Monday, November 26, 2007

လစ်ဘရယ် တုတ်ကြီးနှင့် သူ၏ ဘီးပေါက် စပုတ်ကျိုး အနှေးယဉ်

ဆိုက်ကားသမား တုတ်ကြီး (ခေတ္တ တာဝတိံသာ)

အိပ်ရေးပျက်မတတ် ဖြစ်သွားခဲ့သည် … ခေါင်းထောင် ကြည့်လိုက်မိတာ မောင့်အမှား … မောင်မောင် တုတ်အမှား … ကိုကိုတုတ်ကြီးအမှား … ကိုကြီးတုတ်အမှား … တုတ်တုတ်အမှား … ဆိုက်ကားတောင် အထွက်နောက်ကျသွားရသည်။

ရှိစေတော့ …။
စစ်အာဏာရှင် စတင်၍ နိုင်ငံတော်အာဏာအား မတရား သိမ်းပိုက်သည့် အချိန်မှစကာ ယနေ့ထိတိုင် နာမည်မကြီးသော်ငြား၊ ပြည်သူလူထု ပါးစပ်ဖျားမှာ ရေပန်းမစားသော်ငြား အမိနိုင်ငံတော်အတွက် အသက်ပေး ဘ၀ကို စတေးပြီး စွန့်လွှတ် တိုက်ပွဲဝင်သူတွေ အထောင်အသောင်း…အဲဒီ အထောင်အသောင်းကလည်း အတွေးအခေါ် အယူအဆ အနည်းငယ် ကွာခြားကြကောင်း ကွာခြားကြပေမယ့် စစ်အာဏာရှင်အား မမှိတ်မသုန် အာရုံမပြောင်း တော်လှန်တိုက်ခိုက် ဆန့်ကျင်ခဲ့ကြသလို ရှစ်ဆယ့်ရှစ် နောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးအနေဖြင့် မကဘဲ ပြည်သူလူထု၏ စစ်မှန်သော ခေါင်းဆောင်တယောက်အဖြစ် လေးစားဝန်းရံခဲ့ကြသည်။

ကိုကိုတုတ် စတင်ပြီး အမယ်မင်း ရေးရတော့မယ်တည့်မှ ရေးရတော့မယ်ဆိုပြီး ငိုချင်းနှင့် နှဲကျိုးကြီး ဘေးချကာ ကျောက်သင်ပုန်း ကျောက်တံ ကိုင်လိုက်သည် ဆိုကတည်းက တောက်လျှောက် ရေးလာခဲ့သည်။ သည်တော့ အမိုက်စား (ဆိုက်ကားသမား) ကိုကိုမောင်မောင်ဆရာတုတ် ထပ်မံ နတ်သံမနှောချင်တော့…။

တတ်၍ ရေးချင်းမဟုတ်။ ဓာတ်၍ ရေးခြင်းဖြစ်သည်။ အမှန်တရားဆိုသည်မှာ ခါး၏ ။ အမှန်ခါးတော့ လူတွေက သိပ်ပြီးတော့ ခံတွင်းထဲ မထည့်ချင်ကြ အမှားခံကြ၏။ အမှန်ခါးတော့ အမှားခံကာ နေလာခဲ့သည်မှာ ဘိုနေ၀င်း ခေတ်ကတည်းက ခုထိဆက်နေကြတုန်း။ လစ်ဘရယ်တွေ သိပ်ဆန်ကြ၏ ။ ဒီတော့ အနှီကိုကိုတုတ်ဆိုသော အကျွန်ုပ် ဘေးက ထိုင်ဖတ်မနေနိုင်တော့ ထိုင်နားထောင် မနေနိုင်တော့ … မနေနိုင်လို့ နဘေနိုင်သူတွေလိုလည်း စာချိုးနဲ့ သာသာထိုးထိုးလေး မပြောချင်။ ဒီတော့ ပြောရပြီ။ ပြောတော့ လူအမြင်ကပ်သည်။ ကိုကိုတုတ်ဆိုတာ ဘယ်သူလဲ … သူကြီးက ပြောတာဆိုတာ ဒို့ရင်ထဲ ကလိကလိကွယ် … ဟွန့် … များသိပ်သိချင်တာ များသိပ်သိချင်တာ … ဆိုသည့် ပွစိပွစိလေးတွေ ထွက်လာကြသည်။ တုတ်တုတ်က ဟုတ်မဟုတ် အသေအချာ သောတဆင်ပြီး ပြောရရင်ဖြင့်ဆိုသည့် စိတ်အခြေအနေနှင့် သေချာလေ့လာ ပြောကြားခြင်းဖြစ်၏။

နေသာသပ လေညာက…။ ဒါပေသည့် ငါသည် ဘယ်သူနည်း…(ကိုယ်ရည်သွေးခွင့်လေး ရတုန်းသွေးဦးမှ) ငါဘယ်လို ပုရိသတုန်း … ။ အဖြေကတော့ တုတ်ကြီးသည် တုတ်ကြီးဖြစ်ကာ မဟုတ်တာ မမှန်တာကို လုပ်ကာကြံကာ မပြောဘဲ ဟုတ်လာပါရန် အပြုံးတတန်နှင့် အမုန်းခံ ထုံးစံအတိုင်း မနေနိုင်သော တော်လှန်ရေးနှင့် ဒီမိုကရေစီ ဘက်တော်သားများအား ကြိတ်လေးစားနေသူ တဦးသာ ဖြစ်ပါသည်။
ကြိတ်လေးစားလို့ စိတ်အတွေးများ ကြွရင်းလည်း ဆိတ်ဂွေးများကို ရှင်းကြပါဦး ကိုရင်တို့ ငြိုငြင်လို့တော့ မဟုတ်ပါဘူးလကွယ်။ ကျုပ်သာရူးမယ်ဆိုလည်း ပြောမှာပဲ … ဗြောဆရာ ဖြဲသလို မတိန်းမစောင်း ဗိန်းမောင်းနဲ့ .. အဲသလိုလည်း အကဲပိုလို့ မဟဲလိုပါဘူး ဒါကတော့ တုတ်ဆရာရဲ့ ပုစ္ဆာကို အဟုတ်လာမေးသူတွေအတွက်….။

ယခုတဖန် အထုခံရမည်ဆိုလည်း ရှိစေတော့ ပြောလိုက်ဦးမည်။
အဖမ်းအဆီးတွေ ဆက်တိုက်ရှိနေဆဲ။ န.အ.ဖ ဖက်က လမ်းပြမြေပုံမှ တပြားမှမလျှော့၊ မြန်မာပြည်တွင်းရေးသည် ဒေသဆိုင်ရာ တည်ငြိမ်ရေးအတွက် ဘာမှမဖြစ်ပါ ဆိုသည့် လေသံများဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူမ၏ ပါတီမှ ပါတီဝင်များထဲတွင် ပြတ်ပြတ်သားသား ရှိသည့်သူများလည်း မလွတ်လာကြသေး။ ကိုမင်းကိုနိုင်နှင့်တကွ အားလုံးသော ကျောင်းသားခေါင်းဆောင်များသည်လည်း မလွတ်လာကြသေး။ ပုန်းခိုနေကြရသော သူများအားလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရန် န.အ.ဖ မှ မနားတမ်း ကြိုးပမ်းနေဆဲ။

ဒီအနေအထားတွေမှာ ခေါင်းဆောင်နိုင်သူ ခေါင်းဆောင်ခဲ့သူ ခေါင်းဆောင်မည့်သူများအား န.အ.ဖ မှ အပြတ်ဖမ်း
အသံပိတ် ချည်ပြီးတုတ်ပြီး လုပ်နေချိန်မှာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ပြီး မိမိကိုယ်ကိုယ် ခေါင်းဆောင်ကာ တဦးချင်းမှ ခြေလှမ်းရှိရှိ သတိရှိရှိဖြင့် ရန်သူအပေါ် ရန်ငါစည်းပြတ်သားစွာ သဘောထားဖြင့်
ညီညွတ်စွာ လက်တွဲလျက် ပန်းတိုင်ရောက်သည်အထိ သွားရေးဆိုသည်မှာ အသက်သွေးကြော ဖြစ်သည်ကိုသာ အထပ်ထပ် အခါခါ သတိပေးရင်း လစ်ဘရယ် ကျချင်သော စိတ်များ ဖျောက်ကာ ပြောစရာရှိပြော ဆိုစရာရှိဆိုရင်း ဆွေးနွေးဝေဖန်မှုဖြင့် အဖြေရှာ ချီတက်ရေးအတွက် ရေးလိုက်ရပါသည်။

ဆိုက်ကားသမား တုတ်ကြီး (ခေတ္တ တာဝတိံသာ)

စာကြွင်း ။ ။ သည်တခါ ခေါင်းထောင်ကြည့်မည် မဟုတ်ပါ။

No comments: