ဒေါက်တာလွဏ်းဆွေ
ပြီးခဲ့တဲ့အပတ်က ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှာ နှစ်နှစ်ခွဲကျော်ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ ပခုက္ကူမြို့သား တဦးအကြောင်း ကျနော်ပြောပြခဲ့ပါတယ်။ သူဟာ ရနောင်းမြို့က ရေခဲစက်၊ အအေးခန်းတွေမှာ နဖူးကချွေး ခြေမ ကျတဲ့အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရချိန်မှာ သူနဲ့ဘ၀တူ မြန်မာအလုပ်သမားတွေအပေါ် အလုပ်ရှင်တွေက အနိုင်ကျင့် ခေါင်းပုံဖြတ်တာတွေ၊ ပိုက်ဆံပေးမယ်ဆိုပြီး မပေးခဲ့တာတွေ၊ အသက်အန္တရာယ် ရန်ရှာတာတွေကို နေ့ တဓူဝ နားနဲ့မဆံ့အောင် ကြားခဲ့ရပါတယ်။ တခါသားမှာတော့ အလုပ်ရှင်တဦးရဲ့ အနိုင်ကျင့်တဲ့လုပ်ရပ်ကြောင့် သူ ဟာ အလွန်တရာ စိတ်ထိခိုက်ကြေကွဲခဲ့ရတယ်လို့ ဒီလို ပြန်ပြောင်းပြောပြပါတယ်၊၊
(အသံ) လခထုတ်တဲ့ ရက်တရက်မှာပေါ့။ ကျနော်အလုပ်လုပ်တဲ့ ရေခဲစက်မှာပဲ၊ အဲဒီသူဌေးပိုင်တာက ငါးကုမ္ပဏီ ကြီးလည်းပိုင်တယ်။ ဆိုတော့ ငါးရွေးတာ ငါးခွဲတာ လူကထောင်ကျော်ရှိတယ်။ သူ့ဆိုက်သူ့ဆိုက်လိုက်နဲ့ အလုပ် လုပ်ရတာ။ ရေခဲခန်းမှာ ဘယ်လောက်ပေါ့၊ ငါးခွဲတဲ့နေရာမှာ ဘယ်လောက်ပေါ့၊ မြန်မာအမျိုးသမီးရော အမျိုးသား ရော ထောင်ကျော်ရှိတယ်။ အဲဒီမှာ ညဆို သူကလခထုတ်ပေးတယ်။ လကုန်ရက်၊ လခထုတ်တဲ့အခါကျတော့ အဲ ဒီမှာ ပိုက်ဆံလိုလို့ သူ့ပိုက်ဆံရသင့်တာကိုလိုလို့ အလုပ်သမားတယောက်က သွားပြောတဲ့အခါမှာ သူဌေးလို့ သူ တို့ခေါ်တဲ့ ထိုင်းအမျိုးသားကိုယ်တိုင်က ပါးကိုရိုက်တယ်၊ မဖြေရှင်းပေးဘဲနဲ့။ အဲဒါကိုမြင်တဲ့အခါမှာ ဘာသာစကား အခက်အခဲကြောင့်လားဆိုတော့လည်း အဲဒီနဘေးနားမှာ ရှိတဲ့သူတွေက ရှမ်းလိုရော ဗမာလိုရောတတ်တယ်။ သူ ဌေးနားမှာ ရှိတဲ့သူတွေက၊ အကုန်ရှိနေပါရက်နဲ့ လူတယောက်ကို အဲသလိုမျိုးပေါ့ ထောင်ချီတဲ့ လူတွေကြားထဲမှာ ပဲ အမျိုးသားတယောက်ကို ပါးတွေနားတွေ ကန်လိုက်ရိုက်လိုက်တာတွေ လုပ်တာတွေ ဒါတွေက ကြေကွဲစရာ တွေပါ။ အလုပ်သမားတွေက သူရသင့်ရထိုက်တာကို သူ့မှာငွေလိုနေလို့ သွားပြောမိတာ၊ ကောင်းကောင်းမွန်မွန် သွားပြောတာ အဲလိုဆိုတော့ အဲဒါမျိုးတွေပါ နိုင်တိုင်းကျင့်တာ၊ ဒါကတော့ သက်သက်မဲ့ လူမျိုးချင်းကို နိုင်တိုင်း ကျင့်တယ်လို့ ကျနော်ခံ စားလိုက်ရတယ်။ ကြေကြေကွဲကွဲကို၊ အဲနေ့ကဆို သူပေးတဲ့ပိုက်ဆံတောင် မလိုချင်တော့ ဘူး၊
ဒီလိုအနိုင်ကျင့်တာတွေ အလုပ်တူလုပ်ကြသူချင်းကို လုပ်ခလစာ ခွဲခြားပေးတာမျိုးတွေ သူတွေ့ကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီလို ရှုပ်ထွေးလှတဲ့ အခြေအနေတွေကနေ လွတ်မြောက်အောင်ဆိုပြီး ဘန်ကောက်ကို တက်အလုပ်လုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်ကောက်ကို သူတက်ခဲ့တဲ့ ၁၉၉၇ခုနှစ် အချိန်တုန်းက ထိုင်းနိုင်ငံမှာ စီးပွားပျက်နေချိန်ဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်တွေ၊ အလုပ်သမားလက်မှတ်တွေ လုပ်မပေးသေးတဲ့ အချိန်ဖြစ်လို့ ခိုးကြောင်ခိုးဝှက် သွားခဲ့ရပါတယ်၊၊ ပွဲစားကိုအားမကိုးဘဲ ရနောင်းကနေ ဘန်ကောက်အထိ တ ယောက်တည်း စွန့်စွန့်စားစား သွားရောက်ခဲ့ပုံကို အခုလိုပြောပြပါတယ်။
(အသံ) ကျနော့်စဉ်းစားချက်တခုရှိတာက ပွဲစားကိုအားကိုးရင်၊ ပွဲစားကလည်း မြန်မာပြည်သားတွေပဲ များတယ်။ အဲတော့ မြန်မာပြည်သားကိုခေါ်သွားလို့ရှိရင် ပိုပြီးတောင်မှ ဖမ်းမိတယ်ဆိုလို့ရှိရင် သူ့အမှုတွဲအဖြစ်နဲ့ ကျနော်က လိုက်ပါရတဲ့ လူကုန်ကူးခံရတဲ့ လူတယောက်ဖြစ်တဲ့အတွက် အချုပ်ကျရင် အကြာကြီးဖြစ်မယ်၊ ကျနော့်တ ယောက်တည်းမိတယ်ဆိုလို့ရှိရင် ၂၄နာရီပဲ ကျနော့်ကို ထောင်ချခွင့်ရှိမယ်။ ဒါ နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုနဲ့ ဒီ လောက်ပဲရှိမယ်၊ ဆိုတော့ အဲဒီဥစ္စာကို နားလည်ထားတဲ့အခါကျတော့ ကျနော်တယောက်တည်းပဲ သွားတယ်။ ကျနော်ကားနဲ့ပဲ သူတို့ဆီက တရားဝင်ဖွင့်ထားတဲ့ လိုင်းကားပေါ်ပဲ တက်စီးပြီးလိုက်သွားတယ်။ အစစ်အဆေးရှိတဲ့ အခါကျတော့ တစုံတယောက်က ဒီလိုပဲ ရှမ်းတယောက်ကို နေမကောင်းလို့ကူညီရင်း အဲဒီလူက ပြန်ကူညီလိုက် တယ်။ ဖမ်းတဲ့အခါကျတော့။
ဘန်ကောက်ရောက်တဲ့အခါ သူဟာ သံတွေကို ခွဲခြမ်းစိတ်ဖြာပြီး နန်းဆွဲတဲ့ သံစက်ရုံမှာ အလုပ်လုပ်ပါတယ်။ တိုက်ဆောက်တဲ့အခါ အင်္ဂတေလောင်းဖို့၊ ချိုက်ခံဖို့တွေမှာသုံးတဲ့ ကော်ဆန်းသံတွေလုပ်ရတဲ့ စက်ရုံလို့ဆိုပါ တယ်။ ဘန်ကောက်မှာရတဲ့ လုပ်ခလစာဟာ အကြမ်းအားဖြင့် နယ်စပ်မြို့တွေထက် ကောင်းပေမယ့် သူလုပ်ခဲ့ရ တဲ့ သံစက်ရုံရဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းခွင်အနေအထားဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပုံကို အခုလိုပြောပြပါ တယ်။
(အသံ) အဲဒီစက်ရုံတွေမှာတော့ သံစက်ရုံတွေမှာဆိုလို့ရှိရင် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ လုံးဝ မကောင်းဘူး။ သူတို့ ဒီ စက်ရုံအခင်းအကျင်းတွေက သူတို့အကျိုးအမြတ်အတွက် ထုတ်လုပ်နိုင်ဖို့ ကျနော်တို့ဆီ က လုပ်အားကိုသာလျှင် အဓိကထားတာကို ကျနော်တွေ့ရတာပေါ့လေ။ အဲဒီ Care လုပ်တာကတော့ ကျန်းမာ ရေးအတွက် ဘာလို့မကောင်းဘူးလဲဆိုရင် သံမှုန့်တွေ၊ သံစတွေ နေ့တဓူဝ ၀င်ထွက်နေတာ။ ဒါပေမယ့် သူတို့ အဲ ဒီကိစ္စ တွေအတွက် တခါမှစဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်ပေးတာမရှိဘူး။ ဥပမာ အနာစည်း၊ အုပ်ဖို့ ပစ္စည်းတို့ ဘာတို့ ထုတ်ပေးရမှာတို့ အဲဒါမျိုးတော့ မရှိဘူး။ ဖြစ်လာကာမှသာလျှင် သူတို့ကုပေးတာတို့ ဘာတို့တော့ ရှိတာ ပေါ့။
သူ ဘန်ကောက်မှာ နေထိုင်လုပ်ကိုင်စဉ်တုန်းက အလုပ်သမားလက်မှတ်တွေ လုပ်မပေးသေးတဲ့ အချိန်ဖြစ်လို့ သူ ဟာ လာအိုနဲ့ ကမ္ဘောဒီးယားကနေ လာလုပ်ကြတဲ့ အလုပ်သမားတွေနည်းတူ ဈေးချိုပြီး လုံခြုံမှုရှိမယ့်နေရာတွေ ကို ငှားရမ်းနေထိုင်ခဲ့ရပါတယ်၊၊ ဈေးချိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေရာတွေဖြစ်တယ်လို့ သူ ကပြောပါတယ်၊၊
(အသံ) ဘန်ကောက်ရောက်တဲ့အခါကျတော့ ခမာနယ်စပ်ဘက်ကလာတဲ့ လာအိုဘက်ကလာတဲ့ စသဖြင့် ဒီလို Illegal ကျနော်တို့လိုပဲ မြန်မာပြည်ဘက်ကလာတဲ့ အလုပ်သမားတွေလိုပဲ ဘ၀တူအလုပ်သမားတွေ တွေ့ရ တယ်။ သူတို့ကျနော်တို့အကုန်လုံးက အဲဒီအချိန်မှာ နေမှုထိုင်မှုဘ၀တွေမှာ တပုံစံတည်းဖြစ်နေတယ်။ ထိုင်းနိုင်ငံ သားတွေနဲ့ အလုပ်သမားတွေနဲ့ မတူတာတော့အမှန်ပဲ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့နေရာတွေမှာ တဖက်မှာက ကျနော်တို့ကို အဲဒီတုန်းက work permit လုပ်မပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘာသာ ကျနော်တို့ပဲ အိမ်တွေအငှားရှာပြီး နေရတဲ့အခါကျတော့ ဈေးချိုချိုခြမ်းခြမ်းနဲ့ လုံခြုံမှုရှိမယ့်နေရာတွေကို ရွေးချယ်ပြီးနေကြတာ ပေါ့။ အခြား အဲလိုပဲ Illegal တွေလည်း အခြားနိုင်ငံသားတွေလည်း ဒီလိုပဲနေကြတယ်။ ကျနော်တို့အချင်းချင်း တော့သိတယ် နေရာတွေကို။ အဲဒီအခါမှာ ကျနော်တို့ကြည့်ရတာပေါ့လေ၊ ရေဆိုးမြောင်းတွေရှိတဲ့နေရာ ဈေးချို တဲ့နေရာပေါ့လေ၊ ထိုင်းနိုင်ငံသားတွေ မနေတဲ့နေရာမျိုး တော်တော်များများကို စုပြီးတော့ ငှားကြနေကြရတာပေါ့။ ကျန်းမာရေးတွေ ဘာတွေလည်း သိပ်ဂရုမစိုက်နိုင်ပါဘူး၊ အဲဒီအချိန်တုန်းကတော့။
သံစက်ရုံမှာ လုပ်ကိုင်နေစဉ်အတွင်းမှာပဲ အလုပ်ပါးတဲ့ရက်တွေမှာ အပိုဝင်ငွေရရှိဖို့အတွက် နိုင်ငံခြားပို့မယ့် ဆန် အိတ်တွေကို ပင်လယ်ဝက သင်္ဘောတွေပေါ် ထမ်းပို့ရတဲ့နေရာမှာ ၀င်လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီလိုဝင် ငွေကောင်းဖို့အတွက် မနေမနား လုပ်ကိုင်ရင်း အလုပ်သမားတချို့ဟာ ပင်ပန်းမှုကို ခံနိုင်ရည်ရှိဖို့ မူးယစ်ဆေးတွေ စားသုံးနေတာ သူမြင်တွေ့ရပါတယ်၊၊ ဒီလိုမူးယစ်ဆေးဝါးတွေ ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းသလို ရောင်းနေ တာတွေ့တော့ သူထိတ်လန့်တုံလှုပ်မိပါတယ်လို့ အခုလို ပြောပြပါတယ်၊၊
(အသံ) အဲဒီမှာ အတွေ့အကြုံဘာရလဲဆိုတော့ အဲဒီမှာ တအားပင်ပန်းတယ်။ ပိုက်ဆံရကောင်းတယ်။ တပြိုင် နက်တည်းမှာပဲ အဲဒီမှာက မူးယစ်ဆေးဝါးက ဒီလိုမျိုး ဆွဲယူလိုက်လို့ ကျနော်တို့မြန်မာပြည်မှာ ပွဲဈေးမှာ ကွမ်းယာ တို့ဘာတို့ကို ဗျပ်နဲ့လိုက်ရောင်းသလိုမျိုးကို ရောင်းတာလေ၊ ရာဘားတို့ အဲဒီအတွေ့အကြုံတခု ထူးထူးခြားခြား တွေ့ရတယ်။ ဒါက မျက်မြင်ကိုယ်တွေ့၊ လန့်တောင်လန့်သွားတယ်။ အမျိုးမျိုးရှိတာနော်၊ ရာဘားရှိတယ်။ ရာဘား မှ အမြင့်စားရှိတယ်၊ ၁၂၀တန်လား ၁၀၀တန်လား စသဖြင့် အဲသလို ခွဲခြားထားတာရှိတယ်။ ပြီးရင် ဘိန်းစာရွက် ဆိုတာ နာမည်ကြီးပဲ။ အဲဒီကောင်ကို ပင်ပန်းတဲ့အလုပ်သမားတွေက အပင်ပန်းဒဏ် ခံနိုင်အောင်လို့ဆိုပြီးတော့ စားသုံးတာလေ၊ တော်တော်များများ တွေ့ရတယ်။ ဒီနောက်ပိုင်းမှာတော့ သိတဲ့အတိုင်းပဲ အမျိုးသားစီမံကိန်းချပြီး တော့ကို သက်ဆင်လက်ထက်မှာပဲ မူးယစ်ဆေးဝါးတိုက်ဖျက်မယ် ဘာမယ်ဆိုပြီးဖြစ်ရတာ၊ ဒါ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ တာ ကျနော့်ကိုယ်တွေ့ပဲ။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ပင်ပန်းဆိုးဝါးလှတဲ့ ဘ၀တစိတ်တပိုင်းအကြောင်း ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသားတဦးရဲ့ ပြန်ပြောင်းပြောပြချက်များ ဖြစ်ပါတယ်၊၊ ကိုယ့်မြေကိုယ်ရေမှာ ဘ၀ရပ်တည်လို့ မရတော့တဲ့အတွက် တိုင်းတပါးကိုထွက်ပြီး အသက်မွေးရတဲ့ မြန်မာအလုပ်သမားတွေ အကြောင်းကို နောက်တ ပတ်တွေမှာလည်း ဆက်လက်နားဆင်ကြပါခင်ဗျာ၊၊
(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေနားဆင်နိုင်ပါသည်)
Wednesday, October 3, 2007
တွယ်ရာမဲ့ ဘ၀များ (၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment