Sunday, December 23, 2007

မျဉ်းပြိုင်ဆန္ဒ

မျဉ်းပြိုင်ဆန္ဒ
ကိုမွှေး
တကယ်တော့ ငါဟာ
ပန်းသီးတလုံးကိုစုံမက်ခဲ့ဖူးတာ
မဟုတ်ပါဘူး.....ကောင်မလေး.......။

တကယ်တော့ ငါဟာ
လမ်းခရီးတခုကို ယုံလျက်နဲ့ လွဲတာ
မဟုတ်ပါဘူးကွယ် ...။

နှင်းဆီပွင့်တွေ အချပ်အလွှာခြွေ
ကြယ်ကလေးတွေ ကြိုးနဲ့သီ
လရောင်ခြည်တွေ လက်ခုပ်အပြည့်ခပ်
မမောတတ်တဲ့ တေးဆိုငှက်ကလေးတွေ
ဝတ်ရည်တိုက်ကျွေး
ထင်းရူးတောထဲက လေတိုးတေးတွေကို ခိုးဝှက်
ရှက်ပြုံးမျက်နှာနဲ့ စမ်းချောင်းလေးဘေး
ငါးလေးတွေ အနှေးက
ခရုလေးတွေ ရွှေ့ရုံလေး ပြေးကြတဲ့
ချောင်းကြမ်းပြင် ကျောက်စရစ်ခင်းကို
သီချင်းလေးငြီးရင်းကြည့် ရင်ခုန်မိတယ်အကို
ဆိုတာလေးကို တကယ်တမ်း ကြားခွင့်ကြုံချင်သူပါ
ကောင်မလေးရယ် ...။

ငါဟာ ဗီဇာမလိုဘဲ
မင်းရင်ထဲ နားခိုခွင့်တွေကို
ဘာနဲ့ လဲလှယ်လိုက်မိလို့လဲ ...။

ငါဟာ သရဏဂုံ မမြဲပေမယ့်
စံပယ်ရုံထဲ တယောတလက်နဲ့
ပြောမထွက်သမျှ တေးသွယ်
ပွင့်ဦးကြွေမှဖြင့်ကွယ်လို့လည်း
ဂန္တ၀င်မြောက် မချွဲတတ်
ငရဲတပတ် နိဗ္ဗာန်တခေါက်
တံခါးတပေါက်ထဲက ၀င်ထွက်
တခါတရံလည်း ရှင်လျက်သေ
မြင်ရက်လေရဲ့ကွယ် ဆိုတဲ့
ရင်ထုမနာ ဂရုဏာတွေတောင်း
နေ့ဟောင်းတွေကို ရွှေ့ပြောင်းဖို့
အမေ့ကောင်း မှတ်ဥာဏ်နဲ့
ဓာတ်ခံဟောင်းတွေ မွကြေတဲ့
ညတွေနဲ့ပါ ကောင်မလေးရယ် ...။

ဟိုးတုန်းကတော့
အသော့နှင် တက်သုတ်ရိုက်
လေတိုက်တာ မစောင့်ချင်သူ
နောက်တော့ ... လှေဆိုက်မှာ မစောင့်ချင်သူ
နွေအပူသစ်ရိပ်မှာ ချစ်စိတ်နဲ့ နားခို
စကားအချိုတွေ သွမ်းသွေးစုလို့
နမ်းထွေးနုတွေ ဖူးပွင့်
အဲဒီရူးခွင့်လေးနဲ့ ကျေနပ်
လွမ်းရင်းလည်း နေတတ်ခဲ့ပါရဲ့ ကောင်မလေးရယ် ...။

နှင်းတွေကြွေရင်
အေးခဲမှုတွေ ထုံကျင်မွ ...
အဲ့သလို ညမျိုးများ ..
တယောက်တည်း ... မိုးချုပ်
အမှိုက်ပုံးဘေး..
စင်းစင်းလေး လဲနေတဲ့
ဘီယာပုလင်းခွံလေးထဲ ၀င်ပုန်း
တညလုံး မိုးလင်းမယ့် ငြိမ်သက်ခြင်းတွေနဲ့
တိတ်ဆိတ် … ကြိတ်မှိတ် ဖြတ်သန်းရလောက်အောင် ဖြစ်ခဲ့လိုဖြစ်ခဲ့ ...။

အေးလေ ငါ့ကျောပိုးအိတ်နဲ့ မဆန့်တဲ့
သက်တန့်တွေ ထိုးသိပ်လို့
နှုတ်ဆက်ဖို့ လာခဲ့ ...
သက်တန့်အလွှာလွှာနဲ့ ထုပ်ပိုး
မပုပ်သိုးမယ့် အသည်းနှစ်မြွှာ
အထဲမှာပါတယ် ... ကောင်မလေးရေ ...
နောင်တ အတွေးတွေ ဝေးစေသား ...
အမှောင်ည အဆွေးတွေ ဝေးစေသား ...။

ကဲ ... ကောင်မလေးရေ
ငှက်ဖျားပိုးတွေ လေထီးမလိုတဲ့
ဒီခရီးက ...
အလှမ်းနီးချင်မှ နီးမယ်
ပန်းသီး ... သီးချင်မှ သီးမယ် ...
ဧဒင်မှာ နေ၀င်ခဲ့ရင်တော့
ဆုံကြတာပေါ့ ...။ ။

ကိုမွှေး

No comments: