Tuesday, January 1, 2008

စုန်းပြုစားတဲ့ နှစ်သစ်များ

စုန်းပြုစားတဲ့ နှစ်သစ်များ
ကိုမွှေး

ငယ်တုန်းက
တိမ်တိုက်တွေကို ငုံ့ကြည့်ချင်ဖူးတယ်။

ပိုးထိထားတဲ့
ပိန်ညောင်ညောင် တောင်တန်း ရေးရေးတွေ
ပြာမှောင်ထနေတဲ့ ခန္ဓာနဲ့
ဆည်းဆာအောက် တုတ်တုတ်မှ မလှုပ်
မုဆိုးမ နွားကောက်ချိန်လေ။

ရေမချိုးရတာကြာတဲ့ ရိုးပြတ်တောကလည်း
အဲဒီညနေကြီး ပေါင်ဒါတွေရိုက်လို့ ထိုးထိုးထောင်ထောင်။

ဇီးခြုံပုတ်တွေ ပုဇွန်ကျစ်စာခဲတွေပေါ်က
ခုန်ဆွခုန်ဆွ စာကလေးတွေက
ကဗျာရွတ်ပွဲကို ဗိုက်ဟောင်းလောင်းနဲ့ လှည်းလမ်းကြောင်းခွရင်း
ကျင်းပ သီကျူးကြလို့ ...။

ထင်းတောပြန် လှည်းတန်းက
ရိုးမပေါ်က အောင်ပွဲတွေ အစည်းလိုက်နဲ့
မြို့ခြေကို တက်သုတ်ရိုက် ဆင်းလာ။

ချောင်းတိမ်ထဲက ရေနည်းငါးတွေကတော့
မျိုးဆက်ပျောက်ဆုံးခြင်း အန္တရာယ်ကို နွံတောတိုး
ချိချိနဲ့နဲ့ ကာကွယ်ပုန်းလျှိုး ...၊
ဆူးထိုးမယ့် တံငါ
ကွန်ပစ်မယ့် တံငါ မျှားယူမယ့် တံငါ
နွမ်းပါးညစ်ထပ် အ၀တ်တွေနဲ့ ဗိုက်ဆာနေသူများ
ပလိုင်းစုတ်တွေလွယ် ဟိုသည်သွားလာ
ကမ်းပါးမှာ ...။

ဒီလိုနဲ့ မိုးအတိအကျချုပ်ခဲ့။

အမြန်ရထား အ၀င်ညတွေမှာ
မျက်ရည်အိုးကြီး ခေါင်းပေါ်ရွက်လို့
အရှက်တွေကို ခေါင်းခုလုပ် အပူမဲ့
ဘူတာဘေးက ချယ်ရီဆိုတဲ့ ကောင်မလေး
ရေကုသိုလ် ... အသံစာနဲ့
ငါတို့မြို့ရဲ့ မလင်းတဲ့ အလှတွေ
အကင်းကြွေလို့ ...။

ဘုန်းကြီးပျံ ဘောပွဲမှာ
လှဆန်းယဉ် ဘောင်းဘီတို အဟောင်းကြီးဝတ်
ခြေဗလာနဲ့ ကမ္ဘာကြီးကို ဇွတ်တရွတ်
ဖိနပ်တွေ ပုံထားတဲ့ ဂိုးပေါက်ထဲ
ပစ်ပစ်ကန်လိုက်ချင်ရဲ့
မှုတ်ကြစမ်း ခရာတွေ
ဒီလိုနဲ့ နှစ်သစ်ကြီးဟာလည်း
ဗြဲကနဲ ဖြဲထွက်လာလိုက်တာ
ကောင်တာဘေး
မဆေးရသေးတဲ့ စားပြီးသား ပန်းကန်တချပ်ပေါ်က
ခါးချိုးခံလိုက်ရတဲ့ ကြက်ရိုးတွေလို
ထိုးထိုးထောင်ထောင် …။

ဒီလိုနဲ့ပဲ
ဘောင်းဘီပွကြီး ဗိုက်ပေါ်ထိ ဆွဲတင်ရင်း
ခြောက်ကပ်ကပ် သီချင်းတွေ တဖတ်ချင်း ခွာချ
နှစ်သစ်များစွာကလည်း ဖြတ်လာတာ ကြာတော့
တိမ်တိုက်တွေကို မော့ကြည့်ချင်ခဲ့ ...။ ။

ကိုမွှေး

No comments: