Tuesday, November 27, 2007

အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကဗျာ

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ
(အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)
အောင်ဝေး
ပုံတူ-ပန်းချီမင်းကျော်ခိုင်

(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။

(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
.................. အစိုးရ အကြမ်းဖက်ဝါဒကို
...................................... သတ်ရဦးမယ် အမေ …။ ။

အမေ့သား-အောင်ဝေး
(၂၃-၁၀-၂၀၀၇)
(ခေတ္တ ပုန်းခိုကျင်း တနေရာ)

(မေတ္တာဖြင့် ပုံတူရေးဆွဲပေးပို့လာသော
ပန်းချီမင်းကျော်ခိုင်အား အထူးကျေးဇူးတင်ရှိပါသည်)

1 comment:

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

very good poem!!!
Go on Sayar Aung Wae...
Go on.

http://bigbbrown.blogspot.com