Wednesday, October 24, 2007

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုပြုလုပ်
သတင်း- ခေတ်ပြိုင် (၂၄-၁၀-၀၇)
ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေး
ဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။
ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်း
အ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ
က ပြောကြားသည်။
၎င်းက “စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေး
တွေပေးဖို့ သြစတြေးလျက မြန်မာစစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများ
နှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ပိတ်ဆို့ အရေးယူမှု၌ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့အား ထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျ ဗဟိုဘဏ်၏ ခွင့်ပြုချက်
မပေးဘဲ တားမြစ်ထားခြင်း ပါဝင်သည်။
ယခုအရေးယူမှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှု မဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။

အဲပုဂံလေကြောင်း စင်္ကာပူသို့ နိုဝင်ဘာ (၄)ရက်နေ့ နောက်ဆုံး ပျံသန်းပြီး ရပ်နားမည်


ပြည်ပရောက် မျိုးချစ်မြန်မာများရဲ့ ထုတ်ပြန်ကြေညာချက်
“ဆန္ဒပြတာတွေဟာ ခေတ္တ ငုပ်သွားတာပါ” ဆိုတဲ့
လူရွှင်တော် ကိုဇာဂနာနှင့် ဆက်သွယ် မေးမြန်းချက်
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန) (၂၃-၁၀-၀၇)

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က နအဖ စစ်အာဏာပိုင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားတွင် ဆွမ်းကပ်လှူရာ၌ ပါဝင်ခဲ့သဖြင့် နောက်တရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ နိုင်ငံကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ တဦးဖြစ်သူ ဇာဂနာ ခေါ် ကိုသူရ ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ လတ်တလော ကျန်းမာရေး အခြေအနေ။
ဖြေ။ အဆုပ်ပွနေတယ်။ တမံသလင်းပေါ် အိပ်ရတော့ အဆုပ်ပွရောင် ရောဂါ ရလာတယ်။ ဆေးရုံတက်ဖို့ ပြော ပေမယ့် ကျနော့်ဟာ ကျနော် ဆေးသောက်ပြီးတော့ ကုတော့မယ် ဆိုပြီးတော့ ဆေးရုံကနေ ကိုယ့်ဟာကိုယ် ဆင်းလာတယ်။
မေး။ အင်းစိန်ထောင်က စစ်ခွေး တိုက်ထဲမှာ ထားတယ်လို့ သိရတယ်။ ဘယ်လို နေရာမျိုးလဲ၊ ပြီးတော့ ဘယ်လိုနေခဲ့ရလဲ။ ဘယ်နှစ်ရက်လောက် နေခဲ့ရလဲ။
ဖြေ။ ပထမဆုံး ကျနော့်ကို ဖမ်းပြီး ခေါ်သွားတာက အင်းစိန် သီးသန့်ထောင် ခေါ်သွားပြီးတော့ အဲဒီနေ့ည တညလုံး ထားပြီးတော့၊ မနက်လည်းကျရော အောင်သပြေ စစ်ကြောရေး စခန်းကို ခေါ်သွားတယ်။ အောင်သပြေ စစ်ကြောရေးမှာ ၃ ညနဲ့  ၄ ရက်ထားတယ်။ ပြီးတော့ အင်းစိန်ထောင်က စစ်ခွေး အချုပ်ခန်းကို ပို့လိုက်တယ်။
မေး။ စစ်ခွေး အချုပ်ခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်လောက် အကျယ်အဝန်း ရှိလဲ။
ဖြေ။ စစ်ခွေး အချုပ်ခန်း ဆိုတာကတော့ဗျာ၊ တိုတိုပြောရင်ဗျာ ထောင်ထဲမှာ အပြစ်ဒဏ် ကျနေတဲ့ သူတွေ ရှိတယ်။ အပြစ်ဒဏ် ကျနေတဲ့ လူတွေထဲမှာ ထပ်ပြီးတော့ ထောင်ထဲမှာ အမှုလုပ်တဲ့သူတွေ၊ အချင်းချင်း ပြန်ရိုက်တဲ့ သူတွေ၊ သတ်တဲ့သူတွေ၊ ဆေးသွင်းတဲ့ သူတွေ၊ ယောက်ျားလေး အချင်းချင်း အနိုင်ကျင့်တဲ့သူတွေ၊ အဲလို လူမျိုးတွေရဲ့ ခြေထောက်ကို သံခြေကျင်း ခတ်ပြီးတော့ အဲဒီကို ပို့ရတာ။ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီးတော့ တိုက်ထဲ ပိတ်ထားလိုက်တာပေါ့ဗျာ။ အပြင်လည်း ဘာမှ မမြင်ရတော့ဘူး။ မျက်နှာတခုစာ အပေါက်ပဲ ရှိတယ်။ လေဝင်ပေါက်ဆိုလို့ အဲဒီ အပေါက်ပဲ ရှိတယ်။ အကျယ်ဝန်းက ၈ ပေ၊ ၁ဝ ပေ ရှိတယ်။ အထဲမှာ လှောင်ပြီးတော့ အေးလည်း တအားအေးတယ်။ တမံသလင်းပေါ်မှာ သစ်သားပြား တခုပဲ ထားတယ်။
နောက်ပြီးတော့ ပထမ ၂ ရက်လောက် လုံးဝ ရေမချိုးရဘူး။ စစ်ခွေးတိုက် ခေါ်တာကလည်း အဲဒီ လုံခြုံရေးအတွက် အင်းခွေး အကောင် ၃ဝ လောက် အစောင့် ချထားတယ်။ အဲဒီထဲမှာ အစားသောက်ကလည်း အတော် စုတ်ပြတ်တယ်။ နေရေးထိုင်ရေး ကလည်း တအား စုတ်ပြတ်တယ်။ လေပေါက်ကလည်း မရှိဘူး။ တမံသလင်းပေါ်၊ သစ်သားပြားပေါ် အိပ်ရတော့ အဆုပ်က အအေးပတ်ပြီးတော့၊ နောက် ကန်တော့ ကန်တော့ အီအီးပါတော့လည်း ကျနော့်ကို ထမင်း သံပုဂံပြားတခု ပေးထားတယ်။ အီအီး တခါပါ၊ ရှူရှူးတခါ ပေါက်ဆို သံပုဂံပြား ပြည့်သွားရောဗျာ။ ဆက် ပါလို့ မရတော့ဘူး။ အဲဒီမှာ ၇ ညနဲ့ ၈ ရက်လောက် နေခဲ့ရတယ်။ နောက်တနေ့တော့ ၅ ဆောင် သီးသန့် အဆောင်ကို ပို့လိုက်တယ်။ အဲဒီမှာ မဆိုးပါဘူး။ အဲဒီမှာတော့ တထွာလောက်ရှိတဲ့ ကွပ်ပစ်တခု ရှိတယ်။ အဲဒီမှာ အိပ်ရတယ်။ ၂ ပေခွဲလောက်ရှိတဲ့ ရေချိုးကန်လေး တခု လုပ်ထားတယ်။
မေး။ တခြားသူတွေနဲ့ရော အတူထားတာ ရှိလား။
ဖြေ။ ကျနော် တယောက်ထဲဗျ။ တကယ့်ကို တယောက်ထဲဗျ။ ဘေးလူ တယောက်မှ မရှိဘူး။ ဘာမှမရှိဘူး။ တယောက်ထဲရယ်။ အလုံပိတ်ထားတယ်။
မေး။ နှိပ်စက် ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ အဲဒီမှာ ညှင်းပမ်းလို့ကတော့ သေဖို့ပဲ ရှိတော့တယ်။ အဲဒီမှာ ထားတာကိုက တော်တော်ဆိုးနေပြီ။ နေမမြင်၊ လမမြင်နဲ့ နေရတာဗျ။
မေး။ ထောင်ထဲမှာ ခေါ်ယူ စစ်ဆေး မေးမြန်းတာ ရှိလား။ ဘာတွေမေးလဲ။
ဖြေ။ ရှိတယ်။ အဲဒီထဲမှာ ညလုံးပေါက်၊ ညလုံးပေါက် ခေါ်စစ်တယ်။ ကျနော့်ဆီမှာ သူတို့ မသိတဲ့ဟာတွေ ရှိတယ်ဆိုပြီးတော့ ညလုံးပေါက်ကို မေးတယ်။ ပထမဆုံးနေ့ကဆိုရင် ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညလုံးပေါက်ပဲ။ နေ့တိုင်းတော့ မဟုတ်ဘူး။ နောက်ရက်တွေကတော့ ခဏပဲ။ တကယ်စစ်တာက တညပဲ၊ ကျန်တာတွေက အလကား သက်သက်ပဲ။ အိပ်တော့မယ် ဆိုရင် လာခေါ်တယ်၊ အိပ်မရရုံ လောက်ပဲလေ။ အိပ်တော့မယ်ဆိုရင် လာခေါ်တော့တာပဲ။ တခါတလေကျရင် အိပ်နေရင်း ခုံတွေ လာရွှေ့သေးတယ်။ ဘာလုပ်တာမှန်း မသိဘူး။
မေး။ ဘာတွေ အဓိကထား မေးလဲ။
ဖြေ။ ဘာမှကို မမေးတာ။ သူတို့မေးတာ ဘာမှ မသိရလို့။ သူတို့ မေးတာကတော့ သိတယ် မဟုတ်လား။ ဘယ်သူတွေ ပါလဲ၊ ဘယ်ဝါတွေ ပါလဲ။ ကျနော် ပါတာတော့ ကျနော်သိတယ်။ ကျန်တဲ့ လူတွေကို ဂရုကိုမစိုက်လို့ ကျနော် မသိဘူးပေါ့။ ကျနော်နဲ့ ပတ်သက်လို့၊ ကျနော်တို့ အနုပညာနဲ့ ပတ်သက်လို့ ဘယ်သူမှ မလာဘူးလို့ ပြောလိုက်တယ်။ အဲဒါတွေ ကျနော် မသိရလို့ပေါ့နော်။
မေး။ လာဖမ်းတဲ့ ပုံစံလေးကို ပြောပြပါအုံး။
ဖြေ။ ညပိုင်း ၁၂ နာရီ ၂ဝ လောက်မှာ။ လာတုန်းကတော့ သိပ်ရီရတယ်။ “သန်းခေါင်စာရင်း စစ်မယ်” ဆိုပြီးတော့ ပြောတာ။ ကျနော်က “စစ်မနေပါနဲ့ဗျာ။ ခင်ဗျားတို့ လာဖမ်းတာ မဟုတ်လား” ဆိုပြီးတော့ အဝတ်တထည်နဲ့ ဆေးတော့ ယူလာရတယ်။ ကျနော်လည်း ညနေကတည်းက ကိုမောင် (ကျော်သူ) နဲ့ ကိုအောင်ဝေးတို့ ပုန်းမယ့်နေရာ သွားရှာပေးနေတာ။ ကျနော့်အတွက် ဘာမှ မစဉ်းစားနိုင်ဘူး။ အဲဒီတော့ Curfew မတိုင်ခင် ည ၉ နာရီအမီ အိမ်ပြန်လာရသေးတယ်။ လာခေါ်တာက စုစုပေါင်း ၈ ယောက်။ အနောက်ပိုင်း ခရိုင်က ရဲမှူး ဦးစိုးသိန်း၊ ရဲအုပ်က ၃ ယောက်၊ ရိုးရိုး ဒုရဲအုပ်ကတော့ တယောက်။ နောက် စမ်းချောင်းမြို့နယ်က ရဲစခန်းက စခန်းမှူး တယောက်၊ ရဝတ ၂ ယောက်လောက် ပါတယ်။ ဖမ်းဝရမ်း မပါဘူး။
မေး။ အိမ်တွင်းကို ရှာတာဖွေတာ ရှိသေးလား။
ဖြေ။ နှံ့နေအောင်ကို ရှာတာဗျာ။ အခန်းတွင်းကို ရှုပ်ပွနေတာပဲ။ ကွန်ပြူတာတွေ သိမ်းတာ မရှိပါဘူး။ ကျနော့် မိုဘိုင်းတော့ သိမ်းလိုက်တယ်။ သူတို့ ပြန်လာပေးမယ်လို့ ပြောတယ်။
မေး။ ပြန်ထွက်လာတော့ရော လက်မှတ်တွေ၊ ဝန်ခံချက်တွေ ထိုးခဲ့ရသေးလား။
ဖြေ။ အဲဒီဟာက တော်တော် ထူးဆန်းတယ်ဗျ။ ကျနော့်ကို လွှတ်မယ်လို့ မပြောဘူး။ ကျနော့်ကို ထောင်ကနေပြီးတော့ အိမ်ကို ပြန်ရမယ်လို့ မပြောဘူး။ ထောင်ပြောင်းရမယ်လို့ ပြောထားတယ်။ နယ်ထောင် ပြောင်းရမယ် ပြောတယ်။ နယ်ထောင် ပြောင်းရမယ် ဆိုတော့လည်း ပြောင်းပေါ့။ ရောက်ဖူးသည် ရှိအောင်ပေါ့။ ပြီးလည်းပြီးတော့ နယ်ထောင် မဟုတ်ဘဲနဲ့ အပေါက်ဝလည်း ရောက်တော့ အိမ်ပြန်ရမယ်ဆိုပြီးတော့ အိမ်အရောက် ကားနဲ့ ပြန်ပို့တယ်။ အားလုံးပေါင်း ၅ ယောက်။ ရဲမှုးတွေချည်းပဲ။ ကျနော်တောင် ထောင်ပစ္စည်းတွေတောင် ပါလာသေးတယ်။ ကျနော် ပြန်ပေးရအုံးမယ်။ ထောင်အင်္ကျီတွေတောင် ပါလာတယ်။ တခြား ဘာမှမပြောဘူး ခင်ဗျ။ ပြောလို့လည်း ရမှာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။
မေး။ ထောင်က ထွက်ပြီးတော့ရော အနီးကပ် စောင့်ကြည့်တာတွေ ရှိလား။
ဖြေ။ ရှိတာပေါ့။ ကျနော်တို့ ဆီမှာ ၃ မျိုးရှိတယ်။ ထုံးစံအတိုင်း ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ ရဲတွေပေါ့ဗျာ။ ရဲဆိုတာကလည်း ရဲနဲ့ ရဝတ တွေပေါ့ဗျာ။ အိမ်ရှေ့ တည့်တည့်မှာတော့ မရှိဘူး။ ကျနော်တို့ အိမ်နားမှာ စားသောက်ဆိုင်တို့၊ လ္ဘက်ရည်ဆိုင်တို့ ရှိတယ်။ အဲဒါတွေကိုလည်း ရဝတ တွေက ကျနော့်ကို ကြိုတင် လာပြောထားတာတွေ ရှိတယ်။ သူတို့ကိုလည်း ကျနော် ကြည့်မနေပါဘူး။ နေပါစေ။ သူတို့ ညောင်းတာပေါ့၊ ရပ်နေရတာ။ ကျနော်ကတော့ အပြင်ကို သွားတာပဲဗျ။ လွတ်လွတ်လပ်လပ် ပေါ့ဗျာ။
မေး။ လှုပ်ရှားမှုပိုင်းမှာ ခေါင်းဆောင်ခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်း သံယာတွေကို အခုလို ဖမ်းဆီးနေတဲ့ အချိန်မှာ လှုပ်ရှားမှုဟာ ရပ်တန့်သွားပြီ၊ ရပ်တန့်သွားမယ်လို့ ပြောနိုင်သလား။
ဖြေ။ ကျနော် လေ့လာ မိသလောက်တော့ ဒီလှုပ်ရှားမှုတွေက ခဏတော့ လောလောဆယ် အခြေအနေအရ ရပ်သွားတယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ လောလောဆယ် အခြေအနေအရ ခေတ္တခဏ ငုပ်သွားတယ်လို့ ပြောနိုင်မယ်။ ခဏလေးပဲ ငုပ်သွားတာပါ။ ဒါဟာ ရပ်သွားမှာ မဟုတ်သလို၊ အားလုံး စိတ်ထဲမှာလည်း ရှိနေတယ်။ ပြီးမသွားပါဘူး။ ကျနော်တို့ စိတ်ထဲမှာတင် မကပါဘူး၊ ပြည်သူလူထုတွေ စိတ်ထဲမှာလည်း မပြီးသေးပါဘူး။ သူတို့စိတ်ထဲမှာလည်း အုံ့ပုန်းနဲ့ အနာကြီးတခုလို ဖြစ်ကျန်ရစ် နေသေးပါတယ်။
မေး။ အခုလို တအုံနွေးနွေးနဲ့ အနာကြီးတခုလို ပြည်သူလူထု ရင်မှာ ကျန်ရစ်တော့ ဘယ်လို အထောက်အကူပြုလဲ။
ဖြေ။ အခုလို ဖြစ်နေတာက ကျနော်တို့ တိုင်းပြည်အတွက် တဖက်က ပြန်ပြောရင်တော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ဒါ ကောင်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သားသမီးတွေ ၁၉ နှစ်အရွယ်တွေ။ ၈၈ ခုနှစ် အကြောင်းပြောရင် သူတို့ကို လိမ်ပြောတယ် ထင်တယ်။ မယုံချင်သလိုလို ဖြစ်နေရင်လည်း ဖြစ်မှာပေါ့နော်။ အခုတော့ သူတို့ လက်တွေ့ မြင်သွားကြပြီ၊ ကြုံသွားကြပြီ။ ကျနော်တို့ မဟုတ်တာ၊ လိမ်ပြောတာ မဟုတ်ကြောင်း သိသွားကြပြီ။ အဲဒီ တခုတော့ ကျနော် တော်တော် သဘောကျတယ်။
မေး။ ဂမ်ဘာရီ ရောက်လာပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နအဖ အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လာတယ်။ ဆန္ဒ ဖော်ထုတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်နေတယ်။ Curfew တွေ ပြန်ရုပ်ပြီ၊ ၅ ယောက်ထက် ပိုမစုရ ရုပ်လိုက်ပြီ။ ပုံမှန်အတိုင်း ဖြစ်သွားပြီလို့ ပြောလို့ရလား။
ဖြေ။ မရှိသေးဘူး။ ပုံမှန် မဖြစ်နိုင်သေးပါဘူး။ လူတိုင်း စိတ်ထဲမှာ ဒါပဲရှိတယ်။ ပျောက်နိုင်အုံးမှာ မဟုတ်ဘူး။ အခုလည်းပဲ ပြောနေကြတုန်းပဲဗျ။ ဒါတွေက ရုပ်ပြသက်သက် လုပ်နေတာ၊ အရင်တုန်းကလည်းပဲ ထုံးတမ်းစဉ်လာအတိုင်း လုပ်နေတာပဲ။ အမှန်တော့ ပဲများပြီးတော့ ဆက်လုပ်နေတာပါ။ သိပ်ပြီးတော့ ဘာမှ မဖြစ်ပါဘူး။ ဒါကတော့ ရိုးလည်းရိုးနေပါပြီ။ ဒီလိုပဲ လုပ်မှာပဲလေ။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ။ လောလောဆယ်ကတော့ သူတို့ လုပ်နေတဲ့ဟာတွေ၊ ချီတက်နေတဲ့ ဟာတွေ၊ အခုလည်း လုပ်၊ မကြာခင် လုပ်အုံးမှာ ကြားရအုံးမှာပါ။ ဒါရိုက်တာ မီးပွားတို့ကို ခေါ်ပြီးတော့ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) က သူတို့ရွာမှာ မြင်းခြံ၊ ခရိုင်ဘက်မှာ ပွဲတွေ လုပ်ကြအုံးမှာ။ သူတို့ မြို့နယ် တခုလုံးက ဒီလှုပ်ရှားမှုတွေမှာ မပါဘူးပေါ့ဗျာ။ နောက်တခုက သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သားအတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး။ အားလုံးက သိနေတာပဲဗျာ။
မေး။ လူထုရဲ့ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေသေးတယ် ဆိုရင်၊ နောက်ထပ် လှုပ်ရှားမှု အခြေအနေရော ရှိနိုင်သေးလား။
ဖြေ။ လမ်းပေါ်ထွက်တဲ့ နည်းလမ်း တခုထဲ မဟုတ်ဘဲ၊ တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် နောက်ပုံသဏ္ဍာန် တမျိုးနဲ့ ပြန်ပေါ်လာအုံးမှာပါ။ အများ ပြည်သူတွေရော၊ ကျနော်တို့ရော လိုလားတဲ့ ကိစ္စတခု ဆိုရင်တော့ ပြန်ပေါ်လာစရာ မရှိဘူးလေ။ အားလုံး မလိုလားတဲ့ ပြဿနာတခုကို သူတို့ မွေးလိုက်တယ်ဆိုရင် ပြန်ပေါ်လာအုံးမှာပါ။ ကျနော်ကတော့ သိပ်ပြီးတော့ မစိုးရိမ်ဘူး။ ဒီကိစ္စကတော့ မပြီးသွားသေးဘူး။ အားလုံးရဲ့ စိတ်ထဲမှာ မဖြောက်နိုင်သေးဘူး။ ပြီးခဲ့တဲ့ အတွင်းက လူတွေ အများကြီး၊ အသက်တွေ အများကြီး၊ အသေခံ ဘဝတွေ အများကြီး။ အပျက်ခံပြီးတော့ ပေါ်ချင်တော့ ပေါ်တော့မယ် ထင်တယ်။ သို့သော် နောက်တမျိုး ပေါ်လာပါလိမ့်မယ်။ နောက်တမျိုးကတော့ ဘယ်လိုမျိုး ဖြစ်လာမလဲ ဆိုတာကတော့ ကျနော် ပြောဖို့အတွက် စောပါသေးတယ်။ သို့သော် ပေါ်ဖို့ ရာခိုင်နှုန်းအရ ပြောရင် သေချာသလောက် ရှိတယ်။

1 comment:

Ing Weber said...

To all Burmese nationals,
Firstly You should demand the release of all political detainees,
Secondly to handover power to NLD which won the 1990 election.