Tuesday, September 18, 2007

ဘောလုံးနဲ့ နိုင်ငံရေးထောင်ချောက်

ကိုလတ်

မြန်မာပြည်သူတွေ အသည်းစွဲဖြစ်တဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်လို ဥရောပအမှတ်ပေးဘောလုံးပြိုင်ပွဲတွေ စတင် တဲ့ အချိန်မှာပဲ မြန်မာပြည်တွင်းမှာ လောင်စာဆီဈေးတွေ အဆမတန်မြှင့်တင်လိုက်လို့ ပြည်သူလူထုတွေ ဆန္ဒပြ နေကြတယ်ဆိုတဲ့ သတင်းတွေ အဆက်မပြတ်ကြားနေရတယ်။ အဲသလို ပြည်သူတွေ ဟိုတကွက် ဒီတကွက် ဆန္ဒပြနေကြတဲ့အချိန်မှာ ဥရောပဘောလုံး ပွဲကြီးပွဲကောင်းတွေကလည်း လာနေတဲ့အချိန် ဖြစ်နေတော့ ကျနော့်အ နေနဲ့ စိတ်ဝင်စားမိတာ တခုရှိပါတယ်။ ပြည်သူတွေ ဘယ်ဘက်ကို အလေးသာ အားပေးနေကြမလဲ ဆိုတာကို ပေါ့။

မြန်မာပြည်မှာ ပြည်ပဘောလုံးပွဲတွေကို စိတ်ဝင်စားလာကြတာကတော့ ၈၈-အရေးအခင်းပြီး နောက်ပိုင်းက စ တယ်လို့ပဲ ပြောရမယ်ထင်တယ်။ မှတ်မှတ်ရရ ၁၉၉၀ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေဆိုရင် ကျနော်နေ ထိုင်တဲ့ နယ်မြို့တွေက ဗွီဒီယိုရုံတွေမှာ ဂြိုလ်တုစလောင်းတွေကတဆင့် အားပေးခွင့်ရနေပါပြီ။ အဲဒီမှာ ရော်ဘတ်တိုဘက်ဂီယိုဆိုတဲ့ အီတလီဘောလုံးစတားကို ဘောလုံးပရိသတ်တွေ ကောင်းကောင်း မှတ်မိခဲ့တာပေါ့။ ကမ္ဘာ ကျော်အဆိုတော် မက်ဒေါနားကိုယ်တိုင်က သူဝတ်ဆင်တဲ့ ဘောကန်အင်္ကျီကို လိုချင်ပါတယ်ဆိုတဲ့အထိ၊ သူနဲ့ ထ မင်းလက်ဆုံ စားချင်ပါတယ်ဆိုတဲ့အထိ သည်းသည်းလှုပ်ဖြစ်ခဲ့တာကို အမှတ်ရသေးရဲ့။

သူ့အပြင် ကျနော်မှတ်မိတာကတော့ အီတလီက ဘာရီစီ၊ မာလ်ဒီနီ (အခု အေစီမီလန်အသင်းခေါင်းဆောင်)၊ ဒိုနာ ဒိုနီ (အခု အီတလီနည်းပြ)၊ ဂျာမဏီက ကလင်းစမန်း (ဂျာမန်နည်းပြဟောင်း)၊ အင်ဒေရမိုလာ၊ လိုသာမားသီး ယပ်စ်၊ ရူဒီဘောင်လာ (ဂျာမန်နည်းပြဟောင်း)၊ နယ်သာလန်က မာကိုဗင်ဘတ်စတင် (အခု ဟော်လန်နည်းပြ)၊ ဒင်းနစ်ဘားကင့်၊ ဖရန့်ရီကတ် (အခု ဘာစီလိုနာအသင်းနည်းပြ) ၊ ၀င်းဂျုံးစ်၊ ရော်နယ်လ်ကိုးမန်း (အခု ပီအက်စ်ဗွီ အသင်းနည်းပြ)၊ ခရစ်ကိုးမန်း၊ ဖိလစ်ကိုကူး၊ ရော်နယ်လ်ဒီဘိုးဝါး၊ ဖရန့်ဒီဘိုးဝါး၊ ဘရာဇီးကဆိုရင် ရိုမာရီယို၊ ဘီဘီ တို၊ ဆွီဒင်ကဆို ဟင်းနရစ်လာဆင် စသဖြင့်ပေါ့။ ကိုယ်နဲ့ မရင်းနှီးတဲ့ ခဲရာခက်ဆစ်နာမည်တွေကို မြန်မာပြည်သူ တွေ အလွတ်ရလာတယ်။ အဲဒီကတဆင့် ၉၄-ကမ္ဘာ့ဖလား၊ ယူရို-၉၆၊ ၉၈-ကမ္ဘာ့ ဖလားတွေမှာ မြန်မာပြည်သူတွေ ရဲ့ ဘောလုံးအပေါ် စိတ်ဝင်စားမှုဟာ ဒီရေအလား မြင့်တက်လာခဲ့တာ အခုအချိန်အထိပဲ ဆိုပါတော့။

အဲဒီလို မြန်မာပြည်သူတွေ ဘောလုံးအပေါ် အရူးအမူးဖြစ်လာခြင်းဟာ ၉၀-ရွေးကောက်ပွဲကျင်းပပေးပြီး နိုင် ငံရေး အရ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ န၀တ၊ နအဖ စစ်အုပ်စုဝင်တွေအတွက် အသက်ရှူရှောင်စေခဲ့တယ်လို့ ပြောရ မယ်။ ပြည်သူတွေ နိုင်ငံရေးအပေါ် စိတ်ပြန်လည်မလာအောင် နည်းမျိုးစုံကျင့်သုံးတဲ့အထဲ ဘောလုံးကိုလည်း န၀ တ၊ နအဖက လက်နက်သဖွယ် အသုံးပြုခဲ့လို့ဖြစ်တယ်။ န၀တ၊ နအဖတတွေဟာ လူထုနဲ့ နိုင်ငံရေး အဆက်ပြတ် အောင် လုပ်ဆောင်ရာမှာ ဘောလုံးအပြင် လူတွေအာရုံပြောင်းစေမယ့် တရုတ်ဇာတ်လမ်းတွဲ၊ အိန္ဒိယဇာတ်လမ်း တွဲ၊ ကိုးရီးယားဇာတ်လမ်းတွဲတွေကိုလည်း မရပ်မနားတင်ဆက်ခဲ့တယ်။ လူငယ်လူရွယ်တွေကို နိုင်ငံရေးဘက် စိတ်လည်မလာအောင် မူးယစ်ဆေးဝါးတွေ၊ အရက်ဘီယာတွေ ဖောချင်းသောချင်း ဖြန့်ဖြူးပေးခဲ့တယ်။

စစ်ထောက်လှမ်းရေးတွေရဲ့ အကွက်ချစီမံမှုနဲ့ ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအတော်များများမှာ ဘီယာစ တေရှင် ကြီးတွေ ဟီးထနေအောင်ဖွင့်ခဲ့တယ်။ ထောက်လှမ်းရေးနဲ့ ပုလဲနံပသင့်တဲ့ စီးပွားရေးသမားတွေကို အရက်ဆိုင်၊ ဘီယာဆိုင်ဖွင့်ခွင့်လိုင်စင်တွေချပေးပြီး အစိုးရသတင်းပေး ပြန်လုပ်ခိုင်းတယ်။ လူတွေကို စောင့်ကြည့်ခိုင်းတယ်။ ဘီယာ စတေရှင်တွေမှာ ဘောလုံးပွဲကို ဂြိုလ်တုစလောင်းတွေကတဆင့် ပိတ်ကားကြီး ပိတ်ကားငယ်တွေနဲ့ အ ဆက်မပြတ် ပြပေးတယ်။ နောက်ပြီး လူအများစုစိတ်ဝင်စားတဲ့ ဗေဒင်၊ နက္ခတ္တ၊ ဂမ္ဘီရမဂ္ဂဇင်း ဂျာနယ်တွေ၊ မှုခင်း ဂျာနယ်တွေ၊ ဘောလုံးအားကစားဂျာနယ်တွေကို ပလူပျံနေအောင် ထုတ်ဝေခွင့်ပေးတယ်။ လူထုနဲ့ နိုင်ငံရေး ဝေး သထက်ဝေးအောင် လမ်းကြောင်းလွှဲတဲ့နည်းတွေကို အဲသလို စနစ်တကျဖော်ဆောင်ခဲ့တယ်။

န၀တ၊ နအဖလက်ထက်မတိုင်ခင်က ဘောလုံးနဲ့ အားကစားအကြောင်းတွေ ရေးသားထုတ်ဝေတဲ့ ဂျာနယ်ဆိုလို့ မှတ်မှတ်ရရ တံခွန်နဲ့ အင်အားနှစ်မျိုးပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီတုန်းကထုတ်တဲ့ တံခွန်နဲ့ အင်အားက ဘောလုံး တခုတည်းကို အဓိကဖိုးကပ်စ်ထားပြီး ထုတ်တာမဟုတ်သလို နိုင်ငံတကာဘောလုံးပွဲတွေအကြောင်းလည်း သိပ် ပြီးထည့်တာမဟုတ်ပါဘူး။ ပြည်တွင်းအားကစားဏ္ဍမျိုးစုံကို မျမျတတ ဖော်ပြတာပါ။ ဒါပေမယ့် ၁၉၉၈ လောက်မှာ ထင်တယ်။ တက်လမ်းဂျာနယ်က ကဏ္ဍစုံရေးသားထုတ်ဝေရာကနေ ဘောလုံးကိုပဲ အဓိကဇောင်းပေးပြီး ထုတ် ဝေလာတယ်။ နိုင်ငံတကာဘောလုံးပွဲတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း ဖော်ပြပေးတာကို ပရိသတ် တွေက အထူးအားပေးလာတယ်။

အဲဒီတက်လမ်းဂျာနယ် ရောင်းအားကောင်းလာတာလည်း မြင်ရော ငါးပွက်ရာ ငါးစာချချင်တဲ့ စီးပွားရေးသမားတွေ က စစ်ထောက်လှမ်းရေး၊ စာပေစိစစ်ရေး၊ ပြည်ထဲရေးဌာနက အရာရှိတွေနဲ့ပေါင်းပြီး ဂျာနယ်ထုတ်ဝေခွင့်အသစ် တွေရအောင် ကြိုးစားကြပါလေရော။ စစ်အုပ်စုဝင်တွေအနေနဲ့လည်း လူထုကို နိုင်ငံရေးကနေ အာရုံလွှဲဖို့ နည်း သစ်တခုရတာဖြစ်လို့ ထုတ်ဝေခွင့်အသစ်တွေ တော်ရုံတန်ရုံ ချမပေးတဲ့ ပြည်ထဲရေးဌာနဟာ ဂျာနယ်ထုတ်ဝေခွင့် အသစ်တွေကို ဗုံပေါလအော ချပေးပါတော့တယ်။ အဲဒီမှာတင် ထွက်လာလိုက်တဲ့ ဘောလုံးဂျာနယ်တွေဆိုတာ ပ လူကို ပျံနေရောပဲ။

ထွက်လာတဲ့ ဘောလုံးဂျာနယ်တွေမှာ ဘောလုံးသတင်းပလင်းတွေအပြင် လောင်းကစားလုပ်ဖို့အတွက်ပါ ရည် ရွယ်ထည့်သွင်းထားတဲ့ နိုင်ခြေရှုံးခြေခန့်မှန်းတွေကိုလည်း စာပေစိစစ်ရေးက သိသိကြီးနဲ့ ခွင့်ပေးထားတယ်။ အဲဒီ ခန့်မှန်းတွေကိုဖတ်ပြီး စိမ်ပြေနပြေ လောင်းကြေးထပ်ကြလေတော့ ပြည်သူတွေခမျာ ချဲထီ၊ နှစ်လုံးထီနဲ့ တင်မက တော့ဘဲ ဘောလုံးကြွေးသံသရာမှာပါ စုန်းစုန်းမြုပ်ကြပါလေရော။ ကလေးငယ်တွေဆိုလည်း ကျောင်းစာမှာ ထူး ချွန်မချွန်တော့မသိ။ ဘောလုံးဂျာနယ်တွေရဲ့ ထောင်စေ့အောင် တင်ဆက်ပေးမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မန် ယူစပယ်ရှယ်လစ် ဖြစ်လိုဖြစ်၊ လီဗာပူးစပယ်ရှယ်လစ် ဖြစ်လိုဖြစ်၊ ရီးရဲလ်မက်ဒရစ်စပယ်ရှယ်လစ် ဖြစ်လိုဖြစ်နဲ့ ဘောလုံးပါရဂူတွေ အလျှိုလျှိုပေါ်ထွန်းလာလေရဲ့။

နိုင်ငံတကာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်လာတာဟာ တိုးတက်တဲ့ တိုင်းပြည်တွေက ၀င်ငွေကောင်းတဲ့ လူ တွေအတွက်တော့ အားလပ်ချိန်မှာ အပန်းဖြေစရာတခုတိုးသလိုမျိုးဖြစ်ပေမယ့် အလုပ်လက်မဲ့ဖြစ်နေကြတဲ့ မြန် မာပြည်သူတွေအတွက်တော့ ဘောလုံးပွဲကြည့်လို့ အချိန်ကုန်အိပ်ရေးပျက်၊ ဘောလုံးဂျာနယ်တွေ ၀ယ်ဖတ်လို့ ပိုက်ဆံကုန်၊ လောင်းကြေးတွေထပ်လို့ ကြွေးသံသရာလည် ဆိုသလိုဖြစ်ကြပြီး နိုင်ငံရေးဖက်မလှည့်စေချင်တဲ့ နအဖစစ်အုပ်စုအတွက်သာ အမြတ်တွေ ထွက်ပြီးရင်း ထွက်နေတော့ရဲ့ (စစ်အုပ်စုဝင်တွေက ဘောလုံးဂျာနယ် တွေမှာ ရှယ်ယာလည်း ၀င်ပါကြတာကိုး)။

ဒါပေမယ့် အခုတော့ နအဖလည်း ကိုယ့်ရှူးကိုယ်ပတ်ပြီလို့ ပြောရမယ်ထင်တယ်။ လောင်စာဆီဈေးတွေမြှင့် တင် လိုက်လို့ ဒုက္ခရောက်တာအပါအ၀င် အခြားသော အထွေထွေအကြပ်အတည်းတွေကလည်း တနေ့တခြား ကြီးမား လာတဲ့အတွက် ပြည်သူလူထုက မခံမရပ်နိုင်ဖြစ်ပြီး ဆန့်ကျင်အုံကြွတာကို နအဖအနေနဲ့ မျက်ကလဲဆန်ပြာ နှိမ် နင်းနေရပါပြီ။ အဲသလို ဆန့်ကျင်ဆန္ဒပြမှုကိုဖြစ်စေတဲ့ အထွေထွေအကြပ်အတည်းဖြစ်အောင် တွန်းပို့တဲ့အထဲမှာ ဘောလုံးကလည်း တထောင့်တကဏ္ဍကနေ ပါဝင်နေလေတော့ စစ်အာဏာရှင်ပြုတ်ကျရေးဆီကို သွယ်ဝိုက်တဲ့ နည်းနဲ့ ပို့ဆောင်ပေးတဲ့ ဘောလုံးကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြန်ကြောင်း တင်ပြရင်း နိဂုံးကမတ် အဆုံးသတ် လိုက်ရပါတယ်။

(ကိုလတ် ကလောင်အမည်ဖြင့် ၂၀၀၇ခုနှစ်၊ စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: