Tuesday, December 18, 2007

“ဦးသုမန (၀ါ) အသံတိတ် ခေါင်းဆောင် ကဗျာဆရာ မင်းဆက်”

ယမထာ

မင်းဆက်သည် ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေးတွင် ပြင်းထန်သော ယုံကြည်ချက်ဖြင့် ခေါင်းဆောင် ပါဝင်ခဲ့သော သံဃာတော်တပါး ဖြစ်သည်။ မိမိ၏ ယုံကြည်ချက် အမှန်တရားအတွက် တနေ့နပ်သာ စားရသော ဆွမ်းတနပ်ကိုပင် အငတ်ခံလျက် သံဃာ့လှုပ်ရှားမှုကြီး ထမြောက်အောင်မြင်ရန် မန္တလေးတွင် ဦးဆောင် လှုပ်ရှားခဲ့သည်။ သူသည် အသိဥာဏ် နိုးထစအရွယ်မှ ကြုံတွေ့ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံကြီးကို အသည်းထဲတွင် သံမှိုစွဲသလို စွဲမြဲစွာ မှတ်သားခံပြင်းခဲ့ပုံကို သူကိုယ်တိုင်ရေး သူ့အတ္ထုပ္ပတ္တိ ကဗျာရှည်တွင် မျက်ရည်ဖြင့် ကမ္ဗည်းထိုး မှတ်တမ်းတင်ခဲ့သည်။

ပခုက္ကူ၊ ရန်ကုန်မြို့တို့တွင် ရွှေဝါရောင် မေတ္တာသုတ် သပိတ်တိုက်ပွဲများ ပေါ်ပေါက်လာသောအခါ မန္တလေးတွင် အလားတူ သပိတ်များ ပေါ်ပေါက်ရန် မဆုတ်မနစ် လုံ့လထုတ် ကြိုးပမ်းခဲ့သည်။ ထိုင်းနိုင်ငံထုတ် ဥတ္တမဂျာနယ် တို့တွင်လည်း နိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သော ကဗျာတို့ကို ရေးဖွဲ့ကူညီ အားပေးခဲ့သည်။ ယခုအခါ စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုတို့ကို ဖွင့်ချသော စာရွက်စာတမ်း ပြည်သူလူထုကြား ဖြန့်ဝေမှုဖြင့် စစ်ခွေးတို့၏ ရက်စက်စွာ ကိုက်ခဲမှုကို ခံယူတောင့်ခံရင်း မန္တလေး အိုးဘိုထောင်တွင် ထောင်နန်းစံနေရရှာပေပြီ။ ၄င်းမင်းဆက် ကား မိမိ၏ အမှန်တရားအတွက် မဆုတ်မနစ် ဖော်ထုတ်ဝံ့သော အသံတိတ် သံမဏိ သူရဲကောင်း ပါပေတည်း။

မှတ်ချက် ။ ။ ကဗျာဆရာ မင်းဆက်(ဦးသုမန)သည် လက်ရှိ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှ အဖမ်းဆီးခံ သံဃာ (၆၀)ခန့်တွင် တပါးအပါအ၀င် ဖြစ်သည်။ ယခုအခါ ထောင်ဝင်စာတွေ့ရန် အခက်အခဲများစွာ ရှိနေသဖြင့် ထို သံဃာတော်များ၏ အခြေအနေများကို ဂဃနဏ မသိရှိရကြောင်း သိရသည်။ အဖမ်းဆီးခံ ကဗျာဆရာ မင်းဆက် (ဦးသုမန) ၏ ကဗျာတစ်ပုဒ်အား ဖော်ပြအပ်ပါသည်။

၈၄-လမ်းလို့ ခေါ်လို့ရမလား
မင်းဆက်

ခေါင်းပေါ်က နှင်းဆီဝါလေး ပြုတ်ကျတာ မြင်ရတော့
ကျနော် ၀မ်းနည်းရမှန်း သိနေသလို၊ ဒါလည်း မသေချာ
သေချာတာက ပူလောင်သူအတွက်ဆို
ရေအေးလေး တခွက်ဟာ ငါးဆယ်ကျပ်တဲ့၊ နောက်ပြီး
ဖရဲသီးစိတ်၊ နာနတ်သီးစိတ်၊ မြေပဲပြုတ် စသဖြင့်ပေါ့
ဈေးကွက် မြှင့်တင်ရေးလို မြို့ကိုပြတဲ့ လမ်းမပေါ် လမ်းလျှောက်လို့
မယုံကြည့်နေ ဟိုရှောက် ဒီရှောက်
မယုံမရှိနဲ့ ဒီနားတ၀ိုက်မှာနေတဲ့ ရှောက်သီးတွေပဲ ဆိုတာ
တခုခုနဲ့ တေ့တေ့ဆိုင်ဆိုင် အခုတော့ …
ရွှေဆိုင်နဲ့ အပေါင်ဆိုင်ကြားက ဘ၀တွေ ဘ၀တွေ
အောင်မြင်လာတဲ့တနေ့ အဲဒီလမ်းနာမည် အကုန်ဝယ်လို့ရတယ်
ဒါပေမယ့် အခုတော့ ခြေတဖက်ပြတ်လို မတ်တပ်ရပ်
အိုးမဲ့ အိမ်မဲ့တွေလို နေထိုင်၊ နောက်တခါ စစ်မီး အကြွင်းတွေလို
သက်ပြင်းတွေကို အကြိမ်ပေါင်း မြောက်များစွာ ခါထုတ်
ဟုတ်မှ ဟုတ်ပါ့မလား ကိုယ့်လူတို့
လမ်းဖယ်ပေးစမ်းပါ ခဏလေးအတွင်းမှာပဲ ဖြစ်ဖြစ်
နောက်ထပ် ပျင်းစရာတွေ လာတော့မယ်ဆိုတာ
ထီဆိုင်နဲ့ စတိုးဆိုင်နဲ့၊ ဘဏ်တိုက်နဲ့၊ စာအုပ်တိုက်နဲ့
တစ်ခုခုနဲ့ ၀င်တိုက်မိမလို ဖြစ်ရတဲ့အကြောင်း၊ အကြောင်းမျိုးစုံနဲ့
နောက်ထပ်လူတယောက်၊ နောက်ထပ် သမိုင်းသစ်တွေ ထမ်းလို့
နောက်ထပ်လူတယောက် ဘာဖြစ်မယ် ထင်သလဲ
ရာသီဥတုက နေနဲ့ည မကွဲပြားတော့ မလည်မ၀ယ်
ငွေရေး ကြေးရေး ချို့တဲ့သူတွေရယ်
လူမှုရေး စားဝတ်နေရေး အဆင်မပြေသူတွေရယ်
ဟုတ်တယ်၊ အတူနေတော့လည်း တဂျက်ဂျက်ပဲတဲ့
ကားဘရိတ်အုပ်သံ၊ လမ်းကို အလျားလိုက် ဆွဲခေါ်သွားတဲ့ သံတိုသံရှည်
အဲဒါလည်း အလန့်တကြားတွေပါပဲ
ကြာရင် လန့်ဖျား ဖျားရတော့မယ်၊ အဆောက်အုံများ
ကြော်ငြာ ဆိုင်းဘုတ်များ ဟိုမှာ ရောဂါဘယ တခုလို ချောင်းမြောင်းလို့
ဘယ်လိုလဲ နေ့ရှိသ၍ ပူပူနွေးနွေး အပူငွေ့တွေနဲ့
ကျနော်ဘယ်သူလဲ ဆိုတာ၊ အဲဒါလည်း မသေချာ၊ လူကို ချာချာလည်အောင်
ဟိုနား ခဏတဖြုတ် ဒီနား ခဏတဖြုတ်ဆိုပြီး၊ ဆိုပြီးတော့
ဖြုတ်ကောင်တွေလို လမ်းလျှောက်ရင်း တဖြုတ်ဖြုတ် ကြွေနေတဲ့လမ်း
ရှစ်ဆယ့်လေးလမ်းလို့ ခေါ်လို့ရမလား ။ ။

နေရပ်လိပ်စာ (အဖမ်းမခံရခင်က)
မင်းဆက်
ဦးသုမန (၉/မဟမ (သ) ၀၀၁၈၂၈)
သဒ္ဓမ္မပါလ ဆွမ်းစားဆောင်
လေသာကျောင်းတိုက်
၃၈+၈၉ လမ်းထောင့်
မန္တလေး

ပြည်သူလူထုသို့ ကဗျာဆရာများ၏ အခါတော်ပေး သ၀ဏ်
ယမထာ

ကျွန်ုပ်တို့ ပြည်တော်ဝင်ချိန် နီးပါပြီ။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲတွင် ဘယ်ခေတ် ဘယ်အချိန်နဲ့ပင် ဖြစ်ပစေ ဓမ္မကသာလျှင် မုချ အောင်ပွဲခံရမည် ဖြစ်ပါသည်။ ပြီးခဲ့သော နိုဝင်ဘာ ၂၉ ရက်နေ့က အမေလူထု ဒေါ်အမာ မွေးနေ့တွင် ကျွန်ုပ်တို့ ကဗျာဆရာများသည် မိမိတို့ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပုံကို ပြည်သူလူထုကြီး အသိပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့ လုပ်ခဲ့သောအလုပ်မှာ အမှန်တရား ဘက်တော်သား တယောက်၏ ပေးပို့လိုသော ရင်တွင်းခံစားချက်ကို သူသိစေလိုသော အမှန်တရား အမေ့ထံ အရောက်ပေးပို့ပေးရုံ ၀န်ဆောင်မှုလေးသာ ဖြစ်သည်။ ဘာမျှ မပြောပမလောက်။ သို့သော် တစိတ်ကို တအိတ်လုပ်တတ်ကြသော စစ်ခွေးတို့၏ ထုံးစံအတိုင်း ကျွန်ုပ်တို့ ရိုးသားသော အမှန်တရားလိုလားသော ကဗျာဆရာများကို ထိုစစ်ခွေးများက လိုက်လံရှာဖွေ ဖမ်းဆီးနေကြ၏။

မပူပါနှင့် ပြည်သူလူထုကြီးခင်ဗျား …
ယခုအခါ၌ အမှန်တရား ဘက်တော်သားများသည် ပုန်းအောင်း တိမ်းရှောင်နေကြရ၏။ ရဟန်း၊ သံဃာတော်များလည်း မိမိတို့ တရား၊ ဘာဝနာ စီးဖြန်းရာ ကျောင်းသင်္ခမ်းများကို စွန့်ခွာ၍ တိမ်းရှောင်နေကြရ၏။ သို့သော် ဓမ္မဘက်တော်သားများ တိမ်းရှောင်နေရခြင်းသည် ယာယီ အခိုက်အတန့်မျှသာတည်း။

မည်မျှပင် ပုန်းအောင်း တိမ်းရှောင်နေသည် ဖြစ်ပစေ၊ ကောင်းကင်မှာပဲ ပုန်းရှောင်ရှောင်၊ ရေထဲမှာပင် ငုပ်ရှောင်ရှောင်၊ ဂူထဲမှာပင် အောင်းရှောင်ရှောင်၊ အမှန်တရားတို့ ရှိသည့်နေရာသို့ “အောင်ပွဲသည်” တွေ့အောင်ရှာ၍ ဆိုက်ရောက်လာမည်မှာ မုချ ဖြစ်ပေသည်။ ထိုအောင်ပွဲကို ကြိုဆိုရန် ပြည်သူလူထုကြီးသည် စိတ်ဓာတ်ကို ကြံ့ကြံ့ခံ၍ စောင့်ဆိုင်းနေပါရန် အောက်ပါ ကဗျာဖြင့် တိုက်တွန်း ဆော်သြော်လိုက်ရပါသည်။

ဓမ္မဘက်တော်သားများ မုချ အောင်ပွဲ ခံရမည်။
စစ်ဓနရှင်ဝါဒ ကျဆုံးပါစေ။

ဆောင်းပြပွဲ

မသေချာမှု တခုက
မသေချာမှု တခုပေါ်ပြိုလဲ
နောက်ထပ် မသေချာမှုတွေ
တသီတတန်းကြီး ထွက်ကျလာ။

အမှောင်ထဲမှာ အရုပ်မရှာပါနဲ့
ရှုခင်းတွေက ရှိပြီးသား
မင်းလိုအပ်တာ အလင်းရောင်။

ဖွင့်ပါ
ပြတင်းပေါက်ကို
ရဲရဲဖွင့်ပါ ...
ဒီရာသီမှာ
ပန်းသစ် မပွင့်ချင် နေပါစေ
ပေါက်ပြီးသစ်ပင်တွေ မသေဖို့နဲ့
ပွင့်ပြီးပန်းတွေ မကြွေဖို့
ဂရုစိုက်... ။ ။

ယမထာ
(http://bigbbrown.blogspot.com မှ ကူးယူဖော်ပြပါသည်)

1 comment:

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

ဆရာလွဏ်း

ဦးသုမနရဲ့ လိပ်စာမှာ လမ်းနာမည်မှားသွားလို့ အမှားပြင်ဆင်ချက်လေး ပြန်ရေးပေးလိုက်ပါတယ်။

မင်းဆက်
ဦးသုမန (၉/မဟမ (သ) ၀၀၁၈၂၈)
သဒ္ဓမ္မပါလ ဆွမ်းစားဆောင်
လေသာကျောင်းတိုက်
၃၈+၈၉ လမ်းထောင့်
မန္တလေး။

၃၈+၆၉ လမ်းထောင့်အစား၊ ၃၈+၈၉ လမ်းထောင့်ဟု ပြင်ဆင်ပေးပါဦးဆရာ။

(ကျွန်တော့်ဘလော့ဂ်ထဲလည်း ပြင်ပြီးပါပြီဆရာ)