Saturday, September 29, 2007

နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် မြန်မာ့ကပ်ဆိုးများ

ဒေါက်တာလွဏ်းဆွေ

၂၀၀၅ခု နှစ်လယ်ပိုင်းလောက်က စင်္ကာပူနိုင်ငံခေါင်းဆောင်ဟောင်း ၀ါရင့်ဝန်ကြီးလီကွမ်ယူက မြန်မာနိုင် ငံအရေး နဲ့ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုတခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လီကွမ်ယူက နအဖစစ်အုပ်စုရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာအရပ်ရပ်ဟာ ဒေသတွင်းမှာရှိတဲ့ ပတ်ဝန်းကျင်နိုင်ငံတွေ ဆီကို ကင်ဆာရောဂါသဖွယ် ကူးစက်ပြန့်နှံ့လာနေပါတယ်လို့ သတိပေးပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ တနည်းအား ဖြင့် ပတ်ဝန်းကျင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံရဲ့အရေးကို ပြည်တွင်းရေးပြဿနာပဲ ဖြစ်တယ်ဆိုတဲ့ သ ဘော ထားမျိုးနဲ့ ရှုမြင်လို့မရတော့ကြောင်း၊ ဒါဟာ ဒေသဆိုင်ရာခြိမ်းခြောက်မှုတခုဆီကို ဦးတည်နေကြောင်း၊ မြန်မာနိုင် ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဒေသဆိုင်ရာနိုင်ငံများက ၀ိုင်းဝန်း ဖိအား ပေးဆောင်ရွက်ကြဖို့လိုကြောင်း သတိပေးပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ကမ္ဘာပေါ်မှာ နိုင်ငံအချို့ဟာ ဒေသဆိုင်ရာခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေမှုကနေ နိုင်ငံတကာလုံခြုံရေးကို ထိပါးလာစေတဲ့အထိ အန္တရာယ်ပြုနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်။ အထူးသဖြင့် အီရန်နိုင်ငံနဲ့ မြောက်ကိုး ရီးယားနိုင်ငံတို့ဟာ အမေရိကန်၊ ဥရောပနဲ့ ဒေသဆိုင်ရာ ပတ်ဝန်းကျင်နိုင်ငံတွေက စိုးရိမ်ပူပန်စွာ စောင့်ကြည့်ရ တဲ့ အနေအထားမှာ ရှိနေပါတယ်။ ထိုအထဲမှာ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံလည်း ပါဝင်လာနေပါတယ်။ အီရန်နိုင်ငံအပေါ် စိုးရိမ်ပူပန်မှုကတော့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းမှုအောင်မြင်သွားခဲ့ရင် ဒေသ တွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိပါးလာနိုင်ပြီး အကြမ်းဖက်အုပ်စုတွေကို ပိုမိုအားပေးအားမြှောက် ပြုလာနိုင် တယ်လို့ နိုင်ငံအများစုက ယုံကြည်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက် ထားတာမဟုတ်တဲ့ အစိုးရတရပ်လက်ထဲကို နျူကလီးယားလက်နက်တွေရောက်သွားရင် ကမ္ဘာ့လုံခြုံရေးကို အ ချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့ အနေအထားဆီ ဦးတည်သွားမှာကို စိုးရိမ်တာပဲဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံအပေါ် စိုးရိမ်ပူပန်မှုကလည်း အဓိကအားဖြင့်တော့ နျူကလီယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းအားထုတ်နေမှုကိုပါပဲ။ မြောက်ကိုးရီးယားနိုင်ငံက အာဏာရှင်အစိုးရအနေနဲ့ နျူကလီယား လက်နက်ပိုင် ဆိုင်သွားရင် ပတ်ဝန်းကျင်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ လုံခြုံရေးဟာ အထူးစိုးရိမ်စရာဖြစ်လာပြီး မြောက်ကိုးရီးယားပြည်သူတွေကိုလည်း အာဏာရှင်စနစ်အောက်မှာ အချိန်ကာလ ကြာမြင့်စွာ ဆက်လက်ဖိနှိပ်အုပ်ချုပ်ထားမှာကို စိုးရိမ်ရတာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြောက်ကိုးရီး ယားပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှု၊ အာဟာရချိုတဲ့မှု၊ ဆေးဝါးပြတ်လပ်မှုတွေနဲ့ အကြီးအကျယ်ကြုံ တွေ့နေရပြီး ပြည်သူအတော်များများဟာ နိုင်ငံတွင်းကနေ ပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယားနဲ့ ဂျ ပန်နိုင်ငံတွေဆီကို ရတဲ့နည်းနဲ့ သက်စွန့်ဆံဖျား ထွက်ပြေးနေကြတာတွေ့ရပါတယ်။

နအဖစစ်အုပ်စုအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာကစိုးရိမ်ပူပန်ရတဲ့ အခြေအနေကို တစတစ တက်လှမ်းလာနေပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအစိုးရတွေရဲ့ စိုးရိမ်ပူပန်မှုကတော့ မြန်မာပြည်တွင်းက ဆိုးဝါးနိမ့်ကျတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေထဲကို အစုလိုက်အပြုံလိုက်ထွက်ပြေးပြီး တ ရားမ၀င်အခြေချနေထိုင်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံတွေအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး ကြာလာတာနဲ့အမျှ မူး ယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လိင်ကုန်ကူးမှုတွေကနေဖြစ်ပေါ်လာတဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ပြန့်ပွားမှုနဲ့ အခြားရောဂါကပ်ဆိုးတွေဟာ မြန်မာဒုက္ခသည်တွေကတဆင့် ပတ်ဝန်းကျင်နိုင်ငံတွေဆီ၊ အဲဒီကတ ဆင့် ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားမှာ စိုးရိမ်ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် နအဖစစ်အုပ်စုဟာ မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားခြင်းနဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ ရောင်းချတာကနေ ရတဲ့ဝင်ငွေတွေကို နျူကလီး ယားလက်နက်ထုတ်လုပ်နိုင်ဖို့ စီမံကိန်းအကောင်အထည်ဖော်ရာမှာ အသုံးပြုလာတာကိုတွေ့ရတဲ့အတွက် အီရန်၊ မြောက်ကိုးရီးယားအစိုးရတို့လို နိုင်ငံတကာလုံခြုံရေးကိုထိပါးနိုင်တဲ့ အခြေအနေမျိုးအထိ ဆိုက်ရောက်လာနိုင်တဲ့ အနေအထားမျိုး ရှိနေပါ တယ်။

၂၀၀၁ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုယူစဉ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်ပြောခဲ့တဲ့ ‘ဒီ ကနေ့ရှိ နေတဲ့ နယ်ခြားမျဉ်းတွေဟာ နိုင်ငံတွေ တနိုင်ငံနဲ့တနိုင်ငံကြားမှာ မဟုတ်တော့ပါဘူး။ အာဏာရှိသူတွေနဲ့ အာဏာ မဲ့သူတွေအကြား၊ လွတ်လပ်သူတွေနဲ့ ပိတ်ဆို့ခံထားရသူတွေအကြား၊ အခွင့်ထူးခံတွေနဲ့ အဖိနှိပ်ခံတွေ အကြားမှာ ဖြစ်လာနေပါပြီ။ ဒီကနေ့ ကမ္ဘာ့နေရာဒေသတခုက လူသားဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဆိုးတွေဟာ အ ခြားနိုင်ငံတနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာနေပါတယ်’ ဆိုတဲ့ စကားဟာ အထက်က အခြေအနေတွေ ကို ကြိုတင်မီးမောင်းထိုးပြခဲ့တဲ့သဘောပဲဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကထုတ်ဝေခဲ့တဲ့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ နာတာရှည်ကပ်ဆိုး (သို့) မြန်မာပြည်အရှေ့ပိုင်း ကျန်းမာရေးနှင့်လူ့အခွင့်အရေး စစ်တမ်းအစီရင်ခံစာမှာ ထိုင်းအထက် လွှတ်တော်အ မတ် ဂျွန်အုမ်ဖာကွန်က မြန်မာနိုင်ငံရဲ့အရေးကိစ္စဟာ ပတ်ဝန်းကျင်နိုင်ငံတွေအတွက် ၀န်ထုပ်ဝန် ပိုးကြီးဖြစ်နေ တာကို အခုလိုထောက်ပြခဲ့ပါတယ်။ ‘၁၉၉၇ခုနှစ်က ဒေသတခုလုံးမှာ မြန်မာပြည်ကဒုက္ခသည်တွေနဲ့ နိုင်ငံရေးခို လှုံခွင့် တောင်းခံသူတွေ(၂၁၀၀၀၀)လောက်ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး လာတဲ့စာရင်းဟာ သန်းဝက်နီးပါးရှိလာနေပါပြီ။ ဒါ့အပြင် အခြားလူ(၁)သန်းလောက်ဟာလည်း ပြည်တွင်းထဲမှာ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးပြီး ရှောင်ပုန်းနေထိုင်နေကြရပါတယ်။ ထိုင်းနိုင်ငံတခုတည်းမှာပဲ အထောက်အ ထားမရှိတဲ့အခြေအနေနဲ့ နေနေရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေချည်း (၁)သန်းကျော်ရှိနေနိုင်ပါတယ်။ ဆေးမ တိုးတော့တဲ့ ငှက်ဖျားအမျိုးအစားတွေဟာ ထိုင်းနယ်စပ်မှာ ပြန့်နှံ့နေပါတယ်။ ထိုင်းနိုင်ငံထဲကိုရောက်လာတဲ့ မြန် မာအလုပ်သမားတွေထဲမှာ တီဘီရောဂါဟာ တွေ့လေ့တွေ့ထရှိတဲ့ ရောဂါဖြစ်လာပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံ မှာ လုံးဝကင်းစင်အောင်တိုက်ဖျက်ပြီးဖြစ်တဲ့ ဆင်ခြေထောက်ရောဂါ စတာမျိုးတွေ ပြန်တွေ့လာနေရပါတယ်။ မူး ယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဖက်ကနေ ဆက်လက်ဝင်ရောက်နေပါတယ်။ အဲဒါတွေနဲ့အတူ အိပ်ခ်ျအိုင်ဗွီရော ဂါပိုး ကူးစက်ပြန့်ပွားမှု၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတွေလည်း တပုံကြီးပါဝင်လာနေပါတယ်။ ပိုဆိုး တာကတော့ အစိုးရရဲ့ထောက်ပံ့မှုမပြည့်ဝတဲ့ ကျန်းမာရေးတန်းတူစောင့်ရှောက်မှု အစီအစဉ်ကြောင့် အခက်အခဲ ကြုံနေရတဲ့ ထိုင်းနိုင်ငံကဆေးရုံတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပါ စောင့်ရှောက်မှုတွေ လုပ်လာရ တဲ့အတွက် ၀န်ပိုပိလာပါတယ်။ တိုက်ရိုက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျနော်တို့ဟာ မြန်မာပြည်ရဲ့ ကျဆုံးမှုတွေအတွက် ပေးဆပ်နေရပါတယ်။’

အချုပ်အားဖြင့်ဆိုရရင် ဒီကနေ့အခြေအနေမှာ နိုင်ငံတကာလုံခြုံရေးကိုထိပါးစေမှုဟာ နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်မှုတခုတည်းကြောင့် မဟုတ်တော့ဘဲ နိုင်ငံတခုမှာ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း ခြိမ်းခြောက်မှုတခုဖြစ်လာတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ကပ်ဆိုးတွေက ပြဆိုနေပါ တယ်။ အခုလို မြန်မာပြည်အရေးဟာ နိုင်ငံတကာလုံခြုံရေးကို ထိပါးလာနိုင်တဲ့အထိ ဖြစ်လာရခြင်းရဲ့ လက်သည် တရားခံဟာ မြန်မာပြည်သူလူထုကို (၁၈)နှစ်ကျော်ကြာ ရက်ရက်စက်စက်ဖိနှိပ်အုပ်ချုပ်နေတဲ့ နအဖစစ်အုပ်စုပဲ ဆိုတာလည်း ထင်သာမြင်သာရှိပြီးဖြစ်ပါတယ်။ ဒေသတွင်းတည်ငြိမ်မှုရှိဖို့နဲ့ နိုင်ငံတကာလုံခြုံရေးကို ထိပါးတဲ့အ ထိ ဖြစ်မလာစေဖို့ဆိုတာ နအဖစစ်အုပ်စုကိုဖယ်ရှားပြီး တည်ငြိမ်တဲ့ဒီမိုကရေစီစနစ်ကို အမြန်ဆုံးအကောင်အ ထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို အကောင်အထည်ဖော်နိုင်ဖို့ဆိုရာမှာ မြန်မာပြည်သူလူထုကိုယ်တိုင် က တက်တက်ကြွကြွ လှုပ်ရှားဖို့လိုတဲ့အပြင် ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုရဖို့ကလည်း အလွန်အရေးကြီးပါတယ်။ မဟုတ်ရင် မြန်မာပြည်သူတွေခံစားနေရတဲ့ ကပ်ဆိုးတွေကို ပတ်ဝန်းကျင် နိုင်ငံတွေအ နေနဲ့လည်း အနှေးနဲ့အမြန် ကူးစက်ခံစားလာရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးကို ရောက်မလာစေဖို့ အတွက် ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံက အစိုးရခေါင်းဆောင်တွေကို ထိုင်းအထက်လွှတ်တော်အမတ် ဂျွန်အုမ်ဖာ ကွန်ပြောခဲ့တဲ့ စေတနာစကားလေးကို လက်ဆောင်ပါးရင်း မြန်မာ့ဒီမိုကရေစီရေးအတွက် အားတက်သရောကူညီ ကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

‘ထိုင်းတွေအနေနဲ့ကတော့ နိုင်ငံတကာအင်အားစုတွေကို တူညီတဲ့ ရည်မှန်းချက်လုပ်ငန်းစဉ်ပေါ်မှာ ပူးပေါင်းလုပ် ဆောင်ဖို့ တိုက်တွန်းသင့်ပါတယ်။ မြန်မာနိုင်ငံကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကိုဦးတည်ပြီး ဒေသတွင်းမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လူမှုတည်ငြိမ်မှုရအောင် ကျဉ်းမြောင်းတဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ဘေးဖယ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။’

(၂၀၀၆ခုနှစ် အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: