Saturday, September 22, 2007

တွယ်ရာမဲ့ ဘ၀များ(၂)

ဒေါက်တာလွဏ်းဆွေ

သောတရှင်များခင်ဗျာ … စစ်အစိုးရ မအုပ်စိုးမီအချိန်တုန်းက ကျနော်တို့ မြန်မာနိုင်ငံသားတွေ ရွှေထီးဆောင်းခဲ့ ကြတဲ့အကြောင်းနဲ့ နအဖစစ်အစိုးရ အုပ်ချုပ်နေတဲ့ ကနေ့လက်ရှိအခြေအနေမှာတော့ မြန်မာအမျိုးကောင်းသား သမီးတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းပြီး ကြုံရာကျပန်းအလုပ်တွေ ရှာဖွေလုပ်ကိုင်နေကြရတဲ့ အ ကြောင်းကို ပြီးခဲ့တဲ့အပတ်က ကျနော်မိတ်ဆက် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အဲသလို ရွှေထီးဆောင်းခဲ့ကြတဲ့ ဘ၀ကနေ ဘာဖြစ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကုန်ကြရသလဲ၊ ဘာဖြစ်လို့ ဒုက္ခသည်ဘ၀တွေ ရောက်ကြရသလဲ၊ ဘာဖြစ်လို့ ရွာပုန်းရွာရှောင်တွေအဖြစ်နဲ့ ပုန်းလျှိုးကွယ်လျှိုး နေ ထိုင်နေကြရသလဲ၊ ဒီလိုအခြေအနေဆိုးတွေကို ဖန်တီးခဲ့တဲ့ အဓိက လက်သည်တရားခံဟာ ဘယ်သူလဲ။

အဲသလို ရင်နင့်စရာကောင်းလှတဲ့ မေးခွန်းတွေအတွက် တိုတိုရှင်းရှင်းနဲ့ ထင်သာမြင်သာရှိတဲ့ အဖြေကိုတော့ ၂၀၀၆ခု နှစ်လယ်လောက်က ထုတ်ဝေခဲ့တဲ့ ‘မြန်မာပြည်အရှေ့ပိုင်း ကျန်းမာရေးနှင့် လူ့ အခွင့်အရေး (သို့) နာတာ ရှည်ကပ်ဆိုး’ဆိုတဲ့ စာအုပ်အမှာစာမှာ ကျနော်တွေ့ရှိခဲ့ပါတယ်။ အဲဒီအမှာစာကို ရေးသားခဲ့သူကတော့ မြန်မာ ပြည်အရေးကို စိတ်ဝင်တစားရှိလှတဲ့ ထိုင်းအထက်လွှတ်တော်အမတ် ဂျွန်အုမ်ဖာကွန်ပဲ ဖြစ်ပါတယ်။ ဂျွန်အုမ်ဖာ ကွန်က မြန်မာနိုင်ငံအပေါ် သူရှုမြင်သုံးသပ်ပုံကို အခုလို ရေးသားခဲ့ပါတယ်။

‘ကျနော်ငယ်စဉ်ကလေးဘ၀က မြန်မာပြည်ဟာ အာရှရဲ့စပါးကျီအဖြစ် သတ်မှတ်ခံခဲ့ရပြီး သဘာဝသယံဇာတ တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဆင့်မြင့်ကျန်းမာရေး၊ ပညာရေးစနစ်တွေနဲ့အတူ မြန်မာနိုင်ငံ ဟာ တောက်ပထွန်းလင်းတဲ့ အနာဂတ်ဆီကို ဦးတည်သွားနေခဲ့ပါတယ်။

ဒါပေမယ့် ကျနော့်ဘ၀ သက်တမ်းအတွင်းမှာပဲ အထက်ပါအချက်တွေနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ၊ ဆင်းရဲခြင်းနဲ့ ကျန်းမာရေးပြဿနာတွေ ပြည့်နှက်နေတဲ့ လူ့ဘောင်အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှု၊ လူမျိုးချင်းဖိ နှိပ်မှု၊ လျှို့ဝှက်မှုတွေနဲ့ ကျော်ကြားလာခဲ့ပါတယ်။ သူတို့တတွေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ နိုင်ငံတ ကာရဲ့ ဖယ်ကျဉ်မှုကို ခံလာရပါတယ်။

ကမ္ဘာ့ဒုတိယအဆိုးဝါးဆုံး ကျန်းမာရေးအဆင့်အတန်းကို ရောက်ရှိလာခြင်းနဲ့အတူ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံ စာရင်းဝင်လည်း ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာမှာ အကျင့်ပျက်ခြစားမှု အကြီးမားဆုံးနိုင်ငံ စာရင်းဝင်ဖြစ်လာ ပြီး ကမ္ဘာ့မူးယစ်ဆေးကုန်သွယ်မှုနဲ့ ငွေမည်းခ၀ါချမှုတွေအတွက် အချက်အချာကျတဲ့ နိုင်ငံတခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုအတွက် ပင်မအရင်းအမြစ်နိုင်ငံ ဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ စစ် တပ်ရဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ တိုင်းပြည်ရဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာအများအပြားက အမျိုးသ မီးတွေကို စနစ်တကျ မုဒိန်းပြုကျင့်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆင်ဆာဖြတ်တောက်မှုဟာ အမြင့်မားဆုံးဖြစ်လာပြီး ပုံမှန်လိုလိုဖြစ်နေတဲ့ ဖုံးကွယ်မှုတွေနောက်မှာ အချက်အ လက်အမှန်တွေကို ကွယ်ဝှက်ထားတာကြောင့် အချက်အလက် ကိန်းဂဏန်းတွေဟာ ယုံကြည်လက်ခံနိုင်တဲ့ အ ဆင့်မှာ မရှိတော့ပါဘူး။ အထူးသဖြင့် ဆယ်စုနှစ်များစွာ လူမှုပဋိပက္ခတွေ တွေ့ကြုံနေရတဲ့ မြန်မာပြည်မှာ ပဋိပက္ခ ဒေသတွေနဲ့ အမဲရောင်နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေအကြောင်း သတင်းအချက်အလက်တွေ မရနိုင်တော့ဘဲ ဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ပိုမိုရှင်းလင်းလာတာကတော့ အာဏာရှင်အုပ်ချုပ်မှုကြောင့် ပိုမိုဆိုးဝါးလာတဲ့ ၀န် ထုပ်ဝန်ပိုးတွေကို မြန်မာပြည်သူလူထုတွေ မခံနိုင်တော့တာပါပဲ။

၁၉၉၇ခုနှစ်က ဒေသတခုလုံးမှာ မြန်မာပြည်က ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ နှစ်သိန်းတ သောင်း(၂၁၀၀၀၀)လောက်ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင် ထွက်ပြေးလာတဲ့ စာရင်းဟာ သန်းဝက်နီးပါး ရှိလာနေပါပြီ။ ဒါ့အပြင် အခြားလူတသန်းလောက်ဟာလည်း ပြည်တွင်းထဲမှာ အိုးအိမ် တွေ စွန့်ခွာထွက်ပြေးပြီး ရှောင်ပုန်းနေထိုင်နေကြရပါတယ်။ ထိုင်းနိုင်ငံတခုတည်းမှာပဲ အထောက်အထားမရှိတဲ့ အခြေအနေနဲ့ နေထိုင်နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေချည်း (၁)သန်းကျော် ရှိနေနိုင်ပါတယ်’ လို့ ဂျွန်အုမ် ဖာကွန်က အဲသလို ကိန်းဂဏန်းတွေနဲ့ သုံးသပ်ရေးသားခဲ့ပါတယ်။

ဂျွန်အုမ်ဖာကွန် ရေးသားခဲ့အတိုင်း အခုအခါမှာဆိုရင် ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေ အများဆုံးပြောင်း ရွှေ့လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ် ကိုင်နေကြတဲ့ တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ဘယ်လောက်လောက်ရှိပါသလဲလို့ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့တာဝန်ခံ ဦးသံဒုတ်ကို ကျနော် မေးမြန်းကြည့်တဲ့အခါ အခုလိုပြောပြပါတယ်။

(အသံ) ၂၀၀၅ခုနှစ်မှာတော့ အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်ကြေညာချက်တွေ ရှိတယ်ပေါ့ နော်။ တရားဝင် ၂၀၀၅တုန်းကတော့ တသန်းလောက်ရှိတယ်။ ဗမာချည်းပဲ။ ကျန်တဲ့ဟာက နှစ်သောင်းသုံး သောင်းလောက်ပဲရှိတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားက။ ၂၀၀၆မှာကျတော့ အဲဒီထက် ပိုနည်းသွားတယ်လို့ ကျ နော်တို့ ဒီအစိုးရထုတ်ပြန်ကြေညာချက်တွေအရ သိရတယ်။ မှတ်ပုံတင်တာပေါ့ ၆သိန်း ရသိန်းလောက်ပဲ ရှိတယ်။ လျော့သွားတယ်။ ဒီနှစ်ကျတော့ ကျနော်ခန့်မှန်းတာက ပိုလျော့လိမ့်မယ်လို့ ထင်တယ်ပေါ့။ ပြဿနာက ဘာ ကြောင့်လျော့လဲဆိုရင် အလုပ်သမားက တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရတဲ့အနေအထားကမရှိတော့ တနေရာကနေ တနေရာပြောင်းရတယ်။ နောက် အလုပ်သမားလက်မှတ်ရှိပေမယ့်လည်း ထိုင်းအစိုးရက ချမှတ်ထားတဲ့ အလုပ်သ မားဥပဒေတွေနဲ့ပေါ့နော် အဲဒီဥပဒေတွေရဲ့ တင်းကျပ်မှုကြောင့် တဖြေးဖြေးနဲ့ လက်မှတ်ရှိပေမယ့်လည်း တရားမ ၀င်အလုပ်သမား ဖြစ်သွားရတဲ့လူတွေကလည်း ဒီမဲဆောက်မှာ အများကြီးပဲ။ အဲဒါကြောင့်မို့ လျော့သွားရ တယ်လို့ ထင်တယ်။

တရားမ၀င် နေထိုင်လုပ်ကိုင်ကြသူတွေနဲ့ ပေါင်းရင်ကော စုစုပေါင်း ဘယ်လောက်လောက်ရှိမယ် ထင်ပါသလဲလို့ ဦးသံဒုတ်ကို ကျနော်ထပ်မေးကြည့်တဲ့အခါ အခုလိုပြောပြပါတယ်။

(အသံ) ခန့်မှန်းခြေပေါ့နော်၊ ခန့်မှန်းခြေဆိုရင် တရားမ၀င်ရောဆိုရင် အနည်းဆုံး (၂)သန်းလောက် ရှိမယ်ထင် တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က seasonable worker ခေါ်တာပေါ့။ တောင်ယာတွေ လယ်ယာ လုပ်ငန်းတွေမှာ လုပ်နေတဲ့လူတွေကလည်း အများကြီးပဲ။ ထိုင်းနိုင်ငံကလည်း လယ်ယာကို အဓိကထားလုပ်တဲ့ နိုင်ငံပဲ။ နောက်တချက်ရှိတာက ထိုင်းတွေက အခြားနိုင်ငံကို ပြောင်းပြီးအလုပ်လုပ်ကြတယ်။ ပြောင်းလုပ်ကျတော့ လစ်လပ်သွားတဲ့ လယ်လုပ်ငန်းတွေမှာ ဗမာတွေကို ပြန်ပြီးတော့ ကျနော်တို့သိရတာ နှစ်နှစ်လောက်အတွင်းမှာ ပြန်အစားထိုးပြီး လုပ်ကြတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်လုပ်ကိုင်ကြတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ ကော တရားဝင်နဲ့ တရားမ၀င်အလုပ်သမားဦးရေ ဘယ်လောက်ရှိပါသလဲလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သူ များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးကို ကျနော်မေးမြန်းကြည့်တဲ့အခါ အခုလို ပြောပြပါတယ်။ (အသံ) ကျနော်တို့ မဲဆောက်မှာ တရားဝင်ကော တရားမ၀င်ကော အလုပ်သမားပေါင်း တသိန်းနီးပါးလောက် ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းသိရှိပါတယ်။ မဲဆောက်မှာဆိုတာထက် ဒီတပ်ခရိုင်တခုလုံးပေါ့လေ။ မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖန်၊ မယ်လမတ်၊ တပ် စုစုပေါင်း ၅မြို့နယ်မှာ ဒီ ကျနော်တို့ အလုပ်သမားမှတ်ပုံတင်က ပြီးခဲ့တဲ့နှစ် က လေးသောင်းကျော်ပဲ တင်ပါတယ်ခင်ဗျ။ စုစုပေါင်းက တကယ်ရှိနေတာက လေးသိန်းနီးပါးလောက် ရှိပါတယ်။ ဒါ အဝေးရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

အခုလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေပြောပြတဲ့ ကိန်းဂ ဏန်းတွေကို တွက်ဆကြည့်ရင် ထိုင်းနိုင်ငံတခုတည်းနဲ့တင် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လုပ်အားပေါင်း နှစ် သန်းလောက် ဆုံးရှုံးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုသန်းနဲ့ချီတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘယ်လိုနေထိုင် လုပ်ကိုင်နေကြရသလဲ၊ လုပ်ခနှုန်းထားတွေ ဘယ်လိုရနေကြသလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသလဲ၊ ထိုင်းနိုင်ငံဟာ သူတို့အတွက် ရေကြည်ရာမြက်နုရာ အရပ်ကော ဖြစ်ရဲ့လား စတာ တွေကို ရှေ့အပတ်တွေမှာ ဆက်လက်တင်သွားမယ့်အကြောင်း ပြောကြားရင်း ခုတပတ်အစီအစဉ်ကို ရပ်နား လိုက်ရပါတယ်။

(အသံဖိုင်ကို www.dvb.no ၀က်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါး စာမျက်နှာတွင် ရှာဖွေနားဆင်နိုင်ပါသည်)

No comments: