အာဖျံကွီး
အာဏာရူးကြီး ဗိုလ်သန်းရွှေရဲ့ ထားရာနေ စေရာသွားပြီး ခိုင်းတာကို တသဝေမသိမ်း လုပ်ပေးနေရရှာတဲ့ ၀န်ကြီး ၀န်ကလေးတွေထဲမှာ တက်ကြွတဲ့ ကြက်ဖလို့ ကင်ပွန်းတပ်လောက်တဲ့သူကို ပြောပါဆိုရင်တော့ ပြန်ကြားရေးဝန် ကလေး ဗိုလ်ကျော်ဆန်းကိုပဲ လက်ညှိုးထိုးစကီးနီးရပေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ကျော်ဆန်းဟာ သူ့ လက်ထက်မှာ အတက်ကြွလွန်ပြီး သတင်းစာရှင်းလင်းပွဲတွေ ခဏခဏကျင်းပနေလို့ပါပဲ။ သတင်းစာရှင်းလင်းပွဲ တိုင်းမှာလည်း အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဗုံးဖောက်ခွဲနေတဲ့ အကြမ်းဖက် အဖျက်သမားတွေလို့ စွပ်စွဲနေရဲ့။ အဲဒီလို သတင်းစာရှင်းလင်းပွဲ တခါလုပ်တခါစွပ်စွဲပြီးတိုင်း ဗုံးတွေ က အဆက်မပြတ် ထထပေါက်နေလေတော့ သတင်းစာရှင်းလင်းပွဲ လုပ်စရာမရှိမှာစိုးလို့ ဗိုလ်ကျော်ဆန်းကိုယ် တိုင် မအိပ်မနေ ဗုံးတွေလိုက်ထောင်နေတယ်လို့ပဲ အာဖျံကွီးတော့ ထင်မြင်မိရဲ့။ ဗိုလ်ကျော်ဆန်းတို့ကို ထမင်း ကျွေးထားတဲ့ အာဏာရူးကြီး ဗိုလ်သန်းရွှေကလည်း အဲသလို တက်တက်ကြွကြွ လုပ်ပြနေမှ ပိုပြီးသူကောင်းပြုမှာ ကိုး။ အဲဒီတော့ ပြန်ကြားဝန်ကလေး ဗိုလ်ကျော်ဆန်းခမျာ နေ့မအားညအား (နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် ည မှာ ဗုံးထောင်) ဆိုသလို တက်ကြွတဲ့ ကြက်ဖ လုပ်ပြနေရတော့တာပေါ့။
ဗိုလ်ကျော်ဆန်းက သူ့ရဲ့သတင်းစားရှင်းလင်းပွဲတွေကို မြန်မာရုပ်မြင်သံကြားမှာ ပြန်လည်ပြသတဲ့အခါမှာလည်း ချန်ပီယံလိဂ် ဘောလုံးပွဲတွေလို လိုက်ဖ်ရှိုးထုတ်လွှင့်နေသယောင် လုပ်ပြတတ်သေးရဲ့။ အံမယ် … အံမယ် တခါ သားမှာများ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို နအဖလက်ပါးစေတဦးက လက်သီးနဲ့ဝင်ထိုးတဲ့ လံကြုတ် ဇာတ်ကို ပြည်သူတွေ ယုံလေမလားဆိုပြီး သူကိုယ်တိုင် အမူအရာတွေနဲ့ သရုပ်ဆောင်ပြနေတာ အာဖျံကွီးတွေ့ လိုက်မိသေးရဲ့။ မဆိုးပါဘူး အလှည့်ကျ အကယ်ဒမီရွှေစင်ရုပ်ဆု ပေးအပ်နေတဲ့ နအဖရဲ့မူအရဆိုရင် ဒီတနှစ် တော့ မင်းသားမင်းသမီးအားလုံးကို ကျော်ဖြတ်ပြီး ဗိုလ်ကျော်ဆန်း ရလောက်ပါရဲ့ (သူ့ရဲ့ထမင်းသခင် အာဏာရူး ကြီး ဗိုလ်သန်းရွှေရဲ့ မျက်ခွက်ကို အဲသလို လက်သီးနဲ့ ၀င်ထိုးမယ်ဆိုရင်ကော ဗိုလ်ကျော်ဆန်းတယောက် ဘယ် လိုသရုပ်ဆောင်ပြမလဲဆိုတာ အာဖျံကွီး ကြည့်ချင်မိသေးရဲ့။ အော်စကာဆုပါ တပေါင်းတည်း ပေးလိုက်ချင်လို့ပါ ခင်ဗျာ)။ ဒါပေမယ့် ဗိုလ်ကျော်ဆန်း ဘယ်လိုပဲသရုပ်ဆောင် သရုပ်ဆောင် လိမ်ဆင်ကြီးဆိုတာကို (၁၇)ကျော် အ လိမ်ခံလာခဲ့ရတဲ့ ပြည်သူတွေက အော်တိုမစ်တစ် ဓာတ်ပေါက်ပြီးသားဖြစ်လို့ မီတာခအကုန်ခံပြီး ဘယ်ပြည်သူမှ တီဗွီဖွင့်မကြည့်ကြတော့ပါဘူး (တချို့ကလည်း မီးမလာတာနဲ့ အတော်ပဲဆိုပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြ လေရဲ့)။
ဒါပေမယ့် အခုနောက်ပိုင်း သူကလေးက သတင်းစာရှင်းလင်းပွဲတွေကို ခပ်စိပ်စိပ် ကျင်းပလာတဲ့အခါကျတော့ လိမ်ဆင်တွေ ပေါ်ကုန်မှာစိုးလို့လားမသိ၊ အလကားနေရင်း သူ့ကိုအဖေခေါ်နေတဲ့ အ၀ါရောင်စာနယ်ဇင်းသမား မြတ်ခိုင်(နအဖအင်ဖော်မာ)ကို သတင်းစာရှင်းလင်းပွဲမတိုင်ခင် မေးခွန်းတွေ လိုက်ဝေခိုင်းနေတယ်လို့ အင်တာ နက်သတင်းတခုမှာ အာဖျံကွီး အတိအကျ ဖတ်လိုက်ရလေရဲ့။ ကျိုင်းတုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို အသွား လေယာဉ်ပေါ်က မဆင်းခင်မှာ မြတ်ခိုင်က နအဖသြဇာခံ စာနယ်ဇင်းသမားတွေကိုခေါ်ပြီး မေးခွန်းတွေ ကြိုဝေပေးနေတာကို လေယာဉ်ပေါ်မှာပါလာတဲ့ ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာတွေ အကုန်လုံးနီးပါး တွေ့ လိုက်ရသတဲ့။ အဲဒီလို ကြိုတင်ဇာတ်တိုက်ထားတာကို သိသွားတဲ့ အမှန်အကန် စာနယ်ဇင်းဆရာတွေက သတင်း စာရှင်းလင်းပွဲမှာ ဘာမေးခွန်းမှ ထမမေးကြတော့ဘူးတဲ့ (မေးနေလို့လည်း အပိုပဲကိုး)။ ဒီသတင်းကို ဖတ်ရတဲ့ အာ ဖျံကွီးကတော့ ဗိုလ်ကျော်ဆန်း လိမ်ဆင်တွေလုပ်နေတာကို ထူးပြီးမအံ့သြမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖ စစ်အုပ်ဟာ လိမ်တတ်တဲ့အကျင့်ကို မျိုးနဲ့ရိုးနဲ့ သင်ယူလာတယ်ဆိုတာ အာဖျံကွီး သိထားပြီးသားမို့လို့ပါ။
နအဖစစ်အုပ်စုဆိုတာ သူတို့အရင် တိုင်းပြည်ကို ဖျက်ဆီးသွားတဲ့ အာဏာရှင်ဗိုလ်နေ၀င်းရဲ့ ဒူးမနာသားမြေးတွေ မဟုတ်လား။ တနည်းအားဖြင့် အာဏာရှင်ဗိုလ်နေ၀င်းဟာ အခု တိုင်းပြည်ကို ဆက်လက်ဖျက်ဆီးနေတဲ့ အာဏာ ရူးကြီးဗိုလ်သန်းရွှေနဲ့ အပေါင်းအပါတစုရဲ့ ပထွေးဆိုလည်း ဟုတ်ပေတာပေါ့။ အဲသလိုဆိုတော့ မဆလပြုတ်ခါနီး တည်းတည်းမှာ သမ္မတဖြစ်ခဲ့ရရှာတဲ့ (သေမယ့်အပတ်မှ စစ်ထဲလိုက်ခဲ့ရရှာတဲ့) ဒေါက်တာမောင်မောင်ကိုလည်း န အဖရဲ့ပထွေးလေးလို့ ပြောရင်ရတာပေါ့နော်။
အဲဒီ နအဖရဲ့ပထွေးလေး ဒေါက်တာမောင်မောင်လက်ထက် ၁၉၈၈ခုနှစ် စက်တင်ဘာလထဲမှာပေါ့ … ။ တတိုင်း တပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆန္ဒပြပြီး မဆလအစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြ လေရဲ့။ အဲဒီအချိန်မှာ ၁၉၆၂ခုနှစ်က အာဏာရှင်ဗိုလ်နေ၀င်းရဲ့ အာဏာသိမ်းယူခြင်းကိုခံခဲ့ရတဲ့ ၀န်းကြီးချုပ် ဟောင်းဦးနုက စင်ပြိုင်အစိုးရကြေညာလိုက်တော့ ဒေါက်တာမောင်မောင်တယောက် ကြံရာမရဘဲ ပြည်သူ့လွှတ် တော် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရတယ်။ တတိုင်းတပြည်လုံးမှာလည်း ဆန္ဒပြပွဲတွေဖြစ်နေတော့ လမ်း ပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး သွားရေးလာရေး ခက်ခဲနေတာပေါ့။ ဒါပေမယ့် ဒေါက်တာမောင်မောင်က တော့ ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီး မြန်မာ့ရုပ်မြင်သံကြားက ထုတ် လွှင့်ပြသခဲ့လေရဲ့။
ဘယ်လိုဘယ်ပုံ ထုတ်လွှင့်ပြသခဲ့တယ်ဆိုတာကို ပြောပြရရင်ဖြင့် … ။
ဒါကလည်း ၈၈အရေးအခင်းပြီးမှ အာဖျံကွီးပြန်ကြားရတာပါ (ဒေါက်တာမောင်မောင်တို့ လိမ်တတ်ပုံများကိုပါ)။ အာဖျံကွီးရဲ့မိတ်ဆွေတယောက်က မန္တလေးဆေးတက္ကသိုလ်က ဆရာတယောက်ပါ။ အရေးအခင်းဖြစ်နေချိန်မှာ သူတို့တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်က မန္တလေးတိုင်းက မြို့နယ်တခုရဲ့ ပြည့်သူလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ် ပါသတဲ့။ ဒေါက်တာမောင်မောင် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူတဲ့အချိန်မှာ လမ်းပန်းဆက် သွယ်ရေးတွေ ပြတ်တောက်နေလို့ သူတက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် သူ့ပုံကြီးကို မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသသွားတာ တွေ့ခဲ့ရတဲ့အကြောင်း ပါမောက္ခချုပ်ပြန်ပြောပြတာကို ကြားခဲ့ရတဲ့ မိတ်ဆွေဆရာက အာ ဖျံကွီးကို တဆင့်ဖောက်သည်ချတာပါ။
ထုတ်လွှင့်ပြသခဲ့ပုံက ဒေါက်တာမောင်မောင် မိန့်ခွန်းပြောတဲ့ပုံကိုပြလိုက် အရင်လွှတ်တော် အစည်းအဝေးတွေ တုန်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီးပြလိုက်နဲ့ ထုတ်လွှင့်ခဲ့တာပါတဲ့။ အဲဒါကို အိမ်မှာတီဗွီထိုင်ကြည့်နေတဲ့ ပါမောက္ခချုပ်က အစပိုင်းမှာ မသိသေးဘူးတဲ့။ ဆက်ကြည့်နေရင်းနဲ့ ကိုယ်စားလှယ် တော်တွေကို ဖြတ်ကနဲပြတဲ့အကွက်မှာ သူ့ပုံကြီးကို သူကိုယ်တိုင် တွေ့လိုက်ရတဲ့အခါမှ လိမ်ဆင်ကြီးမှန်း သိခဲ့ရ တာပါတဲ့ (သူမှ မတက်ရောက်ခဲ့ပဲကိုး)။
အဲဒါကြောင့်မို့ နအဖပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်းတို့ လိမ်တာလောက်တော့ သူ့ပထွေးလေး ဒေါက် တာမောင်မောင်က အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ ‘ပျင်းတောင်ပျင်းသေးတယ်ကွဲ့ … ပျင်းတောင်ပျင်း သေး တယ်’ သီချင်းကို တမလွန်ကနေပြီး ဆိုပြနေဦးမလားလို့ အာဖျံကွီး တွေးနေမိတော့ရဲ့။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Wednesday, October 10, 2007
ပျင်းတောင်ပျင်းသေးတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment