Wednesday, October 10, 2007

တွေ့ဆုံဆွေးနွေးရေးအတွက် မြန်မာစစ်အုပ်စုရဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ ကို ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်
အင်ဒရူးဘန်ကွမ်ဘီ(ဘဲလ်ဖတ်စ်တယ်လီဂရပ်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမကိုတွေ့ဆုံဖို့အတွက် စစ်အုပ်စုအနေနဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ ပူးကပ်မထားသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်တရပ်မှာ အဆက်အဆံလုပ်ဖို့ ငြင်းပယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က “တွေ့ဆုံဆွေးနွေးမှု အောင်မြင်ဖို့ဆိုတာဟာ ရိုးသားမှုနဲ့ အပေးအယူလုပ်ချင်တဲ့ စိတ်ပေါ်မှာ မူတည်ပါတယ်။ အောင်မြင်ချင်တဲ့ စိတ်ရှိဖို့လည်း အရေးကြီးသလို ဘယ်လိုကြိုတင်စည်းကမ်းသတ်မှတ်မှုမျိုးမှ မရှိသင့်ဘူး”လို့ ပြောကြားကြောင်း ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ အသက်(၆၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အဆံလုပ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ကြည်ကို ဆက်သွယ်ရေးအရာရှိအဖြစ် ခန့်အပ်ကြောင်း မနေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးခြင်းဟာ ချောမွေ့တဲ့ ဆက်ဆံရေးကို ရှေးရှုတဲ့ ထင်သာမြင်သာအရှိဆုံး ခြေလှမ်းတရပ် ဖြစ်လိမ့်မယ်”လို့ ဘားမားကမ်ပိန်းယူကေမှ မာ့ခ်ဖာမန်နာက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဖမ်းဆီးထိန်းသိမ်းထားသူပေါင်း ၂၁၇၁ဦးအနက် တ၀က်ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သံဃာအပါး ၅၃၃ပါးအနက် အပါး ၄၀၀ကို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများသို့ ပြန်ပို့ပေးခဲ့ကြောင်း စစ်အုပ်စု ပြောဆိုပါတယ်။

သံဃာတွေကို စစ်အုပ်စုက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် မနေ့ညက နှုတ်ထွက်စာတင်ခဲ့တဲ့ လန်ဒန်မြို့ မြန်မာသံရုံးက သံအရာရှိ ဦးရဲမင်းထွန်းက “ကျနော့်တသက်မှာ ဒီလိုဖြစ်ရပ်မျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ ဒီအရေးတော်ပုံ၊ ဒီအဖြစ်အပျက်ဟာ အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကိုသွားဖို့ ဖျောင်းဖြလို့ရနိုင်တဲ့ အဆုံးအဖြတ်အနေအထားလို့ ထင်မှတ်စရာရှိပါတယ်။ ဒါပေမယ့် အစိုးရက အရှိတရားကို မျက်ကွယ်ပြုခဲ့တယ်”လို့ ပြောဆိုပါတယ်။

No comments: