Friday, December 14, 2007

လက်ရှိ စီးပွားရေးပိတ်ဆို့မှုက ပြည်သူတွေထက် စစ်ခေါင်းဆောင်တွေကို ချက် ချင်း ထိခိုက်နေ

သတင်း-ဗွီအိုအေ
မြန်မာနိုင်ငံကို ၅ရက်ကြာ သွားရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းခဲ့တဲ့ မစ္စတာပီညဲရိုးရဲ့ အစီရင် ခံစာအရဆိုရင် မြန်မာနိုင်ငံကို အရင်အတိုင်း ပြန်ဆက်ဆံဖို့ နိုင်ငံတကာအနေနဲ့ မဖြစ်နိုင်တော့ဘူးလို့ အမေရိကန်သမ္မတ ဘုတ်ရှ်က သတိပေး တိုက်တွန်းလိုက်ပါတယ်။ မစ္စတာ ပီညဲရိုးက နေပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံ အခြေအနေ အစီရင်ခံခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ အမေရိကန် သမ္မတဘုတ်ရှ်ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်သွားတာပါ။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုဆာဂျီယို ပီညဲရိုးကနေ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စုံစမ်းတွေ့ရှိတာတွေကို ဂျနီဗာမှာ တင်ပြအစီရင်ခံရာမှာ ဒီအစီရင်ခံချက်အပေါ် ကျနော့်အနေနဲ့ အလွန်တရာ စိတ်ပူစရာ ဖြစ်ရပါတယ်။ သံဃာတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ ဆန္ဒပြလှုပ်ရှာမှုတွေကို မြန်မာအာဏာပိုင်တွေက ကိုင်တွယ် နှိမ်နင်းခဲ့တာတွေ၊ နောက်ပိုင်း ဒီကနေအထိ ပြင်းထန်တဲ့ လက်တုန့်ပြန် အရေးယူမှုတွေ ဖြစ်နေတယ်ဆိုတာကို ဒီအစီရင်ခံစာကနေ အသေးစိတ် ထပ်မံဖော်ပြထားပါတယ်။”

“အခု မစ္စတာပီညဲရိုး အစီရင်ခံချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံတကာအနေနဲ့ ဘာကြောင့် ဒီဗိုလ်ချုပ်မှုးကြီး သန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်တွေအနေအပေါ် အရင်လို အခြေအနေမျိုးကို ပြန်သွားဖို့ လက်မခံနိုင်တော့ဘူး ဆိုတာ ဖော်ပြနေပါတယ်။ မစ္စတာပီညဲရိုးရဲ့အစီရင်ခံစာထဲမှာ အသေးစိတ်ဖော်ပြတဲ့ ဒီရက်စက်မှုတွေကို နိုင်ငံတကာ မိသားစုဝင် အားလုံးအနေနဲ့ အပြင်းထန်ဆုံး ဝေဖန်ရှုတ်ချကြဖို့ ကျနော်တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ လကတော့ ဒီစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ အပေါင်းအဖော်တွေအပေါ် အရေးယူပိတ်ဆို့မှု အသစ်တရပ်ကို ကျနော် ကြေညာခဲ့ပါတယ်။”

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရဖက်က လစ်လျူရှုနေဦးမယ် ဆိုရင်တော့ နိုင်ငံတကာကနေ စစ်အစိုးရကို ပိုပြီး အရေးယူဒဏ်ခတ်ဖို့ ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက ဦးစီးဦးဆောင် လုပ်သွားဖို့ ပြင်ဆင်ထားပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ လွတ်လပ်မှုကိုရဖို့ ကြိုးစားနေတဲ့ နေရာမှာ မြန်မာပြည်သူတွေဖက်က ကျနော်နဲ့ လော်ရာတို့က ဆက်ပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။”
အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ သမ္မတဘွတ်ရှ်ရဲ့ မြန်မာနိုင်ငံကိစ္စ ထုတ်ပြန်ချက်ပါ အချက် အလက်အချို့ကို ကိုကျော်အောင်လွင်က ဖတ်ပြထားတာပါ။

ဒီတော့ အမေရိကန်ပြည်ထောင်စု ဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖြစ်လာအောင် လုပ်မယ်ဆိုတော့ အမေရိကန်ဖက်က ဘယ်လို ခြေလှမ်းတွေများ ပြင်ဆင်နေပြီလဲဆိုတာကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ USCB မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကို မေးမြန်းကြည့်ပါမယ်။

“အမေရိကန် အစိုးရအနေနဲ့ အခုချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစုတွေ၊ နောက် သူတို့ကို အားပေးအားမြှောက် ပေးနေတဲ့ မြန်မာနိုင်ငံထဲက တေဇလို စီးပွားရေး လုပ်ငန်းရှင်တွေပေါ့နော်၊ သူတို့ကို ပစ်မှတ်ထားပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့ ရင်နှီးမြှုပ်နှံမှုတွေ၊ သူတို့ရဲ့ စီပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူဖို့ စီစဉ်နေတာ ရှိပါတယ်။ မကြာသေးခင်က သမ္မတဘုရှ်အနေနဲ့ မြန်မာနိုင်ငံထဲက စီးပွားရေး သမား(ရ) ယောက်ကို နာမည်ပျက် စာရင်းမှာသွင်းပြီးတော့ ဒီစီးပွားရေးသမား (၇)ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ဆို့ဟန့်တားဖို့ အမိန့်ထုတ်ပြန်ခဲ့တာရှိတယ်၊ Financial Sanction လို့ခေါ်တယ်၊ ဆိုတော့ အဲဒါကို ဆက်ပြီးတော့ အရေးယူသွားဖို့ ရှိတယ်။ မြန်မာနိုင်ငံထဲက အခြားအခြားသော စီးပွားရေးသမားတွေ၊ နောက်ပြီးတော့ နအဖခေါင်းဆောင်များရဲ့ မိသားစုဝင်တွေ၊ နအဖ လက်ကိုင်တုတ် ကြံ့ဖွတ်စွမ်းအားရှင် ခေါင်းဆောင်တွေ၊ ဒီအဖွဲ့အစည်းတွေအပေါ် အားပေးအားမြှောက် ပေးနေတဲ့ လုပ်ငန်းရှင်တွေ၊ စသည်ဖြင့် အဲဒီ ပုဂ္ဂိုလ်တွေကို ထပ်မံပစ်မှတ်ထားပြီးတော့ တိုးပြီးတော့ စီးပွားရေးအရ အရေးယူပိတ်ဆို့ဖို့ လုပ်နေပါတယ်။ ဒါ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှုပေါ့နော်။ တချိန်တည်းမှာပဲ အဲသလို လှုပ်ရှားမှုမျိုးကို ဥရောပသမဂ္ဂ နိုင်ငံများကပါ ပူးတွဲပြီးတော့ ဆောင်ရွက်လာအောင်၊ အရေးယူလာအောင်၊ အမေရိကန်ပြည်ထောင်စုက ကြိုးစား စည်းရုံးနေတာ ရှိပါတယ်။ အခုပဲ ဒီ သြစတေးလျ အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ အလားတူပဲ ခုနက ပြောတဲ့အတိုင်း နအဖအုပ်စုတွေကို ပစ်မှတ်ထားပြီးတော့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်နေပြီ။ ဆိုတော့ အမေရိကန်အစိုးရနဲ့ လက်တွဲပြီး ဥရောပသမဂ္ဂ နိုင်ငံများကပါ အဲလိုမျိုး ပိတ်ဆို့အရေးယူမယ် ဆိုလို့ရှိရင် ဒီနအဖ စစ်ဗိုလ်ချုပ်များရဲ့ ငွေရေးကြေးရေး ပိုင်ဆိုင်မှုတွေကို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အစိုးရများက ထိထိရောက်ရောက် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကိုရည်ရွယ်ပြီးတော့ သမ္မတဘုရှ်က ပြောသွားတာလို့ ကျနော်တို့ ထင်ပါတယ်။”

ဟုတ်ကဲ့ခင်ဗျ၊ အခု ဒီပိတ်ဆို့ အရေးယူမှုတွေကို ကြည့်တဲ့အခါမှာ ဒီအမေရိကန်တို့၊ ဥရောပသမဂ္ဂတို့၊ အနောက်နိုင်ငံအများစု ပါတာတွေ့ရပါတယ်။ ဆိုတော့ အာရှနိုင်ငံတွေဘက်က ပါလာနိုင်ဖို့ အလားအလာ၊ နောက်ပြီးတော့ ကုလသမဂ္ဂမှာ အရေးယူဖို့ အလားအလာကော ဘယ်လောက်ထိရှိတယ်လို့ မြင်ရလဲခင်ဗျ။

“ကုလသမဂ္ဂက အရေးယူမှု အတိုင်းအတာမှာ အခု အမေရိကန်ပြည်ထောင်စု အစိုးရ ကြိုးစားနေတာက လုံခြုံရေးကောင်စီကနေ အထွေထွေအတွင်းရေးမှူးချုပ်ကို ပို့ပြီးတော့ အမိန့်အာဏာတွေ ပေးနိုင်ဖို့၊ နောက်တခါ မြန်မာစစ်အစိုးရ အပေါ်မှာ၊ ကျနော်တို့ တောင်းဆိုတာပေါ့၊ မြန်မာစစ်အစိုးရအပေါ်မှာ နိုင်ငံတကာ လက်နက် ရောင်းချမှုတွေ ပိတ်ပင်ဟန့်တားဖို့ အစရှိတဲ့ အရေးယူတာတွေ လုပ်ဖို့ ကျနော်တို့ ကြိုးစား တိုက်တွန်းနေတာ ရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အာရှနိုင်ငံများရဲ့ ပါဝင်ပတ်သက်မှုကတော့ သိပ်မမြင်ရသေးပါဘူး။ သို့သော်လည်း အမေရိကန်ဒေါ်လာ သုံးပြီးတော့ ငွေရေးကြေးရေး အပေးအယူလုပ်လို့ မရအောင် ပိတ်ဆို့ ဟန့်တားဖို့ အခု စလုပ်နေပြီ။ အဲဒီမှာတခါ အခု ဥရောပသမဂ္ဂကပါ လက်တွဲပြီးတော့ သူတို့ရဲ့ ယူရိုငွေကြေးကို သုံးပြီး ဒီနအဖ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ လက်အောင်ငယ်သားတွေ ငွေရေးကြေးရေး အပေးအယူ ရှင်းတမ်း လုပ်လို့မရအောင် ပိတ်ဆို့ဟန့်တား နိုင်မယ်ဆိုလို့ရှိရင် ဒီအာရှနိုင်ငံများက ဒီစီးပွားရေး ပိတ်ဆို့မှုမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အဲဒီနိုင်ငံများက စီပွားရေးလုပ်ငန်းများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများပါ ထိခိုက်မှုရှိမယ်လို့ ကျနော်တို့တွေ့နေရတယ်။”

USCB ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ပြောသွားတာပါ။

အမေရိကန် ပြည်ထောင်စုရဲ့ ယခင်က မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို ပိတ်ဆို့တာ၊ မြန်မာနိုင်ငံက သွင်းကုန်တွေကို ပိတ်ဆို့တာကြောင့် စစ်အစိုးရအပြင် မြန်မာပြည်သူလူထုပါ ဒီဒဏ်ကို ခံရတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ သူတို့နဲ့အနွယ် စီးပွားရေးသမားတွေကို အထူးပစ်မှတ်ထားပြီး အရေးယူမှု အသစ်တွေ ချမှတ်နေတာပါ။ ဒီတော့ အခုနောက်ပိုင်း အရေးယူမှု အသစ်တွေ ပစ်မှတ်ထားသလို ဗိုလ်ချုပ်တွေ၊ သူတို့နဲ့နွယ်တဲ့ စီးပွားရေးသမားတွေအပြင် မြန်မာလူထုကိုပါ ထိခိုက်နိုင်ချေ ရှိတယ်လို့ ယူဆလိုရမလား။ မြန်မာရန်ပုံငွေအဖွဲ့ ဦးစိန်ဌေးက ရှင်းပြပေးပါ။

“လူတွေကို ထိခိုက်ဖို့ အတိုင်းအတာကတော့ လုံးဝ မရှိသလောက် ဆိုသလို ဖြစ်ပါလိမ့်မယ်။ လူတွေဆိုတဲ့နေရာမှာ မြန်မာပြည်သူတွေထဲမှာ ကျနော်တို့က ခြွင်းချက် တွက်လို့ရတာပေါ့ဗျာ။ အဲဒီက နအဖနဲ့ ပေါင်းနေတဲ့ သူတွေက ထိမှာပေါ့။ ဒါတွေကို ကျနော်တို့က ပြည်သူကို ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူး။ ဒါကြောင့် ပြည်သူလူထု အများစုကိုလည်း ထိခိုက်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တနည်းပြောရရင် တိုင်းပြည်ရဲ့ အသီးအပွင့် နိုင်ငံခြားက ရလာတဲ့ ငွေတွေဟာ အများပြည်သူ စားသုံးခွင့်၊ သုံးစွဲခွင့် မရှိဘူး။ အများပြည်သူ သုံးစွဲခွင့် မရှိတဲ့အပြင် ပြည်သူလူထု အကျိုးအတွက် နအဖက ကာလတို၊ ကာလရှည်တွေမှာ ဘာမှ ရင်းနှီးမြှပ်နှံမှုတွေ မလုပ်တဲ့အတွက် ဒီလို Sanction တွေသည် လုံးဝ မထိခိုက်ဘူးလို့ ကျနော်တို့ ပြောလို့ရပါတယ်။ အထူးသဖြင့် အမေရိကန်က ပိတ်ဆို့တဲ့ အရေးယူမှုဟာ နအဖဗိုလ်ချုပ်များနဲ့ သူတို့ရဲ့ အပေါင်းပါ၊ တနည်းပြောမယ်ဆိုရင် နအဖပိုင်တဲ့ စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ပေါင်းပြီးမှ ပြည်သူတွေကို ၀ါးမျိုနေတဲ့ အားလုံးသော ပြည်တွင်းက စီးပွားရေး လက်ဝါးကြီးအုပ် အရင်းရှင်တွေကို ထိခိုက်အောင် လုပ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝပြည်သူလူထုကို ထိခိုက်မှု မရှိပါဘူး။ ကျနော်တို့ ကမ္ဘာ့ငွေကြေး အဖွဲ့အစည်းကြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ကနေပြီး ပြီးခဲ့တဲ့အပတ်က Article 4 ကို ဆွေးနွေးပြီး ထုတ်ပြန်ချက်တခု လုပ်တဲ့အခါမှာ နအဖက သဘောမတူလို့ တရားဝင်တော့ မထုတ်ပြန်ဘူး။ အဲဒီအထောက်အထား ကျနော့်ဆီမှာ ရှိပါတယ်။ အဲဒီအရပဲ IMF က ဘာတွေပြောလဲဆိုရင် အခု နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှု၊ အထူးသဖြင့် အမေရိကန်နိုင်ငံရယ်၊ သြစတေးလျနိုင်ငံ ရယ်၊ အီးယူနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုဟာ Targeted Sanction ဟာ The hole economy ပြည်သူလူထု တရပ်လုံးကို လုံးဝ မထိခိုက်ဘူးဆိုတာ ပြောတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စဟာ ရှင်းနေပါပြီ။”

ဒါဆိုလို့ရှိရင် ပစ်မှတ်ထားပြီး အရေးယူခံရတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စီးပွားရေးသမားတွေ ဘယ်လောက်ထိ သက်ရောက်မှု ရှိသလဲ၊ ဘယ်လောက်ထိ ဖိအားတွေ ဖြစ်လာသလဲခင်ဗျ။

“ကျနော်တို့အခုလောလောဆယ် ပြည်တွင်းကရတဲ့ ခိုင်မာတဲ့ သတင်းတခုအရ ဆိုလို့ရှိရင် နအဖဟာ ပြီးခဲ့တဲ့ သံဃာများ အရေးအခင်း ပြီးတဲ့အခါကျတော့ စီးပွားရေးလုပ်ငန်းရှင် (၃) ဦးအပါအ၀င် နအဖရဲ့ ပိုင်ဆိုင်တဲ့ ဘဏ်လုပ်ငန်းတွေကို ပိတ်ဆို့မှု လုပ်တဲ့အခါမှာ အရင်တုံးက ဘဏ်လုပ်ငန်းတွေ စင်ကာပူဘဏ်က အများဆုံး သွားနေတယ်၊ စင်ကာပူနိုင်ငံက။ အဲလို ပိတ်ဆို့လိုက်တဲ့အခါကျတော့ သူတို့ဘယ်ကို ပြောင်းသွားသလဲ ဆိုလို့ရှိရင် စင်ကာပူကတဆင့် သြစတေးလျနိုင်ငံ ဘဏ်တခုကို သွားပါတယ်။ နောက်တခါ သြစတေးလျက ထပ်ပိတ်လိုက်တဲ့ အခါကျတော့ တရုတ်ကို ချဉ်းကပ်နေရတယ်။ ဒါတွေက အလွန်ခိုင်မာတဲ့၊ ကျနော်တို့ဆီမှာရှိတဲ့ အထောက်ထားပါ။ ဒါကြောင့်မို့လို့ အမေရိကန်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ ပထမအဆင့်သော စစ်ဗိုလ်ချုပ်များနဲ့ သူတို့ရဲ့အပေါင်းပါများရဲ့ ဘဏ်လုပ်ငန်း အရောင်းအ၀ယ်တွေကို၊ ငွေကြေးအရောင်းအ၀ယ် တွေကို ပိတ်ဆို့လိုက်တာသည် ပြည်သူလူထုကို မထိဘဲ သူတို့အရှိုက်ကို ထိသွားတာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်ခင်ဗျာ။”

ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ပိုင်း အရေးယူမှုအသစ်ရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် Burma Fund က ဦးစိန်ဌေးက သူ့အမြင်ကို ပြောသွားတာဖြစ်ပါတယ်။

No comments: