Monday, November 12, 2007

လေးစားလို့ပါ ဆရာ

အဟိ

လွတ်မြောက်နယ်မြေကို အဟိရောက်မလာသေးခင်က အခု ဒီဗွီဘီ အသံလွှင့်ဌာနကနေ ‘ပြောပြရင် ဒေါပွမှာ လား’ ဆောင်းပါးကဏ္ဍကို အပတ်စဉ် တင်ဆက်ပြီး နအဖ စစ်ရာဇ၀တ်ကောင်တွေကို လမ်းမှန်ရောက်အောင် သွန်သင်ပေးနေတဲ့ ဆရာနေဇော်နိုင်က ဘော်ဒါအပေါင်းအသင်းတွေကြားမှာ ပွဲထိန်းရာထူးကို ရထားသူပါတဲ့။ လွတ်မြောက်နယ်မြေမှာ လုပ်တဲ့ သာရေးနာရေး၊ ပွဲလမ်းသဘင်မှန်သမျှ ဆရာနေဇော်နိုင်ပါမှ ပွဲစည်ပါသတဲ့။ ပြောရမယ်ဆိုရင် ဘယ်ပွဲမှာမဆို ဆရာနေဇော်နိုင် မိုက်ကိုင်လိုက်ပြီ ဆိုတာနဲ့ ရှေ့က လူအားလုံးဟာ ရယ်ရွှင်မဆုံး တပြုံးပြုံး ဖြစ်ကြရပါသတဲ့။

အဲဒီမြင်ကွင်းတွေကို အဟိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မတွေ့လိုက်ရပေမယ့် အကြားနဲ့တင် ယုံကြည်ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ တိုက်ပွဲဝင်နေစဉ် ကာလကတည်းက တနေ့တနေ့ စာပေသမား အများစုဆုံတဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ဆရာနေဇော်နိုင်တယောက် ၀ိုင်းအတော်များများကို ထိန်းထားတာ အဟိတွေ့ခဲ့ဖူးလို့ပါ။ မဂ္ဂဇင်းတစောင်မှာ ပါတဲ့ ‘သီချင်းများနဲ့ စိတ်ခြေရာကဏ္ဍ’ နဲ့ပတ်သက်ပြီး အဟိနဲ့ ဆရာနေဇော်နိုင် အချိန်အတော်များများ တွဲခဲ့ဖူးတော့ ဆရာနေဇော်နိုင်ရဲ့ ဟာသဥာဏ်တွေကို အဟိကောင်းကောင်း သိနေတာပေါ့။ ဒါပေမယ့် အခုအထိ အဟိကို ဖုန်းနဲ့တဖုံ အီးမေးလ်နဲ့ တနည်း အဆက်အသွယ် မလုပ်ပုံထောက်တော့ မြန်မာပြည်မှာတုန်းက အဟိဆီက သူချေးသွားတဲ့ အကြွေးတွေကို လှမ်းတောင်းမှာ စိုးလို့ပဲ ထင်မိရဲ့ … အဟိ။

အလကား နောက်တာပါ။ ပြောချင်တာက ဆရာနေဇော်နိုင် ဟာသဥာဏ်ရွှင်တဲ့ အကြောင်းပါ။ ဒါပေမယ့် ဟာသဥာဏ်ရွှင်တဲ့ ဆရာနေဇော်နိုင် တယောက် ဟောသလောက် ခရီးမရောက်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြချင်လို့ပါ။ တခါသားမှာ လွတ်မြောက်နယ်မြေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ စာပေဟောပြောပွဲ တခုလုပ်ပါသတဲ့။ ပွဲကို ဦးဆောင်စီစဉ်သူက သင့်ရဲဘော်မဂ္ဂဇင်း ထုတ်ဝေသူ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ဥက္ကဌ ရဲဘော်ကိုသံဒုတ် ဖြစ်ပါသတဲ့။ အဲဒီဟောပြောပွဲမှာ နားထောင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဗဟုသုတလည်းရ ဟာဒယလည်း ရွှင်ရအောင် ဆရာနေဇော်နိုင်က သူအလှည့်မှာ ဟာသတွေနှောပြီး ဟောပြောပါသတဲ့။

ဒါပေမယ့် ဆရာနေဇော်နိုင် ဘယ်လိုပဲ အရွှန်းဖောက်ဖောက် နားထောင်နေတဲ့ အလုပ်သမား ပရိသတ်တွေက လုံးဝမ ရယ်ကြဘဲ ငြိမ်ငြိမ်ကလေးသာ နားထောင်နေကြပါသတဲ့။ ကြာတော့ စင်ပေါ်မှာ ဟောနေတဲ့ ဆရာနေဇော်နိုင် တယောက် စင်အောက်က မိတ်ဆွေစာရေးဆရာတွေကို ငဲ့စောင်းကြည့်လိုက် ဆက်ဟောလိုက်နဲ့ ချွေးတွေပြန်လာသတဲ့။ နားထောင်တဲ့ အလုပ်သမားတွေ ရယ်လာအောင် ပျက်လုံးကို ရှေ့ကပဲ ဖြုတ်ချဖြုတ်ချ၊ အလယ်ကပဲ ဖြုတ်ချဖြုတ်ချ၊ နောက်ဆုံးပိတ်ကျမှ ဖြုတ်ချဖြုတ်ချ အလုပ်သမားတွေက လုံးဝမရယ်ပဲ ဆိတ်ဆိတ်သာငြိမ်ပြီး နားထောင်နေကြပါသတဲ့။ တနာရီကျော်ကြာ ဟောပြီးတဲ့အခါ စင်အောက်ကို ပြန်ဆင်းလာပြီး ဘော်ဒါစာရေးဆရာတွေ ရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူပါသတဲ့။ အပွဲပွဲ နွှဲလာသမျှ ဒီတချီတော့ ကွဲပါပြီ ဆိုပြီးတော့ပေါ့။

ပွဲပြီးတဲ့အခါ အလုပ်သမကလေးတွေက ဆရာနေဇော်နိုင်ဟောတာ အရမ်းကောင်းတာပဲဆိုပြီး အော်တို အော်ရှည်တွေ ထိုးခိုင်းဖို့ ရောက်လာကြပါသတဲ့။ အဲဒီမှာ ကျွဲမြီးတိုနေတဲ့ ဆရာနေဇော်နိုင်က သူဟောတာကို ကြိုက်တယ်ဆိုပြီး သူဒီလောက် ရယ်စရာတွေ ပြောတာကို ညည်းတို့က ဘာလို့ မရယ်ကြတာလဲ၊ ဟောတဲ့သူက ဖတ်ဖတ်ကို မောရောလို့ ဆီးပြီး ပြောသတဲ့။ အဲဒီမှာ အော်တိုအော်ရှည်တွေ ကိုင်ထားတဲ့ အလုပ်သမကလေးတွေရဲ့ အဖြေစကားကြောင့် ဆရာနေဇော်နိုင် တယောက် ကျွဲမြီး ပြန်ရှည်ခဲ့ရပါသတဲ့။

စာပေ၀ါသနာရှင် အလုပ်သမားလေးတွေ သံပြိုင်ပြောလိုက်တဲ့ အဖြေကတော့ ‘သမီးတို့က ဆရာဟောတာကို အရမ်း သဘောကျတာ၊ ဒါပေမယ့် မရယ်ရဲဘူး၊ သမီးတို့ဆရာ ဦးသံဒုတ်က ဒီနေ့ လာဟောမယ့် ဆရာတွေက နိုင်ငံကျော် ကဗျာဆရာ၊ စာရေးဆရာတွေ၊ မင်းတို့ လေးလေးစားစား ဆက်ဆံကြ၊ ဟောနေတုန်း ရယ်တာ မောတာတွေ ပြောင်တာ ပျက်တာတွေ မလုပ်ကြနဲ့လို့ မှာထားလို့ပါဆရာ’ တဲ့။

(ဆရာမောင်လွမ်းဏီ(မင်းဘူး)ရဲ့ ပြောပြချက်ကို ဆင့်ပွားတင်ဆက်ပါသည်။)

အဟိ

No comments: