Wednesday, December 19, 2007

မခြောက်သော သွေးနှင့် မျက်ရည်

မခြောက်သော သွေးနှင့် မျက်ရည်
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
အဲဒီနေ့က မိုးမရွာပါ။
စက်တင်ဘာလရဲ့ လကုန်ပိုင်းဆိုပေမယ့် မိုးသားမိုးရိပ် သိပ်မမြင်ရတာ လေးငါးရက်ရှိပြီ။ အတိအကျ ဆိုရပါက သံဃာတော်တွေ ကံဆောင်ပွဲ စတင်ကတည်းက မိုးရိပ်တို့ လျော့ပါးခဲ့ခြင်း ဖြစ်သည်။ မိုးရိပ် မမြင်ရသော်လည်း ကျဲကျဲတောက် နေပူနေခြင်းကား မဟုတ်၊ နေလို့ထိုင်လို့ ကောင်းရုံ မိုးက ပျပျကလေး အုံ့နေသည်။ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေသော သံဃာတော်များအတွက် သဘာဝက တမင်ဖန်တီးပေးထားသလားပင် ထင်ရ၏။
အဲဒီနေ့ဆိုတာက စက်တင်ဘာ၂၆ ရက်နေ့ကို ပြောချင်တာ ဖြစ်သည်။

မနက်ပိုင်း သူရုံးရောက်ကတည်းက ဟိုနားတိုးတိုး ဒီနားတိုးတိုးနှင့် “ဒီနေ့ အခြေအနေ မကောင်းဘူးလို့ ကြားတယ်” ဆိုသည့် စကားကို တယောက်တပေါက် ပြောနေကြသည်။ ဘယ်သူမှ အလုပ်ကို စိတ်မ၀င်စားနိုင်ကြ၊ အပြင်ထွက်ကြဖို့ လူကြီး အလစ်ကို ချောင်းနေကြသည်။ သူတို့အားလုံး အလုပ်ထဲမှာ စိတ်မ၀င်စားနိုင်ကြတာ ခုမှမဟုတ်၊ လွန်ခဲ့တဲ့ သုံးလေးရက် လောက်ကတည်းက ဖြစ်သည်။

တကယ်တော့လည်း ဒီလိုစိတ်ဝင်စားနိုင်ကြတာ သူတို့အလုပ်က အစိုးရအလုပ် မဟုတ်သောကြောင့် ဖြစ်၏။ အစိုးရ၀န်ထမ်း တွေကတော့ ကံဆောင်ပွဲ စတင်ကတည်းက ရုံးချိန် အပြင်ထွက်ခွင့် မရကြ။ အလုပ် မဆင်းလို့လည်း မရ၊ အလုပ်မဆင်းသူ လက်မှတ်မထိုးသူကို နိုင်ငံတော် ပုန်ကန်သူအဖြစ် သတ်မှတ်မည်တဲ့။ သူတို့ကတော့ မရ၊ မွန်းတည့် ၁၂ နာရီ ထိုးပြီးဆိုတာနဲ့ အပြင်ထွက်ဖို့ ချောင်းကြပြီ။ ပြီးတော့ အချင်းချင်း ဖုန်းများနှင့် ဘယ်ရောက်နေပြီဆိုတာ သတင်းပေးကြသည်။ အနီးဆုံးနေရာက သွားစောင့်ပြီး ကိုယ်နိုင်သလောက် ပါဝင်ကြသည်။

သံဃာတော်များ၏ ဖိနပ်ဗလာ ခြေထောက်များက သွေးချင်းချင်း နီနေပြီ။ သူတို့လျှောက်ခဲ့သော ခရီးအကွာအဝေး၊ သူတို့လျှောက်ခဲ့သော ရက်များနှင့် တွက်ကြည့်လျှင် စိတ်တခုတည်းကြောင့်သာ ဒီလို လျှောက်နိုင်ကြခြင်း ဖြစ်သည်။ မကြည့်ရက်သော ဒကာ ဒကာမများက တတ်နိုင်သလောက် ၀တ်ဖြည့်ကြသည်။ ၂၄ ရက်နေ့က သူတို့အဖွဲ့ လူအုပ်ကြီးနှင့်အတူ လိုက်လျှောက်သွားခဲ့ကြသည်။ မိုင်ပေါင်း ဘယ်လောက်များများ လျှောက်ခဲ့သလဲ သူတို့မသိ။ သေချာတာကတော့ ဒီလောက် ခရီးအကွာအဝေးကို သူတယောက်တည်း လျှောက်ဆိုလျှင် လျှောက်နိုင်မှာ မဟုတ်။

“နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ” ဆိုသော အသံက ဆွေးဆွေးမြေ့မြေ့ ရှိလှသည်။ ဘေးက ရပ်ကြည့်သူ ဘယ်သူမှ မနေနိုင်၊ အနည်းဆုံးတော့ လက်ခုပ်တီး အားပေးမိကြသည်ချည်း။ ၂၅ ရက်နေ့ ကျတော့ သူတို့ မလိုက်ဖြစ်ကြတော့၊ ရေသန့်ဘူးများ ၀ယ်ပြီး စောင့်နေကြသည်။ သံဃာတော်များ ကြွလာတော့ သူတို့ ရေသန့်ဘူးများ ကပ်လှူကြသည်။ သံဃာတော်များကား ပင်ပမ်းနေသော်လည်း နွမ်းနယ်ခြင်းမရှိ။ သူတို့ဘေးက အစ္စလာမ် ဘာသာဝင်များလည်း ရေသန့်ဘူးများ ကပ်တာ တွေ့ရသည်။

မဟာဗန္ဓုလလမ်းပေါ်မှာ လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေသည်။ မဆုံးနိုင်သော သံဃာတန်း လူတန်းကြီးကို ဘေးက လူများက လက်ချင်း ချိတ်ဆက်ပြီး ကာပေးထားသည်။ လက်ခုပ်သံများက ဟိန်းဟိန်းညံနေသည်။ ဆက်လိုက်သွားချင်သော်လည်း သူ့ဆန်စားနေရသည့် ဘ၀ဖြစ်သောကြောင့် အားပေးရုံပေးပြီး ပြန်လာခဲ့ရသည်။

အသံတွေကတော့ အမျိုးမျိုး၊ မြန်မာ့ရုပ်မြင်သံကြားတွင်လည်း လူများက 47 (ဖော်တီဆဲဗင်း) ဟု အမည်ပေးထားသော သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်ကြီးများ၏ မသက်မသာ ရုပ်ပုံများကို အသံတိတ် ပြသနေသည်။ သူတို့ဘာပြောကြသလဲ ဆိုတာ ဘာမှ မလွှင့်၊ နိုင်ငံတကာသတင်းတွင်လည်း မြန်မာသတင်းက ကြီးစိုးနေရာ ဖြတ်တောက် လွှင့်ရသဖြင့် ဘာမှမကျန်တော့။ လွှင့်စရာ မရှိသဖြင့် မနေ့က တနေ့က ဟိုးတနေ့က သတင်းများကိုသာ ထပ်ခါထပ်ခါ လွှင့်နေသည်။
၂၅ ရက်နေ့ ညသတင်းမှာတော့ ကံဆောင်ပွဲ မရပ်လျှင် တခုခုလုပ်တော့မည်ဆိုသည့် ပုံစံမျိုး ပြောလာသည်။

အဲဒီနေ့ညနေက ၄၆ လမ်း စီးတီးမတ်နားက အဆောက်အဦးသစ် မဆောက်ရသေးသည့် ကွက်လပ်ကြီးတွင် စစ်ကားတွေ ရောက်နေပြီ။ ရန်ကုန်မြို့တွင်း ဟိုနေရာ သည်နေရာတွေမှာလည်း စစ်ကားတွေ စစ်တပ်တွေ မြင်နေ ရသည်။

လူတွေကတော့ မြန်မာ့အသံကို မကြည့်ကြတော့။ စလောင်း တပ်ထားသူတွေက CNN, DVB တွေ ဖမ်းကြည့်သည်။ မရှိသူတွေက ရေဒီယို နားထောင်သည်။ အဲဒီတော့ ဘယ်လိုပဲ ဖြတ်ထားဖြတ်ထား သတင်းတွေကို အချိန်နှင့် တပြေးညီ သိကြ ကြားကြရသည်။ သူတို့ သူငယ်ချင်းတွေကတော့ ကံဆောင်ပွဲမှ ပြန်လာတာနှင့် အင်တာနက် ကဖေးကို ပြေးကြသည်။ အွန်လိုင်းပေါ်မှ ဘလော့များကို ကြည့်သည်၊ ဖြန့်သည်၊ အချင်းချင်း ချက်တင်လုပ်ရင်း ပြောကြ ဆွေးနွေးကြသည်။

၂၆ ရက်နေ့မှာတော့ ဘလော့များ ၀က်ဘ်ဆိုဒ်များ ဖွင့်မရတော့။ ၂၇ ရက်မှာတော့ အင်တာနက် လုံးဝမရတော့ ဆိုင်များပါ ပိတ်ထားလိုက်ရသည်။ အင်တာနက်နှင့် စီးပွားရှာသူများ ဒုက္ခရောက်ရတော့သည်။ အားလုံး ရေဒီယိုနှင့် စလောင်းကို အားကိုးကြရတော့သည်။ ဆိုင်များတွင် ရေဒီယိုများ ရောင်းစရာ မရှိတော့လောက်အောင် ပစ္စည်းပြတ်သွားသည်၊ စလောင်းဆိုင်များတွင်လည်း ပစ္စည်းပြတ်သည်။ စလောင်းဆင်သူများ လက်မလည်အောင် အလုပ်များကုန်သည်။ သတင်းငတ်နေသည့် လူများက အပြင်းအထန် အားပေးကြသောကြောင့် ဖြစ်သည်။

အဲဒီနေ့က ခါတိုင်းလိုပင် မိုးမရွာ နေကလည်း အရမ်းမပူ နေထိုင်ကောင်းရုံ အနေအထားလေး။ မနက်၁၁ နာရီ ကျော်ကျော် လောက်မှာတော့ ဖုန်းဝင်လာသည် ရွှေတိဂုံဘုရားမှာ ရိုက်နေကြပြီတဲ့။ ဆူးလေဘုရားကိုလည်း ၀ိုင်းထားပြီလို့ ကြားသည်။ ရုံးပေါ်ကဆင်းပြီး ဆူးလေစေတီနား ပြေးသွားမိသည်။ စစ်သားတွေက သံခမောက် ပေါ်မှာ အနီရောင်ပတ်နှင့် တခါမှမမြင်ဘူး သည့်ပုံစံ။ လူတွေက သူတို့ကို မျောက်ပွဲကြည့်သလို ၀ိုင်းကြည့်နေကြ သည်။ ဘယ်သူကမှတော့ ပစ်လိမ့်မည်ဟုမထင် အထူးသဖြင့် ၈၈ ကို မမီလိုက်သည့် ကလေးများက တကယ် ပစ်မည်မထင်။ သူတို့လို ၃၀ကျော်အထက်ပိုင်း လူလတ်ပိုင်းတွေကတော့ သိပ်လျှော့မတွက်ရဲ။ ဒါပေမယ့် သိပ်တော့လည်း မကြောက်မိ။ သံဃာတွေကို ရိုက်နေပြီဆိုသည့် သတင်းကလည်း ကြားထားတော့ စိတ်တွေက တင်းမာခက်ထန်နေသည်။

အဲဒီအချိန်မှာပဲ ဘယ်သူမှ ထင်မှတ်မထားတာ စဖြစ်သည်။ ကြည့်နေသော လူတချို့က စစ်သားတွေကို ထိုင် ကန်တော့ပြီး “မလုပ်ကြပါနဲ့ဗျာ သံဃာတွေကို မရိုက်ပါနဲ့တော့”ဆိုပြီး ပြောချိန်နှင့် တပြိုင်တည်းလိုလို မိုးက တဂျိမ်းဂျိမ်း ထချိန်းတော့သည်။ မိုးချိန်းသံကြားသည်နှင့် လူများက တိုင်ပင်မထားဘဲ လက်ခုပ်များ ထတီးရာ မခံစားနိုင်တော့သော စစ်သားများက မည်းမည်းမြင်ရာပစ်တော့သည်။ သူတို့ရှေ့တင် လူတယောက် လဲကျ သွားတော့မှ တကယ်ပစ်တာဆိုသော အသိစိတ်ဖြင့် မဟာဗန္ဓုလလမ်းမကြီးအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးမိတော့သည်။

ဘယ်သူကျန်ခဲ့သလဲ ဘယ်သူထိသွားလဲ မသိ၊ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်နေပြီလဲ မသိအောင် စွတ်ရွတ် ပြေးမိပြေးရာ ပြေးကြခြင်းဖြစ်သည်။ သူတို့ရုံးခန်းတည်ရာရောက်မှ ဟင်းချနိုင်တော့သည်။ ရုံးအောက်ကို မရောက်ခင် သူတို့ရုံးအောက် စတိုးဆိုင်က အရောင်းစာရေးမလေးနှင့် ဆုံသည်။ မောကြီးပမ်းကြီး ပြေးလာပြီး သူ့ရှေ့ရောက်တော့ အကြောက်လွန်ကာ ခွေခေါက်လဲကျသွားသည်။ နှာနှပ်ပေးပြီး သတိပြန်ရသည်အထိ အကြောက်ပြေသေးပုံ မပေါ်။ သူ့အနားက သေနတ်ကျည်ဆံများ ဖြတ်သွားသည်တဲ့။

တာမွေဘက်က ပြန်လာသည့် သူငယ်ချင်းကလည်း သူ့အတွေ့အကြုံကို ပြောပြသည်။“လူအုပ်ကြီးနဲ့အတူ မြန်မာ့ဂုဏ်ရည်လမ်းအတိုင်း လျှောက်လာခဲ့တာ၊ အဲဒီလမ်းကြီးတလမ်းလုံး အပြည့်ပဲ၊ စစ်ကား အဲဒီလမ်းထဲဝင်လို့ မရဘူး ဖြစ်နေတယ်၊ လူတွေကလည်း အရမ်းညီတယ်၊ ကန်တော်လေးဆိုတာ တကယ်တော့ အစ္စလာမ်ရပ်ကွက် လေ ဒါပေမယ့် အဲဒီအချိန်မှာ ဘာသာကွဲဆိုတာ မရှိတော့ဘူး၊ အားလုံးအတူတူပဲ ဖြစ်သွားတာ၊ တယောက်ကို တယောက် ကူညီဖို့ဆိုတာပဲ သိတော့တာ”ဟု သူက ပြောသည်။

အဲဒီလူအုပ်ကြီးက ခဏနေတော့ မြို့ထဲဘက် အနော်ရထာလမ်းတလျှောက် လျှောက်လာတာ တွေ့လိုက်ရသည်။ အဲဒီ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးက သိပြီးဖြစ်သော မတရား တဘက်သက် ရက်ရက်စက်စက် သတ်ဖြတ် ဖမ်းဆီးမှုကြီးများ ဖြစ်ကုန်တော့သည်။ ပြန်လည်း မပြောချင် ပြန်လည်း မကြားချင်တော့ပါ။

၂၇ ရက်နေ့ကဆို တရားလက်လွတ် ကိစ္စများ တော်တော်ဆိုးရွားသည်။ တာမွေဘက်ကို မသွားမဖြစ် သွားရလို့ မကြားချင် မမြင်ချင်တာတွေ ကြားမြင်ရခြင်းဖြစ်သည်။ လူအုပ်ကြီးက ခါတိုင်းလိုပဲ ရွှေဂုံတိုင်ဘက်ကလျှောက် လာရာ တာမွေဈေးနား တွင် စစ်တပ်နှင့် ထိပ်တိုက်တိုး၍ တွေ့ရာပစ်ပြီး လူစုခွဲရာ လွတ်ရာကျွတ်ရာ ထွက်ပြေးကြ ရသည်။ အနီးနားက မကြည့်ရဲ ဝေးဝေးက လှမ်းကြည့်ရသည်။

သူတို့ အသက်ကိုတော့ သူတို့က နှမျောတတ်သား၊ စစ်သားက ပစ်တာကို ရဲက ကာပေးထားသည်။ တကယ်တော့ သေနတ်ကို အံတုနိုင်သည့် လက်နက် လူထုဆီမှာ မရှိ။ လဲကျသွားသူထဲမှာ မိန်းမတွေ ကလေးတွေပါသည်။ အချိန်က အထက်တန်း ကျောင်းလွှတ်ချိန်ဖြစ်သည်။ လဲသွားသူကို ဘယ်သူမှ သွားမဆွဲရဲ၊ ဒီတိုင်းအဝေးက ကြည့်နေကြရသည်။ ကျောက်မြောင်းက အစ်ကိုအိမ်မှာ သူထိုင်နေစဉ်မှာပင် ရယက လူကြီးရောက်လာသည်။ သီတာလမ်းမှာ ငှားနေသော တက္ကသိုလ်ကျောင်းသားတဦး သေသွားသည်တဲ့။ အဲဒီကျောင်းသားက တိုက်ခန်းတွင် တဦးတည်း ငှားနေတာ ဖြစ်သည်။ သူ့မိသားစုက စစ်တွေက ဆိုတာပဲ သိသည်တဲ့။ ဘယ်သူမှ သူ့မိဘများ၏ လိပ်စာကို မပြောနိုင်ကြ။

ခဏနေလို့ အားလုံးငြိမ်သွားမှ လမ်းမကြီးဘက် ထွက်ကြည့်တော့ ပစ်လို့ ထွက်ပြေးရင်း ကြုံရာအိမ်ထဲ ၀င်ပြေးရာ အိမ်ရှင်များကိုပါ ဖမ်းခေါ်သွားသည်ဟု ကြားရသည်။ အခွန်လွတ်ဈေးနားက သံချည်သံကွေး ဆိုင်တဆိုင်ဆိုလျှင် အပေါ်ထပ်တက် ဖုန်းဆက်နေသူ ဆိုင်ရှင်မှလွဲပြီး တဆိုင်လုံးကို ဖမ်းခေါ်သွားသည်။ တချို့ အိမ်ထဲထိုင် ထမင်းစားနေသူကိုပါ ဆွဲခေါ်သွားသည်တဲ့။ ကြားရတာ နည်းနည်းမှ စိတ်သက်သာဖွယ်ရာမရှိ။

ဖြစ်ချင်တော့ ၂၇ ရက်နေ့ အဖမ်းခံခဲ့ရသူများထဲတွင် အသိကလေးတယောက် ပါသွားသည်။ တော်တော်ရင်းနှီး သူဖြစ်သောကြောင့် ရှာဖွေဖို့ ကူညီပေးခဲ့ရသည်။ ရေဝေးသုသာန် မီးသင်္ဂြီုဟ်စက်လည်း ရောက်သည်။ ကျိုက်က္ကဆံကွင်းလည်း ရောက်သည်။ ဆေးရုံကြီးလည်း ရောက်သည်။ ဆေးရုံကြီး ရင်ခွဲရုံတွင် အပစ်ခံရပြီး သေဆုံးသွားသူ တယောက်၏ မိသားတစုနှင့် ဆုံသည်၊ ကျိတ်မနိုင် ခဲမရဖြစ်နေသည့် သေဆုံးသူ ကောင်လေး၏ အစ်ကိုဖြစ်သူ မျက်နှာကို မျက်စိထဲက တော်တော်နှင့် မထွက်၊ ၀မ်းနည်းခြင်း၊ နာကြည်းခြင်း၊ ပူဆွေးခြင်း၊ ခံပြင်းခြင်းတို့ ရောယှက်ထားသော မျက်နှာ။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ဘာမှမတတ်နိုင်သော အဖြစ်။ သူ့ညီသေသွားပြီဆိုတာ ဓာတ်ပုံမြင်ရသောကြောင့်သာ သိရရှာသည်။ ရုပ်အလောင်းကို မြင်ရတာမဟုတ်။ သင်္ဂြီုဟ်ခွင့်လည်း မရ။

ရေဝေးရောက်တော့ အစောင့်စစ်သားက သေဆုံးသူများ၏ ဓာတ်ပုံများ ထုတ်ပြသည် ဓာတ်ပုံက၁၀ပုံသာ။ မျက်နှာများသာ မြင်ရသည်။ ထိုကောင်လေး မပါ။ သေဆုံးသူ ဒီထက်မက မှန်းတော့သိသည်။ သို့သော် မေးလို့ ကလည်း မရတော့ ပြန်လာခဲ့ရသည်။ ကျိုက်က္ကဆံရောက်တော့ စစ်သားတွေ သေနတ်နှင့် ၀ိုင်းချိန်တာ ခံရသေး သည်။ အဲဒီမှာလည်း ဘာမှမေးလို့မရ။ နောက်တော့ အင်းစိန်ထောင်မှာလို့ ကြားသည်။ တလလောက် ကြာတော့ မှ လွတ်လာသည်။ သူ့အစ်ကိုကတော့ ပိုက်ဆံ ကျပ်သုံးသိန်းလောက် ကုန်သွားသည်ဟု ဆိုသည်။ ဟိုနည်းနည်း ဒီနည်းနည်း ခွံ့ရသည်တဲ့။ ညီဖြစ်သူကို ဘယ်သူနှင့်မှ ပေးမတွေ့ဘဲ အမျိုးများရှိရာ ရွာသို့ ပို့ထားလိုက်သည်။ မသေတာကိုဘဲ ကျေးဇူးတင်လှပြီတဲ့။

မမေ့နိုင်ပါ။
မေ့လည်း မမေ့သင့်ဟု ထင်သည်။ အဲဒီနောက်ပိုင်းတွင် ရန်ကုန်မြို့ကြီးမှာ ရုပ်ရှင်ကားများတွင် ကြည့်ခဲ့ဖူးသော စစ်တလင်းလို ဖြစ်နေသည်။ နေရာတိုင်းတွင် စစ်ကားများ စစ်သားများသာ မြင်နေရသည်။ လူအားလုံး ကျီးလန့်စာစား ဖြစ်နေသည်။ စီးပွားရေး လုပ်ငန်းရှင်များက သူတို့အလုပ်များကို မရပ်ချင်သောကြောင့် အလုပ်သာ ဆင်းပေးနေကြရသည်။ ဘယ်တော့ ဘာဖြစ်မလဲ တထိတ်ထိတ် စိုးရိမ်နေကြရသည်။

စစ်သားများကို မုန်းတီးစက်ဆုပ်စွာ ကြည့်ရုံ၊ စစ်အစိုးရကို နာကြည်းရုံသာ တတ်နိုင်သော ပြည်သူလူထုကား သနားစရာ ကောင်းလှသည်။ အရုဏ်တက် ဆွမ်းလောင်းချိန် အရင်လို သံဃာများတန်းစီ ကြွမလာတော့ဘဲ ကိုရင်လေး တပါးနှစ်ပါးနှင့် ဘုန်းကြီးကျောင်းသားလေးလောက်သာ ကြွလာသဖြင့် အမယ်ကြီးများ မျက်ရည်လည်ရွဲ ငိုပွဲ ဆင်ကြရသည်။

အဖြစ်က ဂျပန်ခေတ် ဖက်ဆစ်ခေတ်ကို ရိုက်ပြထားသော ဗီဒီယိုကား ကြည့်နေရသလို။ သို့သော် ဒါ ရုပ်ရှင်မဟုတ် ကောလာဟလလည်း မဟုတ်။ တကယ့်အဖြစ် ကိုယ်တွေ့စစ်စစ်ဖြစ်သည်။ ရင်ထဲမှာ သိမ်းထားခဲ့သည်။

တခုတော့ ကျေနပ်မိသည်။ ၈၈ အကြောင်း လုံးဝမသိခဲ့သော သိဖို့လည်း မကြိုးစားခဲ့သော ယနေ့ ကျောင်းသားများကို တပ်လှန့်ပေးလိုက်သည်နှင့် တူသည်။ အားလုံး တသားတည်း ပြန်ဖြစ်သွားခဲ့ပြီ။

ထိုသို့သော သွေးနှင့် မျက်ရည်ဆိုသည်မှာ ဘယ်တော့မှ ခြောက်သွားရိုး ထုံးစံမရှိဆိုတာ သူတို့သိသွားပြီ။ အဲဒီအတွက်တော့ သူ ကျေနပ်မိပါသည်။ ။

No comments: