Tuesday, October 30, 2007

သွေးစွန်းသော ၂၇
ကောင်းဆက်ငြိမ်းချမ်း
(ဧရာဝတီ ၀က်ဘ်ဆိုက်မှ ကူးယူ ဖော်ပြပါသည်)
စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီ မထိုးခင်မှာမြည်လာသည့် တယ်လီဖုန်းသံသည် ၀မ်းနည်းကြေကွဲ ဖွယ်ရာကောင်းသော သတင်းစကားများကို သယ်ဆောင်လာခဲ့လိမ့်မည်ဟု ကျနော်မထင်ခဲ့မိပေ။
တယ်လီဖုန်းမြည်သံကြောင့် အိပ်ရာကနေ လန့်နိုးလာခဲ့ရသည့် ကျနော် ဖုန်းခွက်ကိုမပြီးနားနား ကပ်လိုက်သည် ဆိုလျှင်ပဲ မိတ်ဆွေအမျိုးသမီးတဦး၏ ငိုသံကို ပထမဆုံးကြားလိုက်ရသည်။
“ငွေကြာယံမှာ ဘုန်းကြီးတွေကို ရက်ရက်စက်စက်လုပ်သွားတယ်။ သွေးကွက်ခဲတွေ၊ သွေးဖတ်တွေက မြင်မ ကောင်းဘူး၊ လူမဆန်တဲ့ ခွေးတိရစ္ဆာန်တွေ၊ ဘုန်းကြီးတွေကို ဒီလောက်ထိလုပ်တာ လွန်လွန်းတယ်၊ မင်းအမြန် လိုက်ခဲ့ငါတို့အခု ငွေကြာယံမှာ” ဟု ဆိုပြီး ငိုသံဗလုံးဗထွေးနှင့် သူမထံမှ ၀င်လာသော သတင်းဆိုးက ရောက် လာခဲ့သည်။
ဤကဲ့သို့သော သတင်းမျိုးဖြင့် နိုးထရသော နံနက်ခင်းသည် မည်မျှ မင်္ဂလာကင်းမဲ့၍ မည်မျှ ဆိုးဝါးလွန်းသည့် နံနက်ခင်းမျိုးဖြစ်ပါသလဲ။
တောင်ဥက္ကလာပမြို့နယ်ထဲမှ ငွေကြာယံကျောင်းတိုက်အနီးသို့ ရောက်သောအခါ နံနက် ၇ နာရီခွဲကျော်ပြီ။ ကျောင်းဝင်းထဲကို ၀င်ဝင်ခြင်းသတိထားလိုက်မိသည်က ကျိုးပဲ့ပျက်ဆီးနေသော ၀င်းတံခါးကြီး ပြီးနောက် ကျောင်းဝင်းအတွင်းက သွေးကွက်၊ သွေးခဲ၊ သွေးစက်များ၊ သွေးအိုင်ကြီး..။ ညှီစို့စို့အနံ့များနှင့် ငိုညည်းသံများ၊ မခံမရပ်နိုင်စွာ ပေါ်ထွက်လာသည့် တက်ခေါက်သံများက နံနက်ခင်းနှင့်မလိုက်ဖက်လှစွာ၊ အရုပ်ဆိုးအကျဉ်းတန် လှစွာ ဖြစ်ပေါ်နေသည်။
သွေးခဲ၊သွေးဖတ်များကို အစုလိုက်အပြုံလိုက်မြင်တွေ့ရသည့်အခါ “ဘယ်နေရာကိုများ ဒီလောက်ရိုက်လို့ ဒီသွေး ဖတ် တွေ ထွက်ကျလာရသလဲ” ဆိုသည့် စိတ်အတွေးက ကျနော့် အာရုံထဲတွင် သေနတ်ဒင်နှင့် သံဃာတော်များ ၏ ဦးခေါင်းကို ရိုက်ခွဲနေသည့် စစ်သားများ၏ မျက်နှာများကို မြင်ယောင်လာမိသည်။
မျက်ရည်တွေကလည်း မည်သို့ မည်ပုံစီးကျလာသည်မသိ၊ ကင်မရာကိုင်ထားသည့် လက်များကလည်းမငြိမ်၊ ၀မ်းနည်းသည့်စိတ်နှင့် ကျနော့် နှလုံးတွေတဖျပ်ဖျပ်ခုန်လာသည်။ သွေးကွက်များကိုကြည့်ရင်း မူးဝေလာကာ ပျို့အန်ချင်စိတ်ကလည်း လည်ဝမှာ တစ်စို့စို့။ ကျောင်းခန်းတွေထဲမှာ လည်း စစ်ဘီးလူးများ ဖျက်ဆီးထားခဲ့သော ပစ္စည်းများက ဖရိုဖရဲ၊ ဆင်းတုတော်တွေလည်း ပြိုပျက်၍ မကြည့်ရက်စရာ။
စစ်အစိုးရက စက်တင်ဘာ ၂၆ရက်နေ့ ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့တွင်းရှိ သံဃာ အများဆုံး သတင်းသုံး နေထိုင်ကြသော ကျောင်းတိုက်ကြီး ၆ တိုက်ကိုဝင်စီးခဲ့ပြီး သံဃာတော် အပါး ၄၀၀ကျော်ကို အကြမ်းဖက် ရိုက် နှက် ဖမ်းဆီးခဲ့သည်။ ငွေကြာယံကျောင်းမှလည်း သံဃာအပါး ၂၀၀ ကျော်နှင့်ကျောင်းတွင် လာရောက်တည်းခို နေသူများပါ မကျန်ပါသွားခဲ့သည်ဟု ကျောင်းတိုက်တွင်ကျန်ရစ်ခဲ့သော သံဃာများက ပြောပြသည်။
ငွေကြာယံကျောင်းတိုက်ကနေပြန်ထွက်လာသည့်အခါ နံနက် ၁၁နာရီကျော်ပြီ။ ဆူးလေနားရောက်ခါနီးမှ သတင်း တခု ထပ်ကြားလာရသည်။ သင်္ကန်းကျွန်း ကျိုက္ကဆံဘုရားဝန်းကျင်တွင် စစ်သားတွေက ဆန္ဒပြလူထုကို သေနတ်ဖြင့် ပစ်သည်၊ လူထုကလည်း တုတ်၊ ခဲတို့ဖြင့် ပြန်လည်ခုခံကာ ပြေးကြရသည်ဟု ကြားရသည်။ ဆူးလေဘက်လှည့်နေသော ကားခေါင်းကို သင်္ကန်းကျွန်းဆီသို့ ဦးတည်ခိုင်းရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းဆုံနားအရောက် သေနတ်သံတွေ ကြားရတော့ ကားသည် တုန့်ခနဲ ရပ်သွား၏။
“ကျနော် ဆက်လိုက်မပို့နိုင်တော့ဘူး၊ ကားခကို ပေးချင်သလောက်ပဲ ပေးပါ”ဟု အသက် ၂၆ နှစ်ခန့်ရှိ ကားဆရာ က ပြောပြောဆိုဆိုနှင့်ပင် ကားကို လမ်းဘေးဘက်ထိုးချကာ ရပ်ပစ်လိုက်သည်။
ကားပေါ်က ဆင်းပြီး ကျိုက္ကဆံဘုရားအနီးကို လမ်းလျှောက်သည့်အခါ လူအများစုရုံးစုရုံးနှင့် တွေ့ရသည်။ ဒေါသတကြီး ဆဲဆိုလာသူတွေကိုလည်း တွေ့ရသည်။
ငိုရင်းပြေးလာသော အမျိုးသမီးတဦးက “အဲဒီဘက်ကိုမသွားကြပါနဲ့ ဟိုမှာ လူတွေသတ်နေတယ်”ဟု ပြောသည်။
ရတနာလမ်းဆုံနားကနေ ပြေးလာသော လူတွေက ထိတ်ထိတ်ပြာပြာတွေချည်း။ အသက် ၁၆ နှစ် အရွယ်ကနေ အသက် ၅၀ ကျော်အရွယ်ထိ အရွယ်စုံပါသည်။ ဈေးသည်များ၊ အဖြူအစိမ်းဝတ်ကျောင်းသားလေးများနှင့် ကလေး အမေများ စသဖြင့် အရွယ်စုံသည်။
ထိုအချိန်တွင်ပင် သေနတ်သံလေးချက်ဆက်တိုက်ကြားရသည်။ အော်ဟစ်သံများ။ ပြေးလာသည့် လူများကို ဓာတ်ပုံရိုက်ယူရန် ကြိုးစားဆဲ ဘေးတွင် အဖော်အဖြစ်လိုက်ပါလာသော သူငယ်ချင်းက ကင်မရာကိုင်ထားသည့် ညာလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဆွဲပြေးသည်။ လမ်းမ၏ ညာဘက်ကို ပြေးကပ်လိုက်ရင်း လက်ဖက် ရည်ဆိုင်ထဲဝင်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုစဉ် အတူပြေးလာသော သူငယ်ချင်း၏ လက်ကိုင်ဖုန်းကမြည်လာ သည်။
ဆူးလေတွင် လူစုမိနေပြီဟု သိရသည်။ အချိန်က ၁၂နာရီ ကျော်ပြီ။ သူငယ်ချင်းနှင့်အတူ အငှားကားတစင်းပေါ် ပြေးတက်ရင်း ဆူးလေကို ဟုပြောရာ ကားဆရာက ဆူးလေဆိုရင် ပို့မပေးနိုင်ပါဟု ငြင်းသည်။ ဒါဆို ဆူးလေထိ မပို့ပါနဲ့ သမတ ရုပ်ရှင်ရုံရှေ့ထိ ပို့ရင်ရပါတယ် ဟု ပြောပြီး ကားပေါ်ကို ဇွတ်အတင်း တက်ဝင်ထိုင်ရသည်။ ကား ဆရာက ညည်းညည်းညူညူနှင့် ကားစက်နှိုးကာ ကားကိုဆောင့်ထွက်လာသည်။
သမတရုပ်ရှင်ရုံရှေ့ ကားရပ်ပြီး ကားပေါ်ကဆင်းဆင်းခြင်းမှာပင် သူငယ်ချင်းက ဆူးလေဘုရားလမ်းမကြီးပေါ်သို့ ပြေးတက်သည်။ ထို့နောက် ဆူးလေဘုရားလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးဆုံရာ မီးပွိုင့်အနီးတွင် ရပ်နေသော လူအုပ်ထဲသို့ ပြေးဝင်သွားသည်။ လူအုပ်က လူဦးရေ စုစုပေါင်း ၇၀၀ ကျော်ကနေ ၁၀၀၀ ၀န်းကျင်ခန့် ရှိမည်ထင် သည်။ ထိုနေရာတွင် ကင်မရာတွေကိုင်ထားသော ပြည်တွင်းပြည်ပသတင်းထောက်များကိုလည်း စုံစုံလင်လင် တွေ့ မြင်ရသည်။ သတင်းထောက်များသည် လူအုပ်၏ ရှေ့မှာ ဘေးမှာ သူ့အစုနှင့်သူ။
လူအုပ်ကြီးက တဖြည်းဖြည်းနှင့် ဆူးလေဘုရားဆီသို့ ဦးတည်ချီတက်နေသည်။ ဆူးလေဘုရားရှေ့နှင့် ဘေးပတ် ပတ်လည်မှာ တပ်မ ၇၇ က စစ်သားများရှိသည်။ မျက်နှာနီရဲရဲနှင့်စစ်သားများက သေနတ်များကို လူအုပ်ဆီ ချိန်ရွယ်ထားသည်။
ခဏအကြာ ပစ်ပြီပြေးဟေ့ဆိုသည့်အသံနှင့် လူအုပ်ကြီးဗိုလ်ချုပ်လမ်းဘက်သို့ ပြိုဆင်းလာသည်။ ပြေးရင်းနှင့်ပင် အတူလာကြသည့်သူငယ်ချင်းကို လူကြားထဲရှာကြည့်ရာမတွေ့တော့။ သေနတ်သံများက ဆက်တိုက်ဆက်တိုက် ထွက်လာသည်။ ပြေးရင်းနှင့် ဖိနပ်တဘက်ကျွတ်ကျန်ခဲ့သည်။ ဆာကူရာတာဝါကိုဖြတ်ပြီး ပန်းဆိုးတန်း ခုံးတံတားဘက်ဆီသို့ ပြေးလာသည်။ ၃၅ လမ်းထိပ်အရောက် လမ်းထဲသို့ ချိုးဝင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ၃၅ လမ်းထိပ်တွင် လူတွေစုမိပြန်သည်။ နာရီကိုသတိရ၍ ကြည့်လိုက်ရာ လက်တွင် နာရီမရှိ၊ ပြေးရင်းလွှားရင်းမည်သည့်နေရာတွင် ကျန်ခဲ့သလဲမသိ။
သူငယ်ချင်းဆီကို လှမ်းဖုန်းဆက်သည့်အခါ သူ့မျက်စိရှေ့နားမှာတင် မည်သူမှန်းမသိသော နိုင်ငံခြားသား သတင်းထောက် တဦးထိပြီး လဲကျသွားသည်ဟု ပြောသည်။ ထိုနေရာတွင်ပင် သေနတ်မှန်လဲကျသူများ၊ လုံထိန်း များ လိုက်ရိုက်၍ ပြေးရသူများ ၊ အဖမ်းခံရသူများမှာ အယောက် ၃၀ ကျော်ခန့် ရှိသည်။ သူငယ်ချင်း၏ ခေါင်းတွင် လည်း အရိုက်ခံရ၍ ခေါင်းပေါက်သွားသည်ဟု သိရသည်။ လူက လုံထိန်းလက်ကနေ အတင်းထွက်ပြေး ပြီး ဆိုင် တဆိုင်ထဲ ၀င်ပုန်းနေသည့်အတွက် လွတ်သွားခဲ့သည်ဟု သူငယ်ချင်းက ပြောသည်။
သူငယ်ချင်းအတွက်စိတ်ပူနေဆဲ အထက်ပန်းဆိုးတန်းကနေ ခွပ်ဒေါင်းအလံကိုင်ထားသည့် ကျောင်းသား တွေ တက်လာပြီဆိုသည်ကို ကြားရသည်။ ပန်းဆိုးတန်းနှင့်အနော်ရထာလမ်းဆုံသို့ထွက်လိုက်တော့ လူက ပြန်ပြီး စုမိနေသည်ကို တွေ့ရသည်။ လူအုပ်က ၃၀၀ ထက်မနည်း၊ ခွပ်ဒေါင်းအလံကိုင်ပြီးအထက်ပန်းဆိုးတန်း ကနေ ကြွေးကျော် တက်လာသူတွေကိုလည်း မျက်စိတဆုံးမြင်ရသည်။ ကျောင်းသားအရွယ်တွေများသည်၊ အသက် ၂၀ ၀န်းကျင်အရွယ်တွေက ဦးဆောင်ပြီး ချီတက်လာကြခြင်းဖြစ်သည်။
စောစောတုန်းက ကြောက်စိတ်တွေ ဘယ်ရောက်ကုန်သည်မသိ။
“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး…
ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ မိုးကြိုး ပစ်ပါစေ…
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တို့အရေး…
ဖမ်းဆီးသံဃာတွေကို လွှတ်ပေးရေး တို့အရေး…
လူအုပ်ကြီးက ကြွေးကြော်သံတွေကို ကြွေးကြော်ရင်း ချီတက်လာကြသည်။
ပန်းဆိုးတန်းခုံးတံတားပေါ် တက်လိုက်ဆင်းလိုက်နှင့် ကြွေးကြော်နေကြသော လူထုက အနော်ရထာလမ်းပေါ်သို့ ရောက်လာပြန်သည်။ အထက်ပန်းဆိုးတန်းဘက်ကနေ စစ်ကားတွေ တက်လာနေပြီဟုလည်း ကြားရသည်။ ရှေ့ဆုံးတွင်နေရာယူထားကြသော ကျောင်းသားများက အထက်ပန်းဆိုးတန်းဘက်သို့တက်ရန် ပန်းဆိုးတန်းခုံး တံတားကြီးပေါ်သို့ ဦးတည်ချီတက်နေသည်။ လူထုကလည်း နောက်မှကြွေးကြော်သံများနှင့် တက်လာကြသည်။
ထိုအချိန်မှာပင် ကျနော်နှင့် လေးငါးကိုက်အကွာမှ အလံကိုင်ပြီး ကြွေးကြော်နေသော အင်္ကျီအဖြူရောင်ဝတ်ထား သည့် အသက် အစိတ်ဝန်းကျင်အရွယ် အမျိုးသားတဦး၏ ဦးခေါင်းဖွာခနဲ ပွင့်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ချက်ခြင်းပင် “ပစ်တယ်ဟေ့ အပေါ်ကနေ လှမ်းပစ်နေတယ်” ဟု အသံကြားရပြီး လူအုပ်ကြီးသည် ခုံးတံတား အောက်ခြေသို့ ပြေးဆင်းလာကြသည်။
သေနတ်သံမကြားရဘဲ ထိုသို့ အမျိုးသားတဦး ဦးခေါင်းပွင့်သွားသော မြင်ကွင်းသည် ကျနော့်မျက်စိထဲကနေ မထွက်တော့။ အပေါ်ကနေ ပစ်တာ ပြေးပြေးဆိုသည့် အသံများကြားရပြီး ပြေးလာသည်မှာ ၃၈လမ်း ထိပ် အထိရောက်လာသည်။
ခုနတုန်းက သေနတ်ထိသွားသူ၏ ရင်ဘတ်တွင် အန်အယ်လ်ဒီ ရင်ထိုးတံဆိပ်လေးထိုးထားသည်ကို ပြန်မြင် ယောင်လာသည်။ အသားညိုညိုနှင့် အညာသားပုံပေါက်နေသော ထိုအမျိုးသားမှာ အန်အယ်လ်ဒီ လူငယ် ကိုသက်နိုင်ဆိုသည်ကို မှတ်မိနေသည်။ သူသည် ရန်ကုန်မှ မဟုတ်၊ နယ်ကနေ ကိုယ့်စရိတ်နှင့်ကိုယ် ရန်ကုန်ထိ လာပြီး ဒီမိုကရေစီရေးလှုပ်ရှားနေသော လူငယ်တဦး ဖြစ်သည်။ သူ၏မျှော်လင့်ချက်သည် ဒီမိုကရေစီရရှိရေးဖြစ် သည်။ သူသည် ဒေါ်အောင်းဆန်စုကြည်ကို လေးစားကြည်ညိုသူ တယောက်ဖြစ်သကဲ့သို့ လူထုအတွက် ဘာမဆို စွန့်ဝံ့သူ ဖြစ်သည်ဟုလည်း သိထားသည်။
ခွပ်ဒေါင်းအလံကို ရှေ့ကနေ မတ်မတ်ကိုင်ရင်း အားနှင့်မာန်နှင့်ကြွေးကြော်နေခဲ့သော သူ့ဟန်ပန်သည် ကျနော့် မျက်ဝန်းထဲမှ ပျောက်မသွား။ သူသည် အထပ်မြင့်အဆောက်အဦးတခုကနေ အသေအချာချိန်ပစ်လိုက်သော စနိုက်ပါ လက်ဖြောင့်တပ်သား တဦး၏ လက်ချက်ဖြင့် အများအတွက် အသက်စွန့်သွားခဲ့ရပြီ။
သူ့ကို သေနတ် ထိမှန်ခဲ့ပုံကို မျက်စိထဲကနေ ဖျောက်မရခဲ့။ နိုင်ငံခြားသား သတင်းထောက်တယောက် ကိုလည်း သေနတ်နှင့် တေ့၍ ပစ်သတ်ခဲ့သည်ကို မြင်ခဲ့ရသည်ဟု သူငယ်ချင်းက ပြောသည်။ နောက်ပိုင်းတွင် ဂျပန်လူမျိုး ဓာတ်ပုံ သတင်းထောက်ဟု သိရသည်။
“အလံကိုင်တဲ့သူ ရယ်၊ လူထုရှေ့ကနေ အော်လံကိုင်ပြီး ကြွေးကြော်သံတိုင်တဲ့သူရယ်၊ ပြီးတော့ ကင်မရာ ကိုင်တဲ့ သူ ဘယ်သူ့ကိုမဆို ပစ်မိန့်ပေးထားတယ်” ဟုလည်း သူငယ်ချင်းတယောက်စီကနေ ကြားရသည်။
သူငယ်ချင်းဆီကို ဖုန်းနှင့် ဆက်သွယ်သည့်အခါ ၄၅ လမ်းထိပ် မာကြူရီ လက်ဖက်ရည်ဆိုင်တွင်ရှိနေသည်ဟု သိရသည်။ သူ့အတွက် စိတ်အေးသွားပြီး လူစုနှင့်အတူ လမ်း၄၀ ကနေ ၃၇ လမ်းဘက်ကို ပြန်တက်သည်။ ၃၇ လမ်းဘက်ကနေ ပြန်ပြေးဆင်းလာသူ တွေက စစ်ကားတွေ ပန်းဆိုးတန်းထိပ်ရောက်နေပြီ ပစ်နေပြီ မသွားနဲ့ တော့ ဟု သတိပေးတားမြစ်ကြသည်။
ပန်းဆိုးတန်းထိပ်မှ သေနတ်သံတွေ ဆက်တိုက်ကြားရပြန်သည်။ ကျောင်းသားပြည်သူ ဘယ်နှစ်ယောက်ကိုများ သတ်ပြန်ပြီလဲမသိ။ လူအုပ်ကြီးက လမ်း ၄၀ ဘက်ကို ပြေးလာကြပြန်သည်။
ပြေးရင်းလွှားရင်း ဘေးကလူတယောက်ကို “ခုနတုန်းက ထိသွားတဲ့အမျိုးသားရဲ့အလောင်းရှိသေးလား”ဆိုတော့ “စောစောကတင် စစ်သား ၄ ယောက် လာကောက်သွားတယ်လို့ပြောသံကြားရတယ်” ဟု ဖြေသည်။
မာကြူရီလက်ဖက်ရည်ဆိုင်ထဲရောက်သောအခါ သူငယ်ချင်းနှင့်အတူ အခြားသူ သုံးဦးကိုလည်း တွေ့ရသည်။ စောစောက အဖြစ်အပျက်အကြောင်းပြန်ပြောပြသည့်အခါ သူငယ်ချင်းက တက်ခေါက်သည်။ ခဏအကြာ တီရှပ် အနက်ရောင် ၀တ်ထားသည့် လူငယ် နှစ်ယောက်ဆိုင်ထဲဝင်လာကာ တာမွေမှာလည်း ကျောင်းသားတွေကို ပစ်နေကြောင်း၊ စစ်ကားတွေနှင့် လိုက်တိုက်ကြောင်းသူတို့က ပြောပြသည်။
“တော်တော်ထိတယ်လို့ပြောတယ်၊ ကျောင်းသားတွေရော ၊ သံဃာတွေလည်းပါတယ်”ဟု သူက ပြောပြသည်။ အားလုံး စိတ်ထဲမှာမကောင်းကြ၊ အားလုံးစစ်အစိုးရအပေါ် ရွံမုန်းသည့် အရိပ်အယောင်များကို သူတို့မျက်နှာများ တွင် မြင်တွေ့နေရသည်။
အမြန်လူစုခွဲကာ အိမ်ပြန်ကြရန်၊ မိနစ် ၃၀ အတွင်း လူစုခွဲရန် စစ်သားများက လော်စပီကာနှင့်လိုက်အော်နေသံ ကိုကြားလာရသည်။ သို့သော်လည်း တော်တော်နှင့် လူစုမကွဲ။ လူတွေက လမ်းမတွေပေါ်မှာ အစုလိုက်အစုလိုက် အော်ဟစ် ကြွေးကြော် နေကြသည်။ ပြောင်ပြောင်တင်းတင်းပင် စစ်အစိုးရကို အာခံကြောင်း ပြသနေကြသည်။ သို့သော် သေနတ်သံကြားလိုက် ပြေးလိုက်၊ ပြန်အော်ဟစ်လိုက်နှင့်ပင် ညနေ ၄ နာရီထိုးခဲ့ပြီ။
၄၂ လမ်းဘက်ကနေ လာသော သူငယ်ချင်းတဦးက အနော်ရထာလမ်းဘက်ကလာသည့် စတီးထမင်းချိုင့် ကိုယ်စီနှင့် ရုံးဝန်ထမ်းဖြစ်ဟန်တူသော အမျိုးသမီးလေးဦး ပန်းဆိုးတန်းခုံးတံတားပေါ်မှာ ပါးရိုက်ခံရ ကြောင်းပြော သည်။ ဘာကြောင့် ဤကဲ့သို့ အပစ်မဲ့သူတွေကို နှိပ်စက် အကြမ်းဖက်ရသည်လဲ။ မြို့ထဲတွင် ဘတ်စ်ကားအသွား အလာနည်းသွားသည့်အတွက် ထိုအမျိုးသမီးများခမျာ ရထားစီးပြီးပြန်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဘူတာရုံသို့ အသွား ပန်းဆိုးတန်းခုံးတံတားပေါ်အဖြတ်တွင် အရိုက်ခံလိုက်ရခြင်းဖြစ်ဟန်တူသည်။
လမ်း ၄၀ ထိပ်တွင်လည်း စစ်သားများနှင့် လုံထိန်းများပါ ရောက်နေပြီး အိမ်တွေထဲ ပြေးဝင်သွားသူများကို လိုက်လံရှာဖွေနေကြောင်း လမ်း ၄၀ မှ ပြေးလာရသူ တယောက်က လာပြောသည်
ထိုအချိန်တွင်ပင် တာမွေမှ အပစ်ခံ ကျောင်းသားများ၏ သွေးများကို ရေနဲ့ ဆေးနေပြီဆိုသော သတင်းက ဖုန်းလိုင်းများမှတဆင့် ကျနော့်ဆီရောက်လာသည်။ ကျနော်တို့ လူစုခွဲကြတော့ ညနေ ၅နာရီ နှင့် ၁၅ မိနစ်ပင် ကျော်ပြီ။
အိမ်ပြန်ရောက်တော့ ၆နာရီနှင့် ၁၀ မိနစ်တိတိ။
ခဏအကြာ၌ ကျနော်တို့အိမ်တွင် လူစုံပြန်ရောက်နေပြီ။ သို့သော် လမ်းမများပေါ်တွင် သားပျောက်မိခင်များ၏ သောကပင်လယ်ဝေနေပုံများကို ကြားနေရပြန်သည်။
“ကျမသားလေးးကို တွေ့မိလား၊ ခုထိ အိမ်ပြန်ရောက်မလာသေးလို့ ၊ လုပ်ကြပါဦး ရှာပေးကြပါဦး” ဆိုသည့် မိခင်များ၏ သားဇောနှင့် သောက အသံများ။
“ကျနော့်ညီလေးကို တွေ့မိလား၊ မနက်ကတည်းက အိမ်ကနေ ကျောင်းကိုသွားတာ ပြန်မရောက်သေးဘူး” ဆိုသော အသံများ။
ထိုထိုသော သောက ပင်လယ်ဝေသူများ၏ အသံများက တာမွေ၊ သင်္ကန်းကျွန်း တ၀ိုက်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေခင်းပိုင်းက ပဲ့တင်ထပ်နေခဲ့ပါသည်။

No comments: