Saturday, December 29, 2007

ဘနာဇီယာ ဘူတို၏ ဈာပနအခမ်းအနားနှင့် နောက်ဆက်တွဲသတင်းများ

သတင်း-ဗွီအိုအေ
ဘနာဇီယာ ဘူတို၏ ပုံတူကို သဲပန်းပုဖြင့် ထုလုပ် ဂါရ၀ပြုနေစဉ်
ဘနာဇီယာ ဘူတိုကို ဖခင်၏ အုတ်ဂူဘေးတွင် မြေမြုပ်သင်္ဂြိုလ်
မနေ့က လုပ်ကြံခံလိုက်ရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ရဲ့ ရုပ်အလောင်းကို Sindh ပြည်နယ် အတွင်းမှာရှိတဲ့ မိသားစု ဂူဗိမ္မာန်မှာ မြေမြုပ် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။ဘနာဇီယာ ဘူတို၏ ဈာပနအခမ်းအနား
အစိမ်း၊ အနီနဲ့ အမဲရောင် ရောစပ်ထားတဲ့ သုံးရောင်ချယ် ပါကစ္စတန် ပြည်သူ့ပါတီ အလံကို လွှမ်းခြုံထားတဲ့ သူမရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာတဲ့ လမ်းမတလျှောက် ထောင်ပေါင်းများစွာသော ပြည်သူလူထုကြီးက ၀မ်းနည်း ကြေကွဲစွာနဲ့ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ဖခင် Zulfikar Ali Bhutto ရဲ့နံဘေးမှာ မြေမြုပ်လိုက်ပါတယ်။ဝမ်းနည်းလက်မှတ်ရေးထိုးနေကြသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်နှင့်
အိန္ဒိယ၀န်ကြီးချုပ် မိုဟန်မန်ဆင်း
လာမယ့် ဇန်န၀ါရီလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် နိုင်ငံရေး မဲဆွယ် ဟောပြောပွဲက အပြန်လမ်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မစ္စဘူတိုကို အသေခံဗုံး ဖောက်ခွဲပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အိမ်စောင့်အစိုးရရဲ့ ၀န်ကြီးချုပ်ကတော့ အစိုးရအနေနဲ့ ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းဖို့ လောလောဆယ် အစီအစဉ် မရှိဘူးလို့ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ဝမ်းနည်းပူဆွေးနေကြသည့် ဘူတိုထောက်ခံသူများ
သမ္မတ Pervez Musharraf ကတော့ လုပ်ကြံ သတ်ဖြတ်မှုဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပြီး တာဝန်ရှိတဲ့ အစ္စလာမ် အစွန်းရောက်တွေကို အမြစ်လှန် တိုက်ထုတ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

မစ္စဘူတို လုပ်ကြံခံရခြင်း နောက်ကွယ်တွင် အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ ရှိနေကြောင်း ပါကစ္စတန်အစိုးရ ပြောကြား
ပါကစ္စတန် အစိုးရက အတိုက်အခံ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့ နောက်ကွယ်မှာ အယ်လ်ခိုင်ဓါ အကြမ်းဖက်သမားများ ပါရှိတယ်လို့ ဆိုပါတယ်။
ဘနာဇီယာ ဘူတို လုပ်ကြံခံရသည့် နေရာနှင့် သေဆုံးသူအချို့
အယ်လ်ခိုင်ဒါ ခေါင်းဆောင် ဘက်တူလာ မာစွတ် (Baitullah Mehsud) က မစ္စဘူတိုကို သတ်ဖြတ်တဲ့ အကြမ်းဖက် သမားများကို ချီးကျူးဂုဏ်ပြုတဲ့ ပြောဆိုသံကို ထောက်လှန်းရေးဌာနက ဖြတ်တောက် အသံသွင်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂျာဗက် ချီမား (Javed Cheema) က သတင်းထောက်များအား သောကြာနေ့မှာ ပြောကြားပါတယ်။
မကွယ်လွန်မီ အချိန်ပိုင်းကလေးတွင် တွေ့ရသည့် ဘနာဇီယာ ဘူတို
မာစွတ်ဟာ ပါကစ္စတန်နိုင်ငံမှာ အလိုရှိဆုံး ပုဂ္ဂိုလ်တွေထဲက တယောက် အပါအ၀င် ဖြစ်ပြီး အာဖဂန်နယ်စပ်အနီး တောင်ပိုင်း ၀ါဇစ်စတန်ဒေသမှာ နေထိုင်တယ်လို့ ထင်ရပါတယ်။ နိုင်ငံခြားမှာ ၈ နှစ်ကြာ တိမ်းရှောင်ခဲ့ရာကနေ အောက်တိုဘာလက ပါကစ္စတန်နိုင်ငံကို ပြန်အလာ နာရီပိုင်းအတွင်းမှာတင်ပဲ မစ္စဘူတိုကို ကရာချီးမှာ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ရာမှာလည်းပဲ မာစွတ် နောက်ကွယ်က ပါဝင်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
မစ္စဘူတိုရဲ့ နောက်ဆုံး ဗွီဒီယိုတိတ်ခွေကို သတင်းထောက်များအား ပြသရင်း မစ္စဘူတိုဟာ သေနတ်ဒဏ်ရာဖြင့် သေဆုံးတာ မဟုတ်၊ ဗုံးစမှန်လို့ သေတာ မဟုတ်ဘဲ ပေါက်ကွဲမှု ပြင်းအားကြောင့် သူမ ခေါင်းနဲ့ ကားအမိုးကို အရှိန်နဲ့ ဆောင့်မိတဲ့ဒဏ်ကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဘူတိုထောက်ခံသူများ၏ ဒေါသပေါက်ကွဲမှုများ
ပါကစ္စတန် အစိုးရက စုံစမ်းမှုနှစ်ခုလည်း ပြုလုပ်နေတယ်လို့ ပြည်ထဲရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များကို ရှင်းလင်းပြောကြားပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံခံရခြင်းအပေါ် AHRC ပြစ်တင်ဝေဖန်
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း လုပ်ကြံခံလိုက်ရတာဟာ ပါကစ္စတန်နိုင်ငံထဲမှာ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေးတွေ မရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့လည်း အာရှလူ့အခွင့်အရေး ကော်မရှင်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
အာရှလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံ အခြေစိုက် ရှေ့နေဦးမင်းလွင်ဦးကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အတိုက်အခံပါတီ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကို လုပ်ကြံ လိုက်တာဟာဖြင့် ပါတီစုံစနစ်ကို အခြေခံမယ့် လွှတ်တော်တရပ် ထူထောင်မယ့် ကြိုးပမ်းမှုကို ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲလို့ အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုသလို ပြင်ဆင်နေတာကြောင့်မိုလို့ တရားဥပဒေ စိုးမိုးမှုမရှိတာဟာ တကယ်တော့ အံသြစရာ အကြောင်းမရှိဘူးလို့ အာရှ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပြပါတယ်။
ဘူတို သွေးမြေကျခဲ့သည့် ကားမြင်ကွင်းနှင့် ဦးခေါင်းဓာတ်မှန် စစ်ဆေးမှုကို တွေ့ရစဉ်
“ဒီစစ်အစိုးရ တက်လာတဲ့အခါမှာ မူရှာရက်ဖ် ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်တွေကို ပါလီမန်ရဲ့ သဘောထားမပါဘဲနဲ့ စစ်ဦးစီးချုပ်ရဲ့ အမိန့်အာဏာနဲ့ ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကာအကွယ် ပေးနိုင်မှု အားနည်းသွားတယ်။ ထိုနည်းတူစွာပဲ ပါကစ္စတန်နိုင်ငံမှာ ရှိနေတဲ့ တရားသူကြီးချုပ်ကို ရာထူးကနေ ဖြုတ်ပစ်လိုက်တယ်။ တခါ အတိုက်အခံဘက်က တောင်းဆိုလာတဲ့အခါမှာ ရာထူးကို ပြန်လည်ခန့်အပ်ရတယ်၊ ဘနာဇီယာ ဘူတိုနဲ့ န၀ပ် ရှာရစ်ဖ်ကို ပြန်လာဖို့ ခွင့်ပေးတဲ့အတွက် နောက်ဆုံးမှာ တရားသူကြီးချုပ်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်။ ရှေ့နေ တော်တော်များများလည်း နှိပ်စက်ညှင်းပမ်းခြင်း ခံရတယ်။ အခုချိန်ထိ ထောင်သွင်း အကျဉ်းချတာကို ခံနေရတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုဟာ စစ်တပ်ရဲ့ ခြယ်လှယ်မှုအောက်မှာ ဖြစ်နေတယ်၊ အခုကိစ္စမှာလည်း ဘနာဇီယာ ဘူတိုကို အကာအကွယ် ပေးနိုင်ရဲ့သားနဲ့ တမင်သက်သက် ဒီလို အခွင့်အရေးမျိုးကို ဖန်တီးပြီးတော့ လုပ်ဆောင်တယ်လို့ ကျနော်တို့က ထင်မြင်ယူဆပါတယ်။”

နိုင်ငံရဲ့ လွှတ်တော်နဲ့ တရားရေးစနစ်ကို စစ်တပ်က လိုသလို ကြိုးကိုင်နိုင်ဖို့အတွက် မဟာဗျူဟာ ချမှတ်ပြီးတော့ စစ်တပ်ကို ဆန့်ကျင်နေသူတွေကို ဖမ်းဆီး ထောင်ချနေတယ်လို့လည်း AHRC ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လွတ်လပ်တဲ့ သတင်းလောကကိုလည်း ချုပ်ချယ်ထားပြီးတော့ တရားသူကြီးတွေ၊ သတင်းစာဆရာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ပျောက်ဆုံးနေတာကိုလည်း စုံစမ်းစစ်ဆေး အရေးယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ စစ်သွေးကြွ အကြမ်းဖက်သမားတွေရဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းပြီးတော့ ရှာဖွေအရေးယူ အပြစ်ပေးရမယ့်အစား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုသာ ပြစ်မှတ်ထားပြီး ဖမ်းဆီးနေတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်လိုက်ပါတယ်။

“မူရှာရက်ဖ် အနေနဲ့ စပြီးတက်လာကတည်းက ကြွေးကြော်လာတာက အကြမ်းဖက်သမားတွေကို သူ နှိမ်နင်းမယ်၊ ဘာသာရေး အစွန်းရောက်တွေကို သူ ဖိနှိပ်မယ်၊ တိုင်းပြည်အေးချမ်းအောင် လုပ်မယ်ဆိုပြီးတော့ သူ တက်လာတာ ဖြစ်တယ်၊ အဲဒီအတိုင်း လက်တွေ့အကောင်အထည် ဖေါ်နိုင်ခြင်းမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရှိရတယ်။ အမေရိကန်ဆီက အထောက်အပံ့ ယူတယ်၊ နိုင်ငံတကာ ဖိအားတွေ ပေးလာလို့ရှိရင် ဘန်းပြပြီးတော့ နည်းနည်း နှိမ်နင်းလိုက်တယ်၊ ဒါပေမယ့် တကယ်တမ်း နှိမ်နင်းမှု မရှိဘူး ဆိုတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ အကြမ်းဖက်သမားတွေ အာဖဂ္ဂန်နဲ့ ပါကစ္စတန် နယ်စပ်တွေမှာ ထကြွနေတယ်လို့ ပြောရင်တော့ သူ့အနေနဲ့ နှိမ်နင်းတာတို့၊ ဖမ်းဆီးတာတို့ ဟန်ပြလုပ်ပြတာပေါ့ဗျာ၊ ရှင်းရှင်းပြောရရင် ကျနော်တို့ မြန်မာနိုင်ငံက စစ်အစိုးရနဲ့တော့ ခပ်ဆင်ဆင်ပဲဗျ၊ အဲဒီတော့ နိုင်ငံတကာကနေ ဖိအားပေးပြီး တောင်းဆိုလာပြီ ဆိုရင်တော့ နည်းနည်း လှုပ်ရှားမှုလေးတွေ လုပ်ပြမယ်။ ဖမ်းဆီးမှုလေးတွေ လုပ်ပြမယ် ဒါတွေတော့ ရှိတာပေါ့။”

နိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့ တကယ့် ရာဇ၀တ်သားတွေ၊ စစ်သွေးကြွတွေက သက်တောင့်သက်သာ နေချင်သလို နေနိုင်ကြတယ်လို့လည်း AHRC ရဲ့ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။ ဒါကြောင့်မိုလို့ အတိုက်အခံ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့ ကိစ္စမှာလည်း ထူးထူးခြားခြား အရေးယူစရာအကြောင်း ရှိလိမ့်မယ်လို့ မယုံကြည်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။ လုပ်ကြံခံလိုက်ရတဲ့ ဘနာဇီယာ ဘူတိုဟာ ခေတ်ပညာတတ်၊ ထက်မြက်တဲ့ နိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ လေးစားထိုက်တဲ့ အမျိုးသမီးခေါင်းဆောင် တယောက်ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးမှာလည်း သက်တမ်း နှစ်ကြိမ်နီးပါးမျှ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တာ ကျနော်တို့ တွေ့ရတယ်။ အမျိုးသမီး ၀န်ကြီးချုပ်အနေနဲ့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာ တက်လာတာ သူက ထိပ်ဆုံးဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ အရည်အချင်းက ဒီမိုကရေစီရယ်၊ လွတ်လပ်ခွင့်ရယ်၊ တရားမျှတမှုတွေကို ဖေါ်ဆောင်ပေးနိုင်တဲ့ အမျိုးသမီး ခေါင်းဆောင် တယောက်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အကြောင်းပြ၊ စစ်အင်အားကို ခိုင်မာတောင့်တင်းအောင် လုပ်ပြီးတော့ ဥပဒေမဲ့ လုပ်ဆောင်နေတယ်လို့ AHRC ရဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။ အစိုးရကိုယ်တိုင်က တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိမချင်း အစွန်းရောက် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှု အန္တရာယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြေညာချက်မှာ နိဂုံးချုပ်ထားပါတယ်။

No comments: