ဒေါက်တာလွဏ်းဆွေ
(ယခုလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားပါသည်)
မိုးနဲ့နသိုး အစိုးမရဆိုသလို နောက်ထပ် အစိုးမရတဲ့အထဲမှာ လူထုအုံကြွမှုဆိုတဲ့အရာလည်း ထိပ်ဆုံးက ပါမယ် ထင်မိရဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူထုအုံကြွမှုဆိုတာမျိုးက ဖြစ်ဟဲ့ ဖြစ်ဟဲ့ဆိုပြီး ယူဂျီတွေလွှတ်ပြီး အတင်းလုပ် ယူခိုင်းလို့ မရသလို မဖြစ်နဲ့ မဖြစ်နဲ့ဆိုပြီး အာဏာယူထားသူတွေဘက်က အတင်းအဓမ္မ ကျားကန်တားဆီးလို့ လည်း ရနိုင်တဲ့အရာ မဟုတ်လို့ပါပဲ။ ခပ်ဆင်ဆင် ဥပမာပေးရမယ်ဆိုရင်တော့ ဆူးစူးပြီး ပြည်တည်နာဖြစ်တဲ့အခါ ပြည်ပေါက်သလိုမျိုးလို့ ပြောရမယ်ထင်ပါတယ်။ တိုင်းပြည်တပြည်အတွက် အာဏာကို မတရားတဲ့နည်းနဲ့ လုယူခံ ရတာဟာ လူ့ကိုယ်မှာ ဆူးစူးခံသလိုမျိုးပါပဲ။
သေးသေးစူးရင် အနည်းဆုံးတော့ နေရထိုင်ရတာ ကသိကအောက်ဖြစ်မယ်။ ကြီးကြီးစူးရင်တော့ နာတာကို ကြိတ် မှိတ်သည်းခံရင်ခံ၊ မခံနိုင်ရင်တော့ အော်ဟစ်ညည်းတွား နေရမှာပဲ။ ဆူးကြီးကြီးစူးမိပြီး ကံမကောင်းလို့ ပိုးဝင်ရင် တော့ အနာက ရင်းလာမယ်။ ပြည်တည်လာမယ်။ ခံစားရသူအနေနဲ့လည်း မြန်မြန်ပျောက်ချင်ဇောနဲ့ မရင့်မှည့်ခင် အနာကို ညှစ်မိတာမျိုးရှိမယ်။ မရင့်မှည့်ခင် ညှစ်မိတဲ့အခါကျတော့ ပြည်နည်းနည်း ထွက်ချင်ထွက်သွားမယ်။ ဒါပေ မယ့် နာကျင်မှုကို ပိုခံစားရတယ်။ အရှင်းလည်း သက်သာမသွားဘူး။ နာမြဲ နာဆဲပဲ။ ပိုလည်း ရင်းချင်ရင်းလာမယ်။ အဲဒါကြောင့် ပြည်တွေတဖြည်းဖြည်းစုပြီး ရင့်မှည့်လာတဲ့အခါကျမှပဲ အနာကိုညှစ်တော့မယ်လို့ စိတ်ကူးပြန်တယ်။ ဒါပေမယ့် ရင့်မှည့်တဲ့အခါကျတော့ သေသေချာချာ ညှစ်ထုတ်မယ်လို့ စဉ်းစားတုန်းမှာပဲ (ကိုယ်မထင်မှတ်တဲ့အ ချိန်မှာ တင်းအားတစုံတရာကြောင့်) ပြည်တွေ ဗွမ်းကနဲ ပေါက်ထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။
လူထုအုံကြွမှုဆိုတာက အဲသလိုမျိုး ခပ်ဆင်ဆင်ပါ။ ရင်မှည့်အောင် စောင့်ရတာမျိုးပါ။ ဒါပေမယ့် ရင့်မှည့် လာတဲ့ အခါကျရင်လည်း မထင်မှတ်တဲ့ အကြောင်းတရားနဲ့ ၀ုန်းဆို ပေါက်ကွဲကြီးထွားတတ်တာမျိုးပါ။ ရင်မှည့်စေတဲ့ အ ရင်းခံ အကြောင်းတရားတွေကတော့ အများကြီးပေါ့။ ၈၈-အရေးတော်ပုံတုန်းကဆိုရင် အာအိုင်တီကျောင်းသား ကိုဘုန်းမော်သေဆုံးတဲ့ အရေးအခင်းဟာ လူထုအုံကြွမှုကို တမဟုတ်ချင်းကြီးထွားစေတဲ့ တင်းမာမှုဖြစ်ခဲ့ပြီး အခု လောလောဆယ် ဖြစ်ပွားနေတဲ့ အရေးတော်ပုံမှာတော့ ပခုက္ကူသံဃာတော်တွေ ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး အ ရိုက်ခံရတဲ့ အရေးအခင်းဟာ လူထုအုံကြွမှုကို တမဟုတ်ချင်း ကြီးထွားစေတဲ့ တင်းမာမှုဖြစ်ခဲ့တာကို တွေ့ရပါ တယ်။
၆၂ခုနှစ်မှာ ဗိုလ်နေ၀င်း အာဏာသိမ်းတယ်။ သိမ်းပြီးပြီးချင်းပဲ တိုင်းပြည်အတွက် ဆူးကြီးကြီး စူးပြီဆိုတာ လူ တိုင်းသိတာပဲ။ ဒါ မဖြစ်သင့်ဘူး၊ တိုင်းပြည်အတွက် မကောင်းဘူး၊ နိုင်ငံတော်အာဏာကို ဒီလိုဖြတ်လမ်းနည်းနဲ့ယူ တာ မတရားဘူးဆိုတာကို ပြည်သူအားလုံး သိခဲ့တာပါပဲ။ သိတဲ့အလျောက် တိုင်းပြည်အတွက် ပေးဆပ်ရဲ၊ စွန့် လွှတ်စွန့်စားရဲတဲ့ တက္ကသိုလ်ကျောင်းသားတွေက အာဏာသိမ်းပြီး မကြာခင်မှာ ဗိုလ်နေ၀င်းစစ်အုပ်စုကို စပြီးက လန်တာပါပဲ။ ဒါပေမယ့် လူထုပါမလာနိုင်သေးတဲ့ အချိန်ဖြစ်နေတာကြောင့် ကျောင်းသားတွေ ရက်ရက်စက်စက် အနှိပ်ကွပ်ခံ လိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း မိုင်းခွဲဖြိုဖျက်ခံလိုက်ရတယ်။
စစ်အုပ်စုကိုဆန့်ကျင်တဲ့ အဲဒီ ဆဲဗင်းဂျူလိုင်အရေးအခင်း ပြီးတဲ့နောက် ၁၉၇၄ မေ-ဇွန်မှာ အလုပ်သမားအရေးအ ခင်း၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပန အရေးအခင်း၊ ၁၉၇၅ ဇွန်လမှာ ရွှေတိဂုံအရေးအခင်း၊ ၁၉၇၆ မတ်လမှာ သခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်း(မှိုင်းရာပြည့်)တွေ ဆက်ဖြစ်ခဲ့ပါတယ်။ အဲဒီအရေးအခင်းတွေမှာလည်း လူထုမပါဝင်နိုင်သေးတဲ့အတွက် ဗိုလ်နေ၀င်းစစ်အုပ်စု ပြုတ်မကျသွားဘဲ အလုပ်သမားတွေ၊ ကျောင်းသားတွေ ရက်ရက်စက်စက် ထပ်မံအနှိပ်ကွပ်ခံခဲ့ရတယ်။ ဘုန်းမော်အရေးအခင်း ဖြစ်တဲ့အချိန်မှာတော့ လူထုအုံကြွမှုဖြစ်စေ မယ့် အကြောင်းတရားတွေက တာစူနေပြီဖြစ်ပါတယ်။ ဘုန်းမော်အရေးအခင်း မတိုင်ခင်လေးမှာတင် ၇၅ကျပ် တန်၊ ၃၅ကျပ်တန်တွေ သိမ်းလိုက်တဲ့ ငွေစက္ကူအရေးအခင်းက ဖြစ်ခဲ့တယ်။ ၂၆နှစ်လုံးလုံး ခံစားလာရတဲ့ အထွေ ထွေ လူမှုအကျပ်အတည်းတွေ အဖိနှိပ်ခံခဲ့ရတာတွေရယ်၊ အဲဒီငွေစက္ကူအသိမ်းခံရတဲ့ အမျက်ဒေါသတွေရယ်၊ ကျောင်းသားကိုဘုန်းမော် သေဆုံးရတဲ့ ကြေကွဲမှုဒေါသတွေရယ်ပေါင်းစုံပြီး ၈၈လူထုအုံကြွမှုကြီး ပေါက်ကွဲဖြစ်ပေါ် လာတော့တာပါပဲ။ ၂၆နှစ်တာ ကာလတလျှောက်လုံး ကျောင်းသားတွေ အနာခံ လှုံ့ဆော်ပေးဆပ်ခဲ့တာကလည်း တော်လှန်ရေးရင့်မှည့်လာစေတဲ့ အဓိက အကြောင်းတရား ဖြစ်ပါတယ်။
အခုလောလောဆယ် ဖြစ်ပွားနေတဲ့ လူထုအုံကြွမှုမှာတော့ ၈၈ဖြစ်စဉ်နဲ့ တူတာမျိုးတွေ တွေ့ရသလို မတူ တာ တွေလည်း တွေ့ရပါတယ်။ လူထုအုံကြွမှုဖြစ်လုဖြစ်ခင် အကြောင်းတရားတွေက ပိုဆင်တယ်လို့ ပြောလို့ရမယ် ထင်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းအရေးအခင်းအပြီး အထိန်းသိမ်းခံရစဉ်မှာ ၈၈-မျိုးဆက်ကျောင်းသားတွေနဲ့ လက်ရှိတက္ကသိုလ်ကျောင်းသား မျိုးဆက်သစ်တွေလက်တွဲပြီး အထွေထွေအကြပ်အ တည်းနဲ့ တွေ့ကြုံခံစားနေရတဲ့ ပြည်သူလူထုကို နိုင်ငံရေးတိုက်ပွဲထဲ ပါဝင်ရဲလာအောင် တဖြေးဖြေး စည်းရုံးလှုံ ဆော်နိုင်ခဲ့တယ်။ ပြည်သူတွေ ဒီမိုကရေစီအရေးထဲ တစတစ ပါဝင်လာပြီး အထွေထွေမကျေနပ်မှုတွေ ပိုပိုကြီး ထွားနေချိန်မှာပဲ နအဖစစ်အုပ်စုက လောင်စာဆီဈေးကို အဆမတန်မြှင့်လိုက်တဲ့အခါ ၈၈မတိုင်ခင်တုန်းက ငွေ စက္ကူအသိမ်းခံလိုက်ရတဲ့ ဒေါသမျိုး ပြည်သူတွေဆီက ပေါက်ကွဲထွက်လာပါတော့တယ်။
အဲဒီအချိန်မှာ ပြည်သူတွေ အကျပ်အတည်းဖြစ်တာကို စာနာနားလည်တဲ့ သံဃာတော်တွေက ပခုက္ကူမှာ ငြိမ်းချမ်း စွာ မေတ္တာပို့ စီတန်းလမ်းလျောက်တယ်။ အဲဒါကို နအဖလက်ကိုင်တုတ်တွေက အကြမ်းဖက်နှိမ်နင်းတယ်။ သံ ဃာတော်တွေကို ကြိုးကွင်းစွပ်ဖမ်းပြီး ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်တယ်။ အဲဒီသတင်းကို တတိုင်းပြည်လုံးက သံ ဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေလည်းကြားရော အခုလို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒပြ သပိတ်မှောက်တဲ့ လူထုအုံကြွမှုကြီး ဖြစ်လာတော့တာပါပဲ။ ဒါပေမယ့် လူထုအုံကြွမှုကို ဦးတည်စေခဲ့တဲ့ အ ကြောင်းတရားတွေကလည်း ၈၈တုန်းကလို ဒုနဲ့ဒေးပါ။
န၀တ၊ နအဖစစ်အုပ်စုဟာ ဗိုလ်နေ၀င်းထက်ဆိုးတဲ့ စစ်အာဏရှင်စနစ်နဲ့ တိုင်းပြည်ကို ဆက်ပြီးဖိနှိပ်အုပ်ချုပ် တယ်။ ၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်မပေးဘဲ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကြီးရဲ့ ဆန္ဒ တွေကို လျစ်လျူရှုတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ နှစ်ရှည်လများ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ နိုင်ငံရေးလုပ်ဆောင်သူတွေကို အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ချတယ်။ နိုဗယ်အရေး အခင်း၊ ၉၆-ကျောင်းသားအရေးအခင်း၊ ဒီပဲယင်းအရေးအခင်းတွေမှာ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တယ်။ ပြည်သူလူထုအတွင်းမှာလည်း အထွေထွေအကျပ်အ တည်းတွေကို တနေ့တခြား ကြီးထွားလာစေတယ်။ အဲဒါတွေဟာ ဒီကနေ့လူထုအုံကြွမှုကို ဖြစ်ပေါ်စေတဲ့ အရင်း ခံအကြောင်းတရားတွေပဲဖြစ်တယ်။
၈၈-လူထုအုံကြွမှုတုန်းကတော့ အရေးအခင်း အရှိန်မြင့်နေပြီး အီမသွားခင်မှာ အတိုက်အခံတွေစုပေါင်းပြီး ကြား ဖြတ်အစိုးရ (သို့) စင်ပြိုင်အစိုးရတရပ်ကို လက်ဦးမှုရအောင် မဖွဲ့စည်းဘဲ အာဏာစက်မရှိတော့တဲ့ မဆလအစိုးရ ဆီမှာ ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ တောင်းဆိုရင်း အချိန်ကုန်သွားခဲ့တယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုက ပွဲအီနေတဲ့ အ ခြေအနေက လွန်မြောက်အောင် နိုင်ငံရေး step တခုကို မြှင့်လိုက်ပြန်တော့လည်း ဂိုဏ်းဂဏစိတ်တွေ ရှေ့တန်း တင်ပြီး တညီတညွတ်ထောက်ခံမှု မပြုခဲ့တဲ့အတွက် အောင်ပွဲမရဘဲ စစ်တပ်က အာဏာသိမ်းတာကို ခံလိုက်ရ တယ်။ တကယ်ဆိုရင် အဲဒီတုန်းက ဦးနုအစိုးရကိုပဲ ၀ိုင်းထောက်ခံထောက်ခံ၊ အတိုက်အခံတွေစုပေါင်းပြီး အစိုးရ ဖွဲ့တာကိုပဲလုပ်လုပ် တခုခုကို လက်ဦးမှုရှိရှိ တညီတညွတ်တည်း လုပ်နိုင်ခဲ့ရင် မဆလအစိုးရပြုတ်ကျပြီး အောင်ပွဲ ခံမှာ သေချာပေါက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မဆလအစိုးရ အာဏာစက်ပြိုလဲနေတဲ့အချိန်မှာ လက်ဦးမှုယူပြီး ကြေညာတဲ့ အစိုးရအဖွဲ့ကို ပြည်သူလူထုအားလုံးကရော နိုင်ငံတကာကပါ ၀ိုင်းထောက်ခံရင် စစ်တပ်က အာဏာ သိမ်းရဲမှာ မဟုတ်လို့ပါဘဲ။
အခုလည်း အဲဒီလိုအခြေအနေမျိုး ဆိုက်လာပြန်ပါပြီ။ သံဃာတွေလည်း ရက်ဆက်ဆန္ဒပြလို့ အဖမ်းခံရသူခံ ရ သေသူသေ၊ ကျောင်းသားပြည်သူတွေလည်း သံဃာတော်တွေနောက် တခဲနက်လိုက်ပါဆန္ဒပြလို့ ပန်းသူပန်း၊ သေသူသေ၊ အဖမ်းခံရသူခံရ ဖြစ်နေချိန်မှာ နိုင်ငံရေးအရ မန်းဒိတ်ရှိတဲ့ အန်အယ်လ်ဒီစီအီးစီတွေရော လွှတ်တော် ကိုယ်စားလှယ်တွေပါ ရှေ့ကထွက်ပြီး ဦးဆောင်မယ့်၊ ပွဲသိမ်းကွက်ကို ဖန်တီးမယ့် အရိပ်အယောင် လုံးဝမတွေ့ရ သေးတာ ၀မ်းနည်းစရာပါပဲ။ မန်းဒိတ်ရှိသူတွေထဲက ဘယ်သူရှေ့ထွက်လာပြီး ဦးဆောင်မလဲဆိုတာကို သံဃာ တော်တွေကရော ပြည်သူတွေကပါ လည်တဆန့်ဆန့်နဲ့ မျှော်နေကြပါပြီ။ အခုလို တခဲနက်အုံကြွနေတဲ့ အချိန်မှာမှ ပွဲသိမ်းကွက်ဖြစ်တဲ့ အစိုးရဖွဲ့ပြီး တိုက်တာကို မလုပ်ရင် သံဃာတွေ၊ ကျောင်းသားတွေ၊ လူထုတွေ အဖမ်းဆီးခံ၊ အရိုက်နှက်ခံ၊ အသက်အသေခံပြီး ၀န်းရံပေးဆပ်ခဲ့တာတွေ ရေစုန်မျောရမယ့်ကိန်း ဆိုက်ရချည်ရဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အာဏာရှင်ဆိုတဲ့ နအဖက ပြေးကာမှပြေးရရော တွေ့ဆုံဆွေးနွေးရေးကို စိတ်ကူးမှာ မဟုတ်လို့ဘဲ။ အဲ လိုစိတ်မကူးလို့လည်း လူတွေကို မဆိုထားနဲ့ သံဃာတော်တွေကိုတောင် အခုလို လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်နေတာပေါ့။
လက်ရှိအပြင်မှာရှိတဲ့ အန်အယ်လ်ဒီစီအီးစီတွေဟာ လူထုမပါသေးခင်တုန်းကတော့လည်း မပါလို့ဆိုပြီး အင်တာ ဗျူးတွေမှာ ပြောခဲ့တယ်။ အခုလို တခဲနက်ပါဝင်လာတဲ့ သေရေးရှင်ရေးအချိန် ကျပြန်တော့လည်း ကိုယ်နဲ့မဆိုင် သလို ငြိမ်သက်နေကြတာဟာ အံ့သြတုန်လှုပ်စရာပါပဲ။ လူထုကို ခေါင်းမဆောင်ချင်ဘဲ၊ ခေါင်းမဆောင်နိုင်ဘဲ ဘာ ဖြစ်လို့ ခေါင်းဆောင်တွေ တက်လုပ်နေကြပါလိမ့်လို့ပဲ မေးရတော့မယ်ထင်ပါရဲ့။
လောလောဆယ်မှာ အုံကြွနေတဲ့ လူထုကြီးကို အောင်ပွဲအထိရောက်အောင် ဦးဆောင်နိုင်မယ့် ဒေါ်အောင်ဆန်းစု ကြည်၊ ဦးဝင်းတင်နဲ့ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် အများစုကလည်း အဖမ်းခံဘ၀မှာ၊ မန်းဒိတ်ရှိတဲ့သူ တွေကလည်း ဦးဆောင်မယ့် အခြေအနေမှာမရှိ ဆိုတဲ့အခါကျတော့ အပြင်မှာရှိတဲ့အထဲက ပွဲသိမ်းတိုက်ကွက်ကို တိုက်နိုင်မယ့် သူတွေဆိုလို့ရှိရင် ပြည်သူလူထုက လေးစားအားကိုးတဲ့ ကိုဌေးကြွယ်နဲ့ လက်ကျန် ၈၈-မျိုးဆက် တွေကိုပဲ မြင်မိတော့ရဲ့။ ဘာဖြစ်လို့လဲဆိုတော့ နအဖကို အစိုးရဖွဲ့ပြီးမတိုက်ဘဲ အာဏာက ဒီမိုကရေစီဘက် တော်သားတွေဘက်ကို အော်တိုမစ်တစ် ရောက်လာမှာမဟုတ်လို့ပါဘဲ။ ဒီအခြေအနေဟာ ဒီမိုကရေစီဘက်တော် သားတွေဘက်က လက်ဦးမှုရအောင် (၈၈တုန်းကလို မခံရအောင်) မလွဲမသွေ အစိုးရတရပ်ဖွဲ့ဖို့ လိုအပ်နေတဲ့အ ချိန်လို့ ထင်မြင်မိပြောကြားရင်း အနာခံပေးဆပ်နေကြတဲ့ ဆန္ဒပြသံဃာတော်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူ ထုကြီးကို အလေးပြု လိုက်ရပါတယ်။
မှတ်ချက် ။ ။ ကိုယ့်အားကိုယ်ကိုးပြီး နအဖကို တိုက်နိုင်တဲ့ထောင့်ကနေ အဓိကဖြစ်နိုင်ခြေကို စဉ်းစားကြည့် ခြင်းဖြစ်ပါတယ်။ တရုတ်က နအဖကို ဖိအားပေးမယ့်လမ်းနဲ့ ဂမ်ဘာရီလာတုန်း ဆန္ဒဖိပြပြီး နိုင်ငံတကာဖိအားနဲ့ အ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ကာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေလမ်းတွေလည်း ရှိပါတယ်။ အဲဒါတွေက သူ များကယ်မှ ဖြစ်လာမှာမို့ ဆယ်ရေးတရေး ကိုးရေးတရာ ဆိုသလိုပါပဲ။ အဲဒါတွေကိုပဲမျှော်ပြီး ဖြစ်မလာခဲ့ရင် လူထု အုံကြွမှုကြီး ကလည်း အရှိန်တန့်သွားရင် အားလုံးသေဖို့ပဲရှိလို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်)
Thursday, October 4, 2007
ဘယ်လိုပွဲသိမ်းမျိုး ဖြစ်မလဲ
Subscribe to:
Post Comments (Atom)
2 comments:
ဆရာလွဏ်းဆွေရေ...ဆရာ့စာတွေဖတ်ရတာနောက်ပိုင်း NLD CEC အဖွဲ့တွေပေါ်မှာ အားမလိုအားမရဖြစ်နေပုံတွေမြင်ရပါတယ်။ လူထုဆန်ဒပြပွဲစတဲ့ စက်တင်ဘာ၂၄ ရက်နေ့က NLD က လွတ်တော်ကိုယ်စားလှယ် ၆၀ ကျော်နဲ့ ဥက်ကဌဦးအောင်ရွှေကိုယ်တိုင်ခေါင်းဆောင်ပြီးပါဝင်ခဲ့ကြပါသေးတယ်။ အစိုးရအဖွဲ့ ဖွဲ့ဖို့ဆိုတာ ဆရာလွဏ်းဆွေနဲ့ကိုမိုးသီးဇွန်တို့ပြောသလောက်မလွယ်ကူသေးဘူးလို့ ကျွန်တော်ကတော့မြင်ပါတယ်။ ၈၈ တုန်းကမှားခဲ့တာကတော့တစ်ပိုင်းပေါ့လေ။ ဒါတောင်ဒီနေ့ဒီအခြေအနေရောက်နေလို့အဲ့ဒီတုန်းကဦးနုကိုမထောက်ခံခဲ့ကြတာမှားသလိုလိုဖြစ်သွားရတာပါ။ ထားပါတော့ပြီးခဲ့တဲ့အမှားအမှားတွေ။ ခုအခြေအနေမှာ NLD စီအီးစီက အစိုးရအဖွဲ့ ဖွဲ့ပြီးကြောင်းကြော်ညာလိုက်ပါပြီတဲ့ နအဖ စစ်အစိုးရက တစ်ဖွဲ့လုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဦးခွန်ထွန်းဦးတို့ ရှမ်းခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည်လများချလိုက်သလိုမျိုးနဲ့ပဲပြီးဆုံးသွားမှာပါ။ အဲ့ဒီအချိန်မှာ NLD ဆိုတာလည်းပျက်သုဉ်းသွားပါလိမ့်မယ်။ UN တပ်တွေအကူအညီနဲ့အကာအကွယ်ရလိမ့်မယ်လို့ ဘယ်သူကအာမခံနိုင်မလည်း။ နအဖ ရဲ့ စစ်အာဏာစစ်မပြိုကွဲသေးသမျှ အစိုးရအဖွဲ့ ကို ကိုယ့်သဘောနဲ့ကိုယ်ဖွဲ့ဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ပဲမြင်မိကြောင်းပါ။
အမှားပြင်ဆင်ချက်။ ။
နအဖရဲ့စစ်အာဏာစစ် အစား နအဖရဲ့စစ်အာဏာစက် ဟုပြင်ဆင်ဖတ်ရှုပါရန်။
Post a Comment