Sunday, October 7, 2007

အခေါင်းမဆံ့မယ့်သူ

ဂျင်ဂလိ

တခါတခါ အာဏာရှင်၊ အာဏာရူးတွေအကြောင်း တောင်တွေးမြောက်တွေး တွေးမိတဲ့အခါ တော်တော်သံ ဝေဂရစရာကောင်းတာကို ဂျင်ဂလိတွေ့မိရဲ့။ အာဏာလက်ကိုင်ရှိစဉ်မှာတော့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ရက်စက်ပြီး သက်တော်ရှည်ဘုရင်တပါးလို ထင်ရာစိုင်းမင်းမူတတ်ကြပေမယ့် အာဏာလက်မဲ့လည်းဖြစ် ရော ခွေးပြေးဝက်ပြေး ပြေးသူပြေးရ၊ ခွေးသေ၀က်သေ သေသူသေရနဲ့ တော်တော့်ကို တရားကျဖို့ ကောင်းလေရဲ့။ မဝေးသေးတဲ့ အတိတ်ကာလကို ပြန်ကြည့်ရင်ပဲ သံဝေဂရစရာ ဖြစ်ရပ်တွေက တပုံတပင်ကြီးရယ်လေ။

ရိုမေးနီးယားနိုင်ငံသမ္မတ နီကိုလိုင်ချောင်စက်စကူးဆိုရင် ဒီနေ့လိုမှာ အီရန်နိုင်ငံရဲ့ အစိုးရဧည့်သည်တော်အနေနဲ့ ခံ့ခံ့ညားညား အလည်အပတ်ခရီး လှည့်လည်နေရဲ့။ ဟော … နောက်တနေ့မှာ ပြည်တော်ကိုလည်းပြန်ရော ပြည်သူ့တရားစီရင်မှုကိုခံရပြီး အသေဆိုးနဲ့ ပိုးစိုးပက်စက် သေခဲ့ရလေရဲ့။ ယူဂန္ဓာသမ္မတ အီဒီအာမင်ဆိုရင်လည်း အာဏာရှိစဉ်အခါက ကုန်ဈေးနှုန်းတက်ရမလားဆိုပြီး ကုန်သည်ကြီးတွေကို လမ်းမပေါ်ထုတ်ပြီး ကြိမ်လုံးနဲ့ရိုက်လိုက်၊ ရဟတ်ယာဉ်နဲ့ခေါ်သွားပြီး ကောင်းကင်ကနေ ကန်ချလိုချလုပ်ပြီး ထင်ရာစိုင်းခဲ့ပေမယ့် အာဏာလက်မဲ့လည်းဖြစ်ရော တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေးထွက်ပြေးရပြီး ပြင်သစ်နိုင်ငံက စားသောက်ဆိုင်တခုမှာ အိုက်တိုးပကေးဆန်ဘ၀နဲ့ ဇာတ်မြှုပ်နေရလေရဲ့။ ပနားမားနိုင်ငံက နိုရေးဂါးဆိုရင်လည်း အမေရိကန်ရဲ့ဖမ်းဆီးမှုကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို အဖမ်းခံရပြီး အမေရိကန်နိုင်ငံမှာ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရလေရဲ့။ အဲဒီလိုမျိုး အာဏာရှင်၊ အာဏာရူးတွေရဲ့ အဖြစ်ဆိုးတွေက သံဝေဂယူစရာ တပုံတပင်ရယ်။ ဆားဗီးယားသမ္မတဟောင်း ဆလိုဗိုဒန်မီလိုဆီဗစ်ကိုပဲ ကြည့်မလား၊ ဖိလစ်ပိုင်သမ္မတဟောင်း မားကို့စ်ရဲ့အဖြစ်ဆိုးကိုပဲ ရှုစားမလား၊ အင်ဒိုနီးရှားသမ္မတဟောင်း ဆူဟာတိုရဲ့ အဖြစ်သနစ်ကိုပဲ သံဝေဂယူမလား ယူလို့မကုန် အဖုံဖုံပါပဲ။

အဲ … အနီးဆုံးသံဝေဂယူစရာ အာဏာရှင်တဦးကတော့ ဂျင်ဂလိတို့မြန်မာပြည်သူပြည်သားတွေကို
(၂၆)နှစ်ကျော်ကြာ ဖိနှိပ်အုပ်ချုပ်ပြီး တိုင်းပြည်ကိုရစရာမရှိအောင် ဖျက်ဆီးသွားခဲ့တဲ့ အာဏာရှင်ဗိုလ်နေ၀င်းပေါ့။ သူဆိုရင်လည်း ဘုန်းမီးနေလတောက်ပစဉ်က လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့သူပေါ့။ ဟော … အာဏာလက်မဲ့ဘ၀နဲ့ ဇီဝိန်လည်းချုပ်ရော လိုက်ပါပို့ဆောင်သူ ချောက်တီးချောက်ချက်နဲ့ ရေဝေးသုဿာန်ကို ညတွင်းချင်း ဒရောသောပါး ပြေးခဲ့ရပါရောလား။ ညမှောင်မှောင်ကြီးထဲမှာ ဗိုလ်နေ၀င်းအလောင်းကို ပိတ်ဖြူကြီးပတ်ပြီး ရေဝေးသုဿာန်ကို အမြန်သယ်ဆောင်လာခဲ့သတဲ့။ ရေဝေးကိုရောက်တာနဲ့ ဗိုလ်နေ၀င်းအလောင်းကို သုဿာန်မှာရှိတဲ့ ရယ်ဒီမိတ်အခေါင်းတခုထဲ ထည့်ကြည့်တဲ့အခါ မောင်မင်းကြီးသား ဗိုလ်နေ၀င်းက အရပ်ရှည်လွန်းလို့ အခေါင်းအပြင်ကို ခြေထောက်ကြီး ထွက်နေသတဲ့။ အဲဒါနဲ့ နောက်ဆုံးမှာ ဒူးခေါင်းကိုကွေးပြီး အခေါင်းထဲ ကျပ်သိပ်ထိုးထည့်ကာ မီးသင်္ဂြိုလ်စက်ထဲ ထည့်လိုက်ရပါသတဲ့။

ဒါကလည်း ဂျင်ဂလိရဲ့မိတ်ဆွေ နိုင်ငံခြားသတင်းထောက်တဦး ဖောက်သည်ချလို့ သိရတာပါ။ သူ့တို့နိုင်ငံခြား သတင်းထောက်အသင်းက သတင်းထောက်တဦးကို ဗိုလ်နေ၀င်း အသက်ထွက်ထွက်ချင်း စစ်ထောက်လှမ်းရေး တွေက အမြန်ဆင့်ခေါ်သတဲ့။ ဗိုလ်နေ၀င်း အမှန်တကယ်သေဆုံးကြောင်း အသိသက်သေအဖြစ် လိုက်ပါ ကြည့်ရှုဖို့ပါတဲ့။ အဲဒီမိတ်ဆွေက သူ့ကိုပြန်ပြောပြတာပါတဲ့။ သူက သူကြားခဲ့ရသမျှကို ဖြစ်ကြောင်းကုန်စင် ပြောပြအပြီးမှာ ဂျင်ဂလိက ‘သန်းရွှေသေရင်ကော ဘယ်လိုဖြစ်မလဲ မသိဘူးနော်’လို့ သူ့ကို မေးလိုက်မိတယ်။ အဲဒီမှာ ဂျင်ဂလိရဲ့ အမေးစကားအပေါ် မိတ်ဆွေသတင်းထောက်ကြီး ပြန်ပြောလိုက်တဲ့အဖြေကြောင့် ဂျင်ဂလိ ပါးစပ်မစေ့နိုင် ဖြစ်ခဲ့ရလေရဲ့။ မိတ်ဆွေသတင်းထောက်ကြီး ပြောလိုက်တဲ့အဖြေစကားကတော့
‘ခင်ဗျားကလည်း နေ၀င်းက အရပ်ရှည်လို့ ခြေထောက်ကြီး ထွက်နေတာကို ဒူးကွေးပြီး ထည့်လို့ရသေးတယ်။ သန်းရွှေကျရင်တော့ မဆံ့မှာက ခြေထောက်မဟုတ်ဘူး … ဗိုက်ဗျ … ဗိုက်။ စားထားတာတွေ များလွန်းအားကြီးပြီး ဗိုက်ကြီးက ဖောင်းကားနေတော့ ရယ်ဒီမိတ်အခေါင်းနဲ့ ဘယ်လိုမှ ဆံ့မှာမဟုတ် ဘူး။ ပိတ်ဖြူပတ်ပြီးတော့ပဲ မီးသင်္ဂြိုလ်စက်ထဲ ပစ်ထည့်ရမှာဗျ’တဲ့။

No comments: