Saturday, October 20, 2007

မမနီ သို့ မဟုတ် မျိုးဆက်သစ်ကို စိုက်ပျိုးသူအတွက် ...

ကိုမွှေး
မောင်လေး
ဆေးသားတွေနဲ့ အရောင်ခြယ်
လောကကို လှောင်ရယ်ခဲ့တဲ့ ဗင်ဂိုး
ဘော်လ်တဲယားဆိုတဲ့ ပြင်သစ်က လူ့ ဂွစာ
ရှယ်လီရဲ့ကဗျာတွေနဲ့ .. တော်လ်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး
သမိုင်းသွေးဆိုတာ မခြောက်ဘူးကွယ့်
သွေးသားတင်တဲ့ ဆေးသားပြင်ပေါ်က
ငဒို့ သမိုင်း ဟောဒီ မီးမုန်တိုင်းကလည်း မငြိမ်းသေးဘူးကွယ့် …။

အဲသလို
အနုပညာစာပေ
ပန်းချီ၊ ဂီတတွေနဲ့ မိတ်ဆက်ပေးတတ်တဲ့မမနီ။

ဘ၀နဲ့ ရသ
သမိုင်းနဲ့ မှိုင်း
ရိုင်းရိုင်းယဉ်ယဉ် ခွဲခြားနှိုင်းယှဉ်
သင်ပြပေးခဲ့တဲ့ မမနီ …။

ကျုပ်ဆွဲတဲ့ စုတ်ချာချာ ပန်းချီကား
ဆေးသား ကြမ်းကြမ်းတွေထဲက
အဓိပ္ပါယ်အစအန ရှာဖွေ
နွေတွေကိုဖွဲ့သီတဲ့ နေရီလား
ဝေဒနာကိုဖွဲ့သီတဲ့ နရီလား
ဘာပဲဖြစ်ဖြစ် အားပေးတတ်တဲ့ မမနီ …။

အမှန်တရားကို ချစ်
ဘ၀ကို ချစ်
လောကကို ချစ်
ငြိမ်းချမ်းရေးကို ချစ်….တိုင်းပြည်ကို ချစ်
တပည့်တွေကို ချစ်တဲ့ ဆရာမ
အလှတရားနဲ့ ပန်းပျိုးသူ ဘ၀ရထားနဲ့ လမ်းဆိုးဟူသမျှ
ရှေ့ကကွယ်ကာ ချီတက်ရှာသူ
တပည့်ဟူသမျှ သူမရင်ဝယ်သား
သိပ်ရိုးသားတဲ့ မမနီ …။

အဖေက အမှန်တရားရဲ့ တပ်မှူး
စစ်ဘီလူးကို ဦးမညွတ်
အခွင့်အရေးနဲ့ မရူးသွပ်သူ
ဖုန်ထူထူ အဲဒီမြို့ကလေးမှာ
သူဟာ သက်ရှိထင်ရှား
လောကနတ် တပါးပေါ့ ….။

အဲဒီမျိုးဆက်က ရှင်သန်
လောကဓံကို မကြောက်
စစ်ကျွန်သဘောက်ကို ပျက်ရယ်ပြု
မတုန်မလှုပ် ကျောက်ရုပ်တု
အားငယ်မှုတွေ မရှိတဲ့ မမနီ ...။

မမနီရေ
မခြောက်တဲ့ သမိုင်းသွေး
မကြောက်တဲ့ လှိုင်းထွေးတွေ ဒီရေတက်လို့ 
ငဒို့ သမိုင်း မငြိမ်းတဲ့ မီးမုန်တိုင်းထဲမှာ
မမနီပျိုးတဲ့ ပန်းတွေ
ဆန်းဝေ ပွင့်ဖူး
ဦးမညွတ် ဒူးမထောက်
ထောင်လည်း မကြောက်
အောင်ပွဲရောက်တဲ့အထိ ချီတက်
ဒီမနက် ပွင့်မယ့်ပန်းလေးတွေ ထပ်ဆင့်ပျိုးလို့ ….။

(စစ်အာဏာရှင်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော မမနီနှင့် အကိုတို့ အတွက် …)

No comments: