုပြန်ပြီ၊ ကိုရင်တုတ် စောင်ကို ရှင်ပဲ ရေညှစ်လိုက် ပြီးရင် အိမ်နောက်တန်းမှာ သေချာဖြန့်လှန်း၊ ကျုပ် ကလေးနို့တိုက်ပြီး ပြန်သိပ်လိုက်ဦးမယ်...။
အင်း ... ဒါတွေနဲ့ပဲ ကျုပ်ဘ၀မှာ အရာရာကို ခေါင်းငုံ့ခံခဲ့ရတယ် ထင်ပါရဲ့။ သမီးလေးတွေနဲ့ ချစ်ဇနီး ဘုတ်ဆုံတို့အတွက် ငဲ့ငဲ့လာလိုက်တာ အခုဆို သမီးအကြီးမတောင်မှ အပျိုဖြစ်စ ပြုပြီပဲလေ ...။

စောင်စိုကြီးတ၀က် ပုခုံးပေါ်တင် တ၀က်ပေါင်ကြားထဲ ညှပ်ရင်း ညှစ်ကာ တွေးမိသည်ကတော့ ... န.အ.ဖ အထက်ပိုင်း ရူးခြင်း မရူးခြင်း၊ အေအိုင်ဒီအက်စ် ဖြစ်ခြင်းမဖြစ်ခြင်း ဆိုတာထက် ပြည်သူ့လွတ်မြောက်ရေးအတွက် ဘယ်သို့ဘယ်ပုံ ပြတ်ပြတ်သားသား ဆက်လုပ်သွားကြမည်ဆိုသည့် ပိုင်းဖြတ်ချက်ဖြင့် အလုပ်ဖြစ်အောင် လုပ်သွားကြရေးသည်သာ အရေးကြီးပါသည်ဟု တွေးရင်း ချစ်သောဘုတ်ဆုံတယောက် သမီးလေးအား နို့တိုက်နေသည်ကိုငေးရင်း မင်္ဂလာဦးညကို ခပ်ရေးရေး ဖျတ်ကနဲ မြင်လိုက်မိပါသည် … အော် သင်္ခါရ.....။ ။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

2 comments:

ရွှေဘိုသား said...

ဆရာတုတ် ရေ ခင်ဗျားရေးသမျှ ဒီတစ်ခုအကြိုက်ဆုံးပဲ
မိုးထက်နေ

Unknown said...

very funny, i like it pls keep on