Friday, November 23, 2007

အနာဂတ်မဲ့ တိုင်းပြည်ရဲ့ အဖမဲ့ အိမ်ယာမဲ့ ကြယ်စင်တစ်စင်း

အနာဂတ်မဲ့ တိုင်းပြည်ရဲ့ အဖမဲ့ အိမ်ယာမဲ့ ကြယ်စင်တစ်စင်း
ကိုမွှေး

ဖြူဖြူသင်းရေ …
လူချင်းတော့ မတွေ့ဖူးပေမယ့်
ရင်နင့်အောင် စာနာတယ်ဟဲ့ နှမရဲ့။

ဒို့ပြည် ဒို့မြေမှာ
ဒို့တတွေဟာ
နာကျင်မှုတွေ လည်ပတ်နေတဲ့
သွေးကြောတွေနဲ့ ချစ်သူတွေကိုလည်း
ဆုံးရှုံးခဲ့ရပေါ့။

သမီးတယောက်အတွက် အဖေဆိုတာ
ငါးတကောင်အတွက် ရေပါကွယ်
စာနာတယ်ဆိုတဲ့ စကားတွေနဲ့
ရွှေပြည်အေး တရားတွေ ပဲ့တင်ထပ်
နေတတ်ကြတဲ့ လောကကြီးမှာ
အဖေ့ နောက်ဆုံးခရီး
သမီးမျက်ရည်စက်
ရင်ကွဲပက်လက် အမေ
သမီးရေ … မင့်အဖေကို မြင်လှည့်ပါဦးကွဲ့လို့မှ
ငိုတတ်ပါဦးတော့မတဲ့လား။

မှန်ခေါင်းထဲမှာ
အမှန်တရားကို မြတ်နိုးသူ အိပ်စက်တယ်…
သမီးပျောက်ဆုံးသွားသူ အိပ်စက်တယ်…
သမီးကို အားကိုးသူတွေရဲ့ မျှော်လင့်ချက်တွေ အိပ်စက်တယ်…
မနိုးခြင်းတွေနဲ့လေ……
သူ့သေဆုံးခြင်းကို သေဆုံးခြင်းတိတ်တိတ်
သက်ပျောက် သပိတ်သွတ်
မြေချ ဂူသွင်း ဥပေက္ခာပြုခြင်းတွေနဲ့
မျက်ရည်တွေ တခဏကျလို့
ငါတို့ နေမြဲတိုင်း…
စားမြဲတိုင်း…
သွားမြဲတိုင်း …
နေရဲကြတယ်ဆိုရင်…
ဝင်သွားတဲ့နေ ထာဝရ ပျောက်ဆုံးပါစေ…။

ဖြူဖြူသင်းရေ
လူလူချင်း ရက်စက်
ဘ၀ကိုဖျက် အလှကိုဖျက်
အသက်ကိုသတ် ရပ်ရွာကိုမီးတင်
မိခင်ကို ယုတ်မာ ဖခင်ကို ထောင်သွင်း
ငရဲပြင်းတွေ ထွန်းကားတဲ့ မြေသားပေါ်မှာမှ
ပရဟိတ အသိတရားနဲ့ လူဖြစ်ချင်သတဲ့လား။

အဖေ…
မသေခင် မိနစ်ပိုင်းလေးမှာ
မျက်ရည်ဝိုင်း ပက်လက်မော့ငေး
အဖေ့ကလေးတွေ လက်ကလေးတွေကို ဆုပ်ကိုင်လို့
သမီးအလိမ္မာကို ရှာတဲ့အခါ
သူ့ခမျာ သောကတွေနဲ့ …
သမီးရေ … မလာနဲ့ သမီးရဲ့
အဖေ့နောက်ဆုံးခရီးမှာ
ဟောဒီ ငါ့သမီးလေး …
ဘေးကင်းရန်ကွာ ပုန်းနိုင်ပါစေကွယ်
သွားရတော့မယ်သမီး ဖွဖွလေး ငြီးရင်း
နောက်ဆုံးသက်ပြင်းနဲ့ ငြိမ်သက်
နှုတ်တောင်မဆက်သွားရ
အဲဒီထာဝရခွဲခွာခြင်း ကာလမှာ…
နာကျင်လိုက်ပါ ဖြူဖြူသင်းရေ…
အဲဒီမျက်ရည်တွေ စီးဆင်း လူသားဆန်ခြင်းနဲ့
ငါတို့မြေ ငါတို့ရေအတွက် ……။ ။

ကိုမွှေး

(စစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက်မည့် ဘေးမှ ပုန်းရှောင်နေရသူ
မဖြူဖြူသင်းနှင့် မိသားစုအား ထပ်တူထပ်မျှ စာနာမှုဖြင့် …)

2 comments:

Unknown said...

ငါ့သမီးလေး …
ဘေးကင်းရန်ကွာ ပုန်းနိုင်ပါစေကွယ်
သွားရတော့မယ်သမီး , I WANT TO CRY

Unknown said...

ငါ့သမီးလေး …
ဘေးကင်းရန်ကွာ ပုန်းနိုင်ပါစေကွယ်
သွားရတော့မယ်သမီး , I WANT TO CRY