Friday, October 19, 2007

ပြည်သူ့အရေး လက်မနှေးကြနဲ့ဟု လူရွှင်တော် ဇာဂနာပြော
သတင်း- ဧရာဝတီ (၁၈-၁၀-၀၇)

ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာက “ပြည်သူ့အရေး လက်မနှေးကြနဲ့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထုအကျိုး ဆက်လက်ထမ်းရွက် သွားမည်ဟု ဧရာဝတီကို ပြောဆိုလိုက်သည်။
“ကျနော်တို့တွေ ဆက်ပြီး လုပ်နေကြရဦးမှာပဲ။ ကျနော်တို့ကို အချိန်တိုင်း၊ နာရီတိုင်း လိုအပ်နေဦးမယ်လို့ ထင်ပါ တယ်။ လိုတဲ့ အချိန်ကြရင်လည်း ထုံးစံ အတိုင်းပေါ့ … ကျနော်ကတော့ ဆောင်ပုဒ်လေးတခု လုပ်ရဦးမှာပဲ ‘ပြည် သူ့အရေး လက်မနှေးကြပါနဲ့’ ဆိုပြီး ပြောရတော့မှာ။ လိုအပ်တဲ့ အချိန်မှာ ပါဖို့ကတော့ အမြဲတမ်း အဆင်သင့် ဖြစ် နေရမှာပဲ” ဟု ကိုဇာဂနာက ပြောသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ည ၁နာရီခန့်တွင် ကိုဇာဂနာ၏ နေအိမ်ကို အာဏာပိုင်တို့က ရှာဖွေပုံစံဖြင့် ၀င် ရောက်ရှာဖွေကာ အင်းစိန်ထောင်ဝန်း အတွင်းရှိ သီးသန့်ထောင်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ၎င်းနောက် အောင်သပြေ စစ်ကြောရေးစခန်းသို့ ပြန်လည်ခေါ်ဆောင်ကာ အထူးရဲတပ်ဖွဲ့က ၃ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ပြီး မှ အင်းစိန်ထောင်သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။ ကိုဇာဂနာအား အင်းစိန်ထောင်သို့ ပြန်ပို့ချိန်တွင် စစ်ခွေးတိုက် နှင့် တိုက် ၅ အခန်း ၁ တို့တွင် နေခဲ့ရသည်။
သံဃာတော်များ သပိတ်မှောက် ကံဆောင်ခြင်းကို အနုပညာရှင်များက ထောက်ခံခြင်းသည် ပြည်သူအများ ပါဝင် ထောက်ခံလာအောင် ရှေ့ဆောင်လမ်းပြ လုပ်ခြင်းဖြစ်သည်ဟု စစ်ကြောရေးတွင် အာဏာပိုင်တို့က ပြောဆို ကြောင်းလည်း ကိုဇာဂနာက ပြောသည်။
ယမန်နေ့ နေ့လယ်ပိုင်းကလည်း ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ဇနီး မရွှေဇီးကွက်တို့ကို အောင်သပြေ စစ် ကြောရေး စခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အင်းစိန်ထောင် တိုက် ၅ တွင် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဦးလှဖေ၊ စီအာပီပီအဖွဲ့မှ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးပူကျင့်ရှင်းထန်နှင့် ဦးထောင်ကိုထန်း၊ တကိုယ် တော် ဆန္ဒပြသူ ဦးအုန်းသန်း မင်္ဂလာဒုံနှင့် သာကေတမြို့နယ်တို့မှ အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ အန်အယ်လ် ဒီလူငယ် ကိုသန်းထိုက်အောင်နှင့် အလုပ်သမားအဖွဲ့မှ ကိုမြင့်စိုး၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသန်းတင် နှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီမှ ကိုစိုးမြင့်ထိန်တို့ကို ချုပ်နှောင်ထားသည်ဟု ကိုဇာဂနာက ပြောသည်။
ဦးမြင့်သိန်းသည် အစာအိမ်ရောဂါခံစားနေရပြီး အင်းစိန် သီးသန့်ထောင်ရှိ အမျိုးသားရေး ဦးဝင်းနိုင်မှာ သွေးတိုး ရောဂါ ခံစားနေရကြောင်း သိရသည်။
ကိုဇာဂနာသည် ၁၉၈၀ ခုလွန်ကာလကတည်းက လူရွှင်တော်ဘ၀ဖြင့် ပြည်သူလူထု၏ ချစ်ခင်အားပေးခြင်းကို ခံ ခဲ့ရသူဖြစ်ပြီး အုပ်ချုပ်သူအစိုးရအား လှောင်ပြောင်သရော်သော ဟာသပျက်လုံးများကြောင့် အထူးရေးပန်းစားခဲ့ သူ ဖြစ်သည်။
၁၉၈၆/၈၇ နှစ်များအတွင်း ကပြခဲ့သော “သူတောင်းစား” ပြဇာတ်၊ “ထိုင်ခုံ” ပြဇာတ်များသည် ထင်ရှားသော ပြ ဇာတ်များဖြစ်ပြီး မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် လှည့်လည်ကပြခဲ့သည်။
“ထောင်ကတော့ အ၀င်ရှိရင် အထွက်ရှိရမှာပဲ ... သို့သော်လည်း ကျနော်တို့ လုပ်ရကိုင်ရမယ့် ကိစ္စတွေမှာ တာ ၀န် ပိုကြီးလာတယ်လို့ ကျနော်ကတော့ ထင်တယ်” ဟုလည်း ကိုဇာဂနာက ပြောသည်။
၁၉၈၈ မှ ၁၉၈၉ထိ၊ ၁၉၉၀ မှ ၁၉၉၄ ထိ နိုင်ငံရေးမှုဖြင့် နှစ်ကြိမ်ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေသည့် ၁၉၉၁ ခု နှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆုတဆုကို ရရှိခဲ့သည်။
လွန်ခဲ့သည့် နှစ်အတွင်းက ကိုဇာဂနာအား ဘီဘီစီ (မြန်မာပိုင်း) အသံလွှင့် ဌာနနှင့် အင်တာဗျူးတွင် အစိုးရအား ထိခိုက်စေသည့် စကားလုံးများ ပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် အနုပညာလုပ်ငန်းအားလုံးကို စစ်အစိုးရ ပြန် ကြားရေး ၀န်ကြီးဌာနက အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။ ၁၉၉၆ ခုနှစ်ကလည်း ကိုဇာဂနာ၏ အနုပ ညာလုပ်ငန်းများ တကြိမ် အပိတ်ခံရဖူးသည်။

No comments: