Monday, November 19, 2007

ပြောချင်တာတွေကို ပြောပါရစေဗျာ…

သာမန် ကွန်ပြူတာ ပြုပြင်သူတဦး

ကျနော် မြန်မာနိုင်ငံသားတစ်ဦးပါ။ အတိအကျပြောရရင် ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသား တဦးပါ။ အခုကျ နော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး ပြောချင်တာတွေ ဖြစ်လာပါတယ်။ ကျနော် အဓိက ပြောမယ့် အကြောင်းကတော့ နည်းပညာနဲ့ စီးပွားရေးအကြောင်းပါ။ အခု ခေတ်စားနေတဲ့ စကားအတိုင်း ဘယ်သူလဲ လို့မေးရင် ကျနော်က သာမန် ပြည်သူတဦးပါ။

နည်းပညာ အကြောင်းကို စပြောပါရစေ။ နယ်မြို့လေး တမြို့မှာ အထက်တန်းကို ၂၀၀၀ ခုနှစ် မတိုင်ခင်က တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျောင်းတိုင်းမှာ ကွန်ပြူတာတွေ စရောက်လာကြပါပြီ။ ၉၅ ခုနှစ်ကပါ။ ကွန်ပြူတာ ၀ယ်ရန်နှင့် ကွန်ပြူတာ အခန်းအတွက် ကျောင်းသား တစ်ယောက်ကို ကျပ်ငွေ ၃၀၀၀ ကောက်ခံပါတယ်။ ကျနော့် မိဘတွေဟာ ၁လ မှ လစာငွေ ၁၁၅၀ ရတဲ့ ၀န်ထမ်းတွေပါ။ ဘယ်လိုရှာရမလဲ။ သိတဲ့ အတိုင်းပေါ့ ၀န်ထမ်းဆိုတော့ အကြံအဖန်ငွေကို ရှာပြီးတော့ ပေးရပါတယ်။ အတန်းထဲမှာ ကျနော် ငွေပေး အနောက်ကျဆုံးပေါ့။ ဒါနဲ့ ကွန်ပြူတာနဲ့ ကွန်ပြူတာ အခန်းကတော့ အားလုံးပြီးသွားတဲ့ အခါမှာ ကျနော်တို့ အခန်းဘေးကနေ မြင်ရုံပဲ မြင်ရပါတယ်။ ထိတွေ့ ကိုင်တွယ်ခွင့် လုံးဝ မရပါဘူး။ ဘယ်သူတွေ ကိုင်ရလဲဆိုတော့ သိကြမှာပါ။ ကျောင်းတွေမှာ ၁၀ တန်း အေ ခန်းဆိုတာ ရှိပါတယ်။ အေခန်းက တော်တဲ့ ကျောင်းသားတွေပဲ ထိတွေ့ နှိပ်ခွင့်ရှိပါတယ်။ ကျနော့်တို့ ကိုင်ရင် ပျက်မှာစိုးလို့တဲ့။

ကျနော် တော်တော်လည်း နာကြည်းသွားပါတယ်။ စိတ်လည်း တော်တော် ပျက်သွားပါတယ်။ ဒါနဲ့ပဲ စိတ်နာနာနဲ့ ကွန်ပြူတာကို အပြင်မှာ ပိုက်ဆံရှာပြီး လေ့လာလိုက်တာ ၁၉၉၆ ကဆိုပါတော့။ ဒီကနေ့ဆိုရင် ကွန်ပြူတာ အလုံးပေါင်း ၁၈၀၀ ကျော်ရှိတဲ့ စက်ရုံမှာ လက်ထောက် အင်ဂျင်နီယာ ရာထူးနဲ့ စက်တွေ ပြုပြင်နေပါတယ်။ ကျနော် တကယ် လေ့လာ အနစ်နာခံ ပြီးတော့မှ ဒီလိုနေရ ဒီလိုရာထူးမျိုးကို ရလာခဲ့တာ ဖြစ်ပါတယ်။ ကျနော် ရန်ကုန်မှာတုန်းက ကွန်ပြူတာ ပြုပြင်ရေးနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရပါသေးတယ်။ ဒီနေရာမှာ ကျနော် ပြောချင်တာက ကွန်ပြူတာ တက္ကသိုလ်က ကျောင်းသားတွေကိုပါ။ သာမန်ပြည်သူတွေ ကတော့ ကွန်ပြူတာ အကြောင်းကို နားမလည်ကြပါဘူး။

တခါ ကျနော် စက်သွားပြင်တော့ ကျောင်းသားတယောက် အိမ်မှာပါ။ သူက နောက်ဆုံးနှစ် ကွန်ပြူတာ တက္ကသိုလ်ကပါ။ သူက IAD ဖြေဖို့ လုပ်နေတဲ့ ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ခက်တာက သူကွန်ပြူတာနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ကျနော်က မေးပါတယ် ညီလေး CPU က ဘယ်လောက် speed လဲ။ RAM က ဘယ်လောက်ရှိလဲ၊ ဒီလောက်လေးပဲ မေးတာပါ။ သူ ဒါတွေကို လုံးဝ မဖြေနိုင်ပါဘူး။ ဒါဆို မင်းတို့ ကွန်ပြူတာ တက္ကသိုလ်က ဘာတွေ သင်လဲ မေးတော့ ဆရာမ ရေးတာ လိုက်ကူးရုံပဲလို့ ဖြေပါတယ်။ နောက်ပြီးတော့ သူက ပြောပါသေးတယ်။ သူဒါတွေကို သိစရာ မလိုဘူးတဲ့။ ဒေါ်လာနဲ့ ဖြေရတဲ့ စာမေးပွဲတွေ အောင်ရင် ပြီးရောလို့ ပြောပါတယ်။ ကွန်ပြူတာ တက္ကသိုလ်က မဟုတ်ဘဲ အရမ်းတော် အရမ်းတတ်တဲ့ သူတွေလည်း အများကြီးပါ။ ဒါပေမယ့် ကျနော် ပြောချင်တာက ကျတော်တို့ နိုင်ငံရဲ့ ပညာရေးနဲ့ ပိုက်ဆံရှိ လူတန်းစားတွေရဲ့ အတွေးအခေါ်ကိုပါ။ အသက် ၅၀ကျော် ၆၀ရောက်မှ ကွန်ပြူတာကို လေ့လာနေတဲ့ မန်နေဂျာ၊ ရုံးအုပ်နဲ့ ၀န်ကြီးတွေ အများကြီးပါ။ ကျနော်တို့နိုင်ငံ မဖွံ့ဖြိုးဘဲ စုတ်ပြတ်နေတာ မဆန်းပါဘူး။

စီးပွားရေးကိုလည်း ပြောပါစေဦး။ ပညာရွှေအိုး လူမခိုးကို ရွှေအိုးရှိမှ ပညာရှာလို့ ပြောင်းရမလို ဖြစ်နေပါပြီ။ စက်လိုက်ပြင်ရင် တစ်နေ့ကို ၂၀၀၀ - ၃၀၀၀ ရဖို့ မနည်း ကြိုးစားပြီး ရှာရပါတယ်။ ကုမ္ပဏီနဲ့ ဆိုင်မှာ ၀င်လုပ်ရင်လည်း လွန်ရောကျွံရော ၅၀၀၀၀ - ၆၀၀၀၀ ထက် ပိုမရပါဘူး။ ယနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ ဘယ်လို ရပ်တည်ရမလဲ။ လူပျို လူလွတ်ဆို တော်သေးတယ်။ အိမ်ထောင်ကျရင် သွားပြီ။ ကျနော့်မှာလည်း မိဘတွေ၊ ပညာရေး မဆုံးသေးတဲ့ မောင်နှမတွေနဲ့ တော်တော်ကို ကျပ်တည်းတယ်ဗျာ။ အသက်ကြီးမှ မိဘတွေကိုလည်း အလုပ်မလုပ် စေချင်ဘူး။ ၀န်ထမ်းဘ၀က အနားယူပြီးရင် အပြင်မှာ ဘယ်လိုမှ မလုပ်တတ်ကြတော့ဘူး။

နောက်ဆုံး မထူးတော့ဘူးဆိုပြီး နိုင်ငံခြားကို ထွက်လာရတော့ တာပါပဲ။ ရောက်ရောက်ချင်းတော့ အခက်အခဲ ရှိတာပေါ့ (ဘယ်သူမဆိုပါ)။ အခုတော့ ကျနော် အဆင်ပြေနေပါပြီ။ တလကို အခွန်ဖြတ် စားစရိတ်နှုတ်အပြီး မြန်မာငွေ ၆သိန်းနီးပါး ရနေပါပြီ။ အလုပ်ကလည်း အေးဆေးပါ။ ကွန်ပြူတာရှေ့မှာ တနေကုန်ထိုင် စက်ပြင်စရာရှိ ပြင်လိုက် ပြင်စရာမရှိရင် အင်တာနက်ထဲ မွှေနောက် ဒါမှမဟုတ် တနေကုန် ငိုက်မြည်းပြီး ပြန်ရုံပေါ့။ ပျင်းလွန်းအားကြီးလို့မြန်မာပြည် ပြန်ရင် အလုပ်တောင် လုပ်နိုင်မှာ မဟုတ်တော့ဘူးထင်တယ်။

ဒါပါပဲ ကျနော် ပြောချင်တာကတော့ ကျနော်တို့နိုင်ငံနဲ့ သူများနိုင်ငံ ဘာကွာလဲ။ သယံဇာတလည်း အလွန်ပေါတဲ့ နိုင်ငံဟာ ဘာသယံဇာတမှ မရှိတဲ့ ရေထဲက ကျွန်းနိုင်ငံလောက်တောင် မဖွံ့ဖြိုးတာ ရှက်တတ်မယ်ဆိုရင် ရှက်စရာပါ။ ကျနော့်ကို နိုင်ငံခြားကို အထင်ကြီးတဲ့ လူလို့ပြောရင်လည်း စိတ်မဆိုးပါဘူး။ ကျနော် အထင်ကြီးတာ သူတို့ဆီက အုပ်ချုပ်သူတွေကိုပါ။ ငွေကြေး ထိန်းချုပ်တာဆိုရင်လည်း ပွိုင့်လောက်ပဲ ကွာပါတယ်။ ကျနော်တို့ နိုင်ငံမှာကတော့ ၂၀ - ၃၀ လောက်လည်း အသာလေးပါ။ အမေရိကန်အားကိုး ပုဆိန်ရိုးလို့ ဆိုမယ်ဆိုရင် အခုမီဒီယာတွေမှာ သုံးနေတဲ့ ကွန်ပြူတာတွေ မော်နီတာတွေ စာကူးစက်တွေ ပုံနှိပ်စက်တွေဟာ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာထွင်ထားတာ တခုမှ မဟုတ်ဘူး ဆိုတာကိုတော့ မငြင်းပါနဲ့။ ယခု လက်ရှိ လိုင်းမပြတ်ဘဲ သုံးနေတဲ့ FAX လို့ခေါ်တဲ့ စက်ဟာ အမေရိကန် စစ်တပ်က ၀အောင်သုံးပြီးမှ ပြည်သူအတွက် ချပေးလိုက်ရာက ကျတော်တို့တွေ သုံးရတာပါ။

နေပြည်တော်မှာ သုံးနေတဲ့ ဖိုက်ဘာကေဘယ်ဟာ အနော်ရထာမင်းကြီး အမွေပေးခဲ့တာ မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကို အသံလွှင့်နေတဲ့ အသံလွှင့်ဌာနဟာ ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာလူကြီးမင်းများ သုံးနေတဲ့ GSM ဖုန်းနဲ့ Station များဟာ အလောင်းမင်းတရားကြီး ၀ါးရင်းတုတ်နဲ့ သိမ်းတုန်းက မပါခဲ့ပါဘူး။ မီဒီယာကို မီဒီယာနဲ့တိုက်မယ့် လူများ မီဒီယာ ဘယ်ကနေ စလဲဆိုတာကို ယုတ်တိ ရှိရှိစဉ်းစားရင်း ကျနော်တို့ နိုင်ငံရဲ့ နည်းပညာနဲ့ စီးပွားရေးကို တိုးတက်အောင် ကြံဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

သာမန် ကွန်ပြူတာ ပြုပြင်သူတဦး

1 comment:

Unknown said...

u r absolutely right