လူကြိုက်အနည်းဆုံးကောင်
ဒေါင်းတမန်
သူဟာ
မောင်ချောနွယ်ရဲ့
လူကြိုက်နည်းတဲ့ကောင်
မဟုတ်ပါဘူး။
သူဟာ
မောင်ချောနွယ်ရဲ့
လူကြိုက်နည်းတဲ့ကောင်ထက်တောင်
လူကြိုက်နည်းခံရတဲ့
လူကြိုက်အနည်းဆုံးကောင်ဖြစ်ရဲ့။
သူ့အဖြစ်က
အထာမကျတဲ့ စရိုက်တွေနဲ့
ကျနော်တို့ရဲ့ ကဗျာဆရာလို
သွေးရိုးသားရိုး
အဖိုးမထိုက်
လူကြိုက်နည်း ခံရတာမဟုတ်။
သူဟာ
လူကြိုက်အနည်းဆုံး ဖြစ်လောက်အောင်
ဘ၀ကို အမိုက်ဇာတ်ကခဲ့
သမိုင်းကို အမှားနဲ့ရေးခဲ့
နောက်ပြီး …
ငါတို့တွေရဲ့ အနာဂတ်ကို
သူ့အတ္တအတွက် စတေးဆဲ။
နာဠာဂီရိဆင်သော်မှ
မြတ်စွာဘုရား တရားအပြမှာ
အရက်အမူးပြေ ရှိခိုးရှာလေတယ်။
သူ့မိုက်ချက် ကမ်းကုန်ပုံက
တရားပြတဲ့ သံဃာများ
သွားလေရော့ လဟယ်
မဖွယ်မရာလုပ်ပုံက မကြုံစဖူး
အာဏာအမူးက မပြေနိုင်တယ်။
“ရာမ
မင်းက သေနတ်ကိုင်ရရင် သွေးပြောင်းတယ်”
သူဟာ
အဲဒီ ဗိုလ်အောင်ဒင် ဇာတ်ဝင်ခန်းကို
လူကြမ်းနေရာက အကြိမ်ကြိမ် သရုပ်ဆောင်မြဲ။
ငါ့ကို ချစ်တဲ့သူဟာ
ဘောလုံးတသင်းစာလောက်မှ ရှိရဲ့လား
မစဉ်းစားတော့ပါဘူး … တဲ့
သူဟာ တခါတခါ
အဲဒီ မောင်ချောနွယ်ကဗျာ ရွတ်တတ်နေမြဲ။
ဒါပေမယ့်
သူ့ရဲ့ လူကြိုက်နည်းတဲ့ အဖြစ်ကို
တခါတခါ ရှက်သလို ဖြစ်တတ်သေး
ဆိုတော့
သူ့ကို မကြိုက်သူများမှ အပ
ကျန် တကမ္ဘာလုံးက သူ့ကို ကြိုက်ကြသယောင်
ဟန်ဆောင်လည်း ပြောတတ်သေးရဲ့။
သူ့ကို မြင်တိုင်းမှာ
(မောင်ခင်သာရဲ့ …)
ကဗျာတပိုင်းတစကိုပဲ
အမြဲသတိရနေမိပါရဲ့။
“မျက်စိကို မှိတ်
ပိတ်အော်နေတုန်းမှာ
ပြုံးကြည့်နေသူတွေကို မမြင်လိုက်သူဟာ
ဘယ်သူလဲ” … တဲ့။
ဒေါင်းတမန်
Thursday, November 8, 2007
Subscribe to:
Post Comments (Atom)
3 comments:
ကျတော်ကြိုက်တယ်ဗျာ။ ကျတော့်ကို ကဗျာတွေအကြောင်းရှင်းပြပေးနိုင်မလားဟင်။
ကျတော်ကဗျာကို ၀ါသနာတော့ပါတယ်။ဒါပေမယ့်ဘယ်စာအုပ်တွေဖတ်ရမလဲဆိုတာ မသိလို.တဆိတ်လောက်လမ်းညွန်ပေးပါလား။
နောက်ပြီးတော့ကျတော်ဒီ ၀က်ဆိုဒ်ကို ဖွင့်ရင်တခါတလေမရဘူးဖြစ်နေတယ်။အဲဒါဘယ်နေရာတွေမှာလည်းရှိသေးတယ်ဆိုတာကျတော့်ကိုပြေပြပေးပါလား
ကျွန်တော်လည်းကဗျာတွေကိုနှစ်သက်တယ်...
ဒါပေမယ့်ကိုယ်ရေးတဲ့ကတွေကိုပြန်ကြည့်ပြီး..
အားငယ်သလိုပါပဲ...
ကိုယ့်ကိုယ်ကိုမယုံဘူးဖြစ်နေတယ်...
အဲ့ဒါ...
အကြံပေးပါဦး...
ပြီးတော့ရေးနည်းလေးပေးပါလားဗျာ....
Post a Comment