Saturday, December 29, 2007

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ (၂၉-၁၂-၀၇)

ကျွန်ုပ်တို့၏ သတင်းထောက်ပေးပို့သည်

ကျောက်ဆည်ကျောင်းတိုက်မှ သံဃာတော်များ ဆွမ်းစားနေကြစဉ်
သတင်း (၁) - ဒီဇင်ဘာလ ၂၆နှင့် ၂၇ရက်နေ့များက အောင်လံမြို့ ကျောက်ဆည်ကျောင်းတိုက်တွင် သတင်းသုံးနေကြသည့် သံဃာများကို စေတနာရှင် လှူဒါန်းသူတစုက သိက္ခာထပ်ပေးပြီး ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ပဒေသာပင် လှည့်လည်ပွဲများကို ပြလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံအပြီး အာဏာပိုင်များက လူဝတ်လဲခိုင်းကာ ရန်ကုန်မြို့မှ မောင်းထုတ်ခံရသည့် သံဃာ (၃၂)ပါးကို သိက္ခာထပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း (၂) - စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံ အပြီးတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရကာ အင်းစိန်ထောင်တွင် အထိန်းသိမ်းခံနေရသည့် အကျဉ်းသားများအနက် (၁) ဦးတင်မြင့် (၂) ဦးငွေစိုး (၃) ဦးအောင် (၄) ဦးကြင်လှိုင် (၅) ဦးစိုးကြွယ် (၆) ဒေါ်ခင်အေး (၇) ကြည်ဖြူ (၈) ဒေါ်မြင့်သိန်း (၉) ဦးခေမာဝံသတို့ ထောင်ဝင်စာ အခက်အခဲနှင့် ကြုံတွေ့နေကြကြောင်း သတင်းရရှိသည်။

သတင်း (၃) - ဒီကနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ဘတ်စ်ကားများကို စီအင်ဂျီ ပေးသည့်နှုန်းများကို လျှော့ချလိုက်သည့်အတွက် ဘတ်စ်ကားဆွဲသူများရော ခရီးသည်များပါ အခက်အခဲ မျိုးစုံနှင့် ကြုံတွေ့နေကြကြောင်း သတင်းရရှိသည်။ သုဝဏ္ဍဘက်တွင် ကားအစီး ၂၀လောက်ကို ဖမ်းထားပြီး မည်သည့်အကြောင်းကြောင့် ထိုသို့ဖမ်းထားသည်ကို မသိရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

သတင်း (၄) - ၂၈-၁၂-၀၇ နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံအနီးရှိ Junction 8 ကုန်တိုက်အနီးတွင် စစ်ကားများ လမ်းပိတ်ပြီး ရပ်ထားသည့်အတွက် ၈မိုင်မှ ၉မိုင်အထိ တနာရီကျော်ကြာအောင် သွားခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးများ ဈေးလာဝယ်သည့်အတွက် ထိုသို့ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူ ရန်ကုန်မြို့ခံတဦးက ပြောကြားသည်။

No comments: