Saturday, June 21, 2014

ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲပြီး အမှုဖွင့် အရေးယူထားတာ ဘာကြောင့်လဲ

ရွှေအောင်
DVB - 20 June 2014

ဇွန်လ ၁၉ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်က အရေးယူထားတာ မှန်ကန်ကြောင်း ပြောပါတယ်။

“သူ့ကို လောလောဆယ် ငွေကြေးဆိုင်ရာ အမှုတခုနဲ့ ဖွင့်ထားတယ်လို့ သိပါတယ်။ အဲဒါတွေက ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲရတဲ့အကြောင်းအရင်း အများကြီးထဲက တခုပေါ့။ ကျန်တာ အသေးစိတ်ကတော့ ပြည်ထဲရေး ၀န်ကြီးဌာနက စုံစမ်းစစ်ဆေး မှုတွေ လုပ်နေတုန်းပါပဲ။ ပုဒ်မတော့ ကျနော်မသိဘူး၊ မနေ့က စပြီးတော့ အမှုတခုနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအရ တရားရုံးမှာ လုပ်တယ်လို့ သိပါတယ်။ ဒါပေမယ့် ဆက်ပြီး စုံစမ်း စစ်ဆေးနေတာတွေလည်း ရှိပါတယ်။”

ရန်ကုန်က တရားရုံးချုပ်ရှေနေ ဦးကိုနီက ဦးဆန်းဆင့်ကို လတ်တလော စွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်ဒဏ်ပြင်းတယ်လို့ ရှင်းပြပါတယ်။

“ဥပဒေအတိုင်း ပြောရရင် ၄၀၉ ဆိုတာ ယုံကြည်အပ်နှံရေးကို ဖောက်ဖျက်တာပေါ့။ ပြည်သူ့ဝန်ထမ်းက ကျူးလွန်ရင် ၄၀၉ ပေါ့ဗျာ။ ရိုးရိုးအရပ်သားတွေ ကျူးလွန်ရင် ၄၀၆ ပေါ့၊ အိမ်စေ အိမ်ဖော် အစေခံနဲ့ ပုဂ္ဂလိ ရုံးဝန်ထမ်းဆိုရင် ၄၀၈ ပေါ့။ ဒါတွေ အားလုံးက ယုံကြည် အပ်နှံရေးကို ဖောက်ဖျက်တဲ့အတွက်ပေါ့။ ဒါက အစိုးရ ငွေကြေးကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ အချက်နဲ့ စွဲတာပေါ့။ ပုဒ်မ ၄၀၉ ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်လို့ရတယ်။”

ဝါရင့်သတင်းစာဆရာကြီး ဦးဖိုးသောကြာကတော့ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာလို့ သုံးသပ် ပြောပါတယ်။

“သူတို့ တိုင်ချက်အတိုင်းပြောတာနော်။ အစိုးရ မော်တော်ယာဉ်များနဲ့ အစိုးရ ဆီများကို အလွဲသုံးစား ပြုတယ်ဆိုရင် တယောက်မှ မလွတ်ဘူး။ သူတို့စွဲချက်ထဲက အတိုင်းဆိုရင် ရုံးက ပေးထားတဲ့ ကားကို မိန်းမကို ဈေးသွားတဲ့အခါ အဲဒီကားနဲ့သွားရင် အဲဒါ အလွဲသုံးစားမှုပေါ့။ ဒါကြီးက သိသာလွန်းအားကြီးတယ်။ တိုင်ပင်ကိုက်ပြီးတော့ လုပ်တယ်လို့ ထင်မှတ်ဖွယ်ရာ ရှိတာပေါ့။ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာပေါ့။”

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ အစိုးရက ပြုပြင်ပြောင်းလဲရေးသမားတွေကို နှစ်နှစ်ကာကာ မရှိဘူးလို့ ကောက်ချက်ဆွဲ ပြောပါတယ်။

“ဦးလွန်းမောင်ကို ဖြုတ်လိုက်တဲ့ ကိစ္စတို့၊ အခု ဦးဆန်းဆင့် ကလည်း ဧရာဝတီတိုင်းမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းလွှတ်တော် အနေနဲ့ Check and balance လုပ်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီလူတွေက တကယ့်ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တဲ့ လူတွေလို့ ပြည်သူလူထုအမြင်မှာတော့ ခံစားရတာပေါ့။ အဲဒီတော့ သမ္မတက ဒီလူတွေကို ဆော်တဲ့အခါကျတော့ နောက် ဖြုတ်လိုက်တဲ့ အမှုကိစ္စတွေကလည်း တခြားကိစ္စနဲ့ ယှဉ်လိုက်လို့ ရှိရင် သိပ်ကြီးတာ မဟုတ်ဘူးလို့ ယူဆကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ၊ မီဒီယာ အသိုင်းအ၀ိုင်းမှာတော့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့သူတွေကို သိပ်နှစ်နှစ်ကာကာ မရှိဘူးဆိုတဲ့ ကောက်ချက်မျိုးပေါ်လာတာပေါ့လေ။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က တော့ အစိုးရရဲ့ အခု လုပ်ရပ်ကို ကြိုဆိုလိုက်ပါတယ်။

“အလားတူပဲ အခြား ဌာနဆိုင်ရာ ၀န်ကြီး၊ ဒုဝန်ကြီးများကိုလည်း သေသေချာချာ စစ်ဆေးဖို့ သင့်နေပြီ။ တကယ်တမ်း ပြည်သူတွေဆီက ကောက်ခံရရှိထားတဲ့ အခွန်ငွေနဲ့လုပ်တဲ့ ဘတ်ဂျက်ကို အမှန်တကယ် သုံးသင့် မသုံးသင့် ကို လွှတ်တော်မှာပဲ ပြောမယ့်အစား တကယ်တမ်း စစ်ဆေးတဲ့အဖွဲ့တွေက အမှန်တကယ် စိစစ်ပြီးတော့ အမှန်တကယ် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ချီးကျူးဂုဏ်ပြုထိုက်တယ်။ ဒီလိုပဲ အလွဲသုံးစား လုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ သူ့ရဲ့ ပြစ်ဒဏ်အလိုက် တရားဥပဒေအတိုင်း လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီဖြစ်စဉ်မျိုးဖြစ်တဲ့ မည်သူ့ကို မဆို ဘယ်လောက်ပဲ ရာထူး ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဥပဒေအတိုင်း လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီအပေါ်မှာလည်း လက်ရှိအစိုးရကို ကြိုဆိုပါတယ်။”

ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲပြီး အခုလို အရေးယူလိုက်တာဟာ ဦးသိန်းစိန်အစိုးရပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ခြေလှမ်းလားလို့ ၁၉၉၀ ပုလဲမြို့နယ် အမတ်ဟောင်း ဒေါက်တာ တင့်ဆွေကို မေးမြန်းရာမှာ ပြောရမှာ အတော်ခက်တယ်လို့ ဆိုပါတယ်။

“အခုအစိုးနဲ့ စစ်အစိုးရလက်ထက်မှာ အဲဒီလို တာဝန်ရှိတဲ့သူတွေကို အရေးယူမှုလုပ်တဲ့ အပေါ်မှာ မှတ်ချက်ပေးရတာ တော်တော်လေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ကြည့်ရင်တော့ ဒါ အပြစ်ရှိတဲ့သူကို အရေးယူတာကတော့ ကောင်းတယ်၊ သင့်တယ်၊ ဒါကို ကြိုဆိုရတပေါ့။ သို့သော်လည်း တခါတလေမှာ အပြစ်ရှိတယ်လို့ ပြောတဲ့သူက တကယ်မရှိဘူးဆိုတာ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလိုမျိုးပေါ့။ နောက်တခါ အစိုးရပိုင်းက ကြည့်ရင် အရေးယူခံရတဲ့သူက အရေးယူခံရလောက်အောင် ဆိုးတာရှိသလို၊ အဲထက် ဆိုးတဲ့သူတွေကို အရေးမယူတာတွေလည်း ရှိတော့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဖို့ ပြောတာနဲ့တော့ တိုက်ရိုက်ဆိုင်မလား၊ မဆိုင်ဘူးလား ပြောရမှာ တော်တော်ခက်တယ်လို့ ပြောရမယ်။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတဦးကို တာဝန်က ရပ်စဲပြီး အမှုဖွင့် စစ်ဆေး အရေးယူတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အပြည့်အစုံသို့...

ဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်မှာ ထိန်းသိမ်းထား

RFA - 2014-06-20

မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေပုံစံတွေနဲ့ ၀န်ကြီး ဦးဆန်းဆင့်ရဲ့နေအိမ်နဲ့ ပတ်သက်ရာနေရာတွေ မှာလည်း ရှာဖွေစစ်ဆေးနေကြောင်း သိရပါတယ်။

ဝန်ကြီး ဦးဆန်းဆင့်ဟာ မဟာသန္တိသုခကျောင်းတိုက် အရေးကိစ္စမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်ပေးချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင် တာတွေကြောင့် ဖမ်းဆီးအရေးယူတာဖြစ်ကြောင်း နိုင် ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်သူ့ လွှတ်တော်ကို တက်ရောက်စဉ် သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

"မဟာသန္တိသုခကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့၊ မဟာသန္တိသုခဖြစ်စဉ်စပြီးတော့ ဖြစ်တဲ့အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ သာသနာဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ဝင်ရောက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်တဲ့ အနေအထားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်၊ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေဖြစ်တယ်၊ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်၊ ဒါကြောင့်မို့ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်တာပါ"

ဒါ့အပြင် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို တာဝန်ကနေ နှုတ်ထွက်ခွင့် ပေးလိုက်ကြောင်းလည်း ဦးရဲထွဋ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လစ်လပ်သွားတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ လက်ရှိသာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းကို ခန့်အပ်လိုကြောင်း မနေ့က ဇွန်လ ၁၉ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ
ဒီဗွီဘီ - 20 June 2014

နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဦးဆန်းဆင့်ကို ပြည်ထဲရေးဌာနက အမှုတခုနဲ့ဖွင့်ပြီး စစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူဆောင်ရွက်လိုက်တာဟာ သန္တိသုခနဲ့ပတ်သက်ပြီး အစိုးရနဲ့ သံဃာတွေအကြားမှာ နားလည်မှု လွဲစေတာကြောင့် ဖြစ်တယ်လို့ ဇွန် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောပါတယ်။

“၁၉၉၀ ပြည့် သံဃဥပဒေရှိတယ်။ သံဃဥပဒေမှာ သံဃမဟာနာယကအဖွဲ့က တိုင်ကြားလို့ရှိရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ အမှုဖွင့်ပေးရတယ်။ ဒီ သန္တိသုခက ကိတ်စကလည်း အကြောင်းအချက်တခုဖြစ်တယ်။ သန္တိသုခဖြစ်စဉ် စဖြစ်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ တဖက်နဲ့ ဟိုဘက် ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော။ ဆရာ၊ ဒကာအနေနဲ့ရော ၀င်ရောက် ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကိစ္စအပါအ၀င် ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်သူတွေအကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံး အစိုးရနဲ့ သံဃာတွေအကြားမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေ ဖြစ်စေတယ်။ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာ တွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တဲ့ သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က မလွဲမရှောင်သာ အရေးယူလိုက်တာ”လို့ ပြောပါတယ်။

အပြည့်အစုံသို့...

PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်

RFA - 2014-06-20

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

နေပြည်တော် မောခမ်းနွံစားသောက်ဆိုင်မှာ NBF အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

"ကျနော်တို့ ထုတ်ပြန်တဲ့အခါမှာ ပြည်နယ်တွေကို ကွက်ပြီးမလုပ်ဖို့ တောင်းဆိုမှာမဟုတ်ဘူး၊ ဒီ PR စနစ်နဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ တောင်းဆိုမှာပါ၊ မိမိရဲ့ မဲတစ်မဲဟာ ဘယ်လောက် တန်ဖိုးရှိမှန်း ပညာပေးဖို့ အများကြီးလိုပါတယ်၊ အဲဒါကြောင့် ကျနော်တို့နိုင်ငံရဲ့ ပညာရေး၊ ကျေးလက်နွမ်းပါး မှုတွေ ထောက်ထားပြီးတော့ပေါ့ဗျာ၊ လက်ရှိစနစ်ရဲ့ အားနည်းချက်ကို အားသာချက်ဖြစ်အောင်ပြောင်းပြီး မှ တော်တော်လေးကြိုးစားဖို့လိုတယ်၊ နောက်စနစ်တစ်ခုကို ပြောင်းတာမျိုးက လိုအပ်ရင် နောက်မှပြောင်းဖို့ပေါ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ကျနော်တို့တင်ပြမှာ"

ဒါ့အပြင် NBF အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပီအာ (PR) ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့အကြောင်း စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆီကို တင်ပြဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းတာဖြစ်ပြီး အဲ့ဒီအဆိုကို ကန့်ကွက်ဆွေးနွေးသူတွေရှိပေမဲ့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတဲ့အတွက် အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီး မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တအာင်းအမျိုးသားပါတီ ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီစတဲ့ တိုင်းရင်းသားပါတီ ၂၀ နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

အပြည့်အစုံသို့...

အစိုးရတပ်ရဲ့  လိင်အကြမ်းဖက်မှု မှတ်တမ်းများ

ဦးအောင်ခင်, ကျော်ကျော်သိန်း
VOA - 19.06.2014 18:47

အစိုးရစစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့်တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့  အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တိုင်းရင်းသူအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစိုးရတပ်ရဲ့  မုဒိမ်းမှတ်တမ်းကို အခါမလင့် ဖော်ထုတ်ကြပါတယ်။ ဇန်နဝါရီလထုတ် အစီရင်ခံစာမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်ကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြို့ နယ် (၃၅) ခုမှာ အစိုးရတပ်ရင်း (၃၈) ရင်းက ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်ဟာ အရပ်သားကို အန္တရာယ်အဖြစ် သတ်မှတ်တာမို့ တိုင်းရင်းသားစိတ်ဓါတ်ပျက်ပြားအောင် မုဒိမ်းလက်နက်ကို အဖြစ်သုံးတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်ရဲ့  မုဒိမ်းမှုတွေကို အမျိုးသမီးအဖွဲ့အသီးသီးက မှတ်တမ်းတင်ထားတာတွေလည်း ရှိပါတယ်။ ၁၉၈၈ မတိုင်မီက ကရင်အမျိုးသမီးအစည်းအရုံးသာ ရှိခဲ့ပေမယ့် (၈၈) နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးတိုင်းလိုလိုမှာ အမျိုးသမီးအဖွဲ့အစည်းတွေရှိလာပြီး နိုးကြားတက်ကြွလာတာ တွေ့ရပါတယ်။ ၁၉၉၉ ဒီဇင်ဘာလမှာ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကို တည်ထောင်တဲ့အခါမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ကျယ်ပြန့်လာပါတယ်။ အစိုးရတပ်ရဲ့  မုဒိမ်းကျင့်မှုတင်မကတော့ဘဲ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး ပညာပေးအစီအစဉ်တွေကို အကောင်အထည်ဖော်ပါတယ်။ အစီရင်ခံစာ ပုံမှန်ထုတ်ပြန်လာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ရဲ့  ဖိတ်ကြားချက်အရ နိုဘယ်ဆိုရ အမျိုးသမီးကိုယ်စလှယ်အဖွဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသကို ၂၀၀၈ မှာ သွားရောက်လေ့လာပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံကြပါတယ်။ နောက်တော့ ၂၀၁၀ မတ်လမှာ မြန်မာပြည်က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာခုံရုံးဖွဲ့ပြီး နယူးရော့ခ်မြို့ မှာ ကြားနာပါတယ်။ မြန်မာနိုင်ငံသူ (၁၂) ဦးရဲ့  ထွက်ဆိုချက်တွေကို ခုံသမာဓိပညာရှင် (၄) ဦးက ကြားနာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်မှာ ခလရ (၅၆၇) က စစ်သားတဦး မုဒိမ်းမှု ကျူးလွန်တာကို တပ်မမှုးက တောင်းပန်ပြီး တရားဥပဒေအတိုင်း အရေးယူပြီး အရပ်ဖက်ကို လွှဲပေးမယ်လို့ ကတိပေးသွားကြောင်း မေလ (၃၀) ရက်ထုတ် မဇ္ဈိမသတင်းမှာ ဖော်ပြတာကိုကြည့်ရင် အမျိုးသမီးတွေရဲ့  ဆောင်ရွက်ချက်ဟာ အချည်းအနှီး မဖြစ်တာသိသာပါတယ်။

တကယ်တော့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာအရပ်မှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သက်ဆိုင်သူတွေမှာ တာဝန်ရှိကြောင်း (၁၉၄၉) ဂျနီဗာသဘောတူညီချက်နဲ့ နောက်ပိုင်း ပြဌာန်းခဲ့တဲ့ သဘောတူညီချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မုဒိမ်းမှုတွေ တိုးပွားလာတဲ့အတွက် စစ်ပွဲမှာ ပါဝင်သူအားလုံး မိန်းမနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၀ ခုနှစ် အောက်တိုဘာလမှာ ဆုံးဖြတ်ချက်ချပါတယ်။ နောက် (၁၀) နှစ်ကြာတဲ့အခါ လိင်အကြမ်းဖက်မှုကို လက်နက်အဖြစ် အသုံးပြုတာဟာ ပဋိပက္ခကို သက်ဆိုးရှည်စေတဲ့အတွက် ငြိမ်းချမ်းရေးကို ဟန့်တားရရောက်ကြောင်း ၂၀၁၀ ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက်ချ ပြန်ပါတယ်။ ဒီကိစ္စကို အစီရင်ခံစာတင်ဖို့ (၂၀၁၃) ဇွန်မှာ ဆုံးဖြတ်ပြီး လွန်ခဲ့တဲ့ မတ်လမှာ ဘန်ကီမွန်းရဲ့  အစီရင်ခံစာ ထွက်လာပါတယ်။

လွန်ခဲ့တဲ့ မတ်လ (၁၃) ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း လုံခြုံရေးကောင်စီကို တင်သွင်းတဲ့အစီရင်ခံစာမှာ (၂၀၁၃) ခုနှစ်အတွင်း နိုင်ငံ (၂၀) မှာ ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေကို မီးမောင်းထိုးပြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ အထင်အရှား ပါဝင်နေပါတယ်။ စုံစမ်းစစ်ဆေးတာ ခက်ခဲလို့ လိင်အကြမ်းဖက်မှုကို ဖော်ပြရာမှာ အကန့်အသတ်ရှိပေမယ့် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မုဒိမ်းမှုတွေ ဖြစ်ပွားနေတာကို အရေးယူဖို့ ဗမာအစိုးရကို တိုက်တွန်းထားပါတယ်။ လုံခြုံရေးကောင်စီမှာ လိင်အကြမ်းဖက်မှုကို ဆွေးနွေးနေစဉ် ကရင်အမျိုးသမီးအဖွဲ့အတွင်းရေးမှုးနဲ့ အမျိုးသမီးအဖွဲ့ချုပ်ရဲ့  အမှုဆောင်ဖြစ်သူ နော်ကညောဖော က မြန်မာနိုင်ငံအခြေအနေကို သီးခြားတင်ပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသမီးအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို မြန်မာပြည်အတွက် တာဝန်မပေးနိုင်သေးတာဟာ အားနည်းချက်တခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေ (၂၀၁၃) မှာ အကြမ်းဖက်ခံရပုံကို အထူးကိုယ်စားလှယ်က လွန်ခဲ့တဲ့ ဧပြီလ (၁) ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ပထမ (၈) လမှာ အမျိုးသမီး (၇၀၀) နီးပါး မုဒိမ်းကျင့်ခံရပြီး တရာကျော် အက်ဆစ်နဲ့ ပက်ခံရပါတယ်။ စစ်တကောင်းမှာ ဒေသခံတွေကို ဘင်္ဂလီက မုဒိမ်းကျင့်ပုံကိုလည်း အထူးကိုယ်စားလှယ်က ကြားနာခဲ့ကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပြည့်အစုံသို့...

မြန်မာ ဘာသာကူးပြောင်း ဥပဒေကြမ်းကို ကုလ ကျွမ်းကျင်သူတွေ ဝေဖန်

ဗွီအိုအေ (မြန်မာပိုင်း)
21.06.2014 06:28

မြန်မာနိုင်ငံမှာ လက်ရှိ အဆိုပြုထားတဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လူသားတဦးအနေနဲ့ ဘာသာတရားကို လွတ်လပ်စွာ ပြောင်းပိုင်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်တဲ့အတွက် အဲဒီဥပဒေကြမ်းကို အတည်မပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရဟန်းရှင်လူတွေအနေနဲ့ အကြံပြုချက် မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ အဲဒီ ဥပဒေကြမ်းထဲမှာ ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းလိုသူတွေအနေနဲ့ အလွယ်တကူ ကူးပြောင်းလို့မရနိုင်အောင် လုပ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘာသာတရား လွတ်လပ်ခွင့်၊ လူမျိုးစုရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေး ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေကိုလည်း မတန်တရား ပြစ်ဒဏ် စီရင်ဖို့ အဆိုပြုချက်ထဲမှာ ထည့်သွင်းထားတယ်လို့ အဲဒီ ကျွမ်းကျင်သူတွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး တချို့အပိုဒ်တွေဟာလည်း ဘာသာရေးဆိုင်ရာနဲ့ လူနည်းစုတွေအပေါ် ဖိနှိပ်ချုပ်ချယ်ရာ ရောက်စေမယ့် အဓိပ္ပါယ် ဖွင့်ဆိုလို့ ရနိုင်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဥပဒေပြုရာမှာ အများပြည်သူရဲ့ သဘောဆန္ဒပါဝင်နိုင်အောင် လုပ်ဆောင်တာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ဒီကိစ္စမှာတော့ ဘာသာရေး တခုပေါ် တဖက်သတ် ဖိနှိပ်ချုပ်ချယ်လို့ရအောင် တမင် သွေးထိုး လှုံ့ဆော်ပေးနေသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာသာတရား ကူးပြောင်းခွင့်ကို အစိုးရက ကန့်သတ် ချုပ်ချယ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ မကိုက်ညီတဲ့အပြင် တရားမ၀င်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Heiner Bielefeldt က ပြောပါတယ်။

အပြည့်အစုံသို့...

ရခိုင်ဝန်ကြီးချုပ် ဘာကြောင့် နှုတ်ထွက်ရသလဲ

နန္ဒာချမ်း
VOA - 20.06.2014 22:17

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲတစ်ဦး နှုတ်ထွက်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်းကြည့်တော့ -

"သူနှုတ်ထွက်ရတာကို ပြောမယ်ဆိုရင်တော့ အဓိက ကတော့ ဖိအားတွေပေါ့ တောက်လျှောက်မှာ တော်တော်များများ ဖိအားတွေကြုံလာရ တာ တွေ့ရတယ်။ ပထမ ဖိအားကတော့ သူ့ရဲ့ cabinet အတွင်းမှာကို သူ့ cabinet ကိုသူ မထိန်းနိုင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်တယ်။ ပြီးရင် ဒီဖက်မှာရှိတဲ့ NGO INGOတွေရဲ့ ဖိအားရယ် ပြည်ထောင်စုက ဖိအားရယ် နိုင်ငံတကာအသိုင်းအဝန်းတွေရဲ့ ဖိအားရယ် အဲ့ဒီ ဖိအားတွေကြောင့် သူ့အနေနဲ့ နှုတ်ထွက်ရတယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်မိတာပေါ့။

မေး ။ ။ ဘယ်လိုဖိအားမျိုးတွေလဲ။ ဘာ့ကြောင့် ဖိအားပေးတာလဲရှင့်။

ဖြေ။ ။ ဘယ်လိုဖိအားမျိုးတွေလဲ ဆိုတော့ ဒီ ကျနော်တို့ရဲ့ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေနဲ့ ပါတ်သက်ပြီးရင် အဓိက ဖိအားပေးတဲ့ အပိုင်းကတော့ ကျနော့် အမြင်ကတော့ ပြည်ထောင်စုဖက်က သူ့အပေါ် ဖိအားပေးတဲ့ အပိုင်းက များမယ်။ ပြီးရင် ဦးလှမောင်တင် အနေနဲ့ ဒီလိုနှုတ်ထွက်ရတဲ့ အပိုင်းကလည်း သူက ဓားစာခံ တစ်ယောက် အနေနဲ့ ဖြစ်သွားတဲ့ ပုံသဏ္ဍန်မျိုး အနေနဲ့ ရှူ့မြင်သုံးသပ်တာပေါ့။

ဘာဖြစ်လို့လည်းဆိုတော့ International ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ အဓိက အုပ်ချုပ်ရေးအာဏာကို ကိုင်တဲ့ ပြည်ထောင်စုအစိုးရပေါ့ ဦးသိန်းစိန်အစိုးရရယ် International ဖိအားတွေကိုပြောမယ်ဆိုရင် ပြည်ထောင်စုအစိုးရက ထွက်ပေါက်ရှာတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဒီပြည်နယ်မှာရှိတဲ့ အကြီးဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ ဝန်ကြီးချုပ်ကို သူတို့က အနားပေးလိုက်တဲ့သဘောမျိုး အဲလိုမျိုး ပေးလိုက်ခြင်း အားဖြင့် နိုင်ငံတကာအလည်မှာ ပြောမယ်ဆိုရင် ဒီပြည်ထောင်စုအစိုးရ အတွက် မျက်နှာပွင့်လာနိုင်တဲ့ အတိုင်းအတာ အဲလိုမျိုး ပုံစံမျိုးကြောင့် ဦးလှမောင်တင် ကို နှုတ်ထွက်ဖို့ အတွက် ဖိအားပေးပြီးရင် ဦးလှမောင်တင် နှုတ်ထွက်ခဲ့ရတဲ့ သဘောမျိုးဖြစ်သွားတယ်လို့ ကျနော်တို့အနေနဲ့ လေ့လာသုံးသပ်မိတာပေါ့။

မေး ။ ။ ဟုတ်ကဲ့ရှင့်။ ဦးအောင်မြတ်ကျော်က ရခိုင်ပြည်နယ် လွှတ်တော် အမတ်တဦး အနေနဲ့ ပေါ့နော် ဒီ ဝန်ကြီးချုပ် ဦးလှမောင်တင် နဲ့ နှစ်နဲ့ချီပြီးတော့ သူနဲ့ အလုပ်တွဲလုပ်ဖူးတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုပေါ့ ဘယ်လိုမြင်ရသလဲရှင့်။

ဖြေ ။ ။ သူကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပေါ့။ သူ့မှာက ခက်တာက သူ့အသိုင်းအဝိုင်းတွေမှာ သူ့ကို ရံပေးမယ့် ညီအကိုရောင်းရင်းလို သူ့ကို ဝန်းရံပေးမယ့် ပုဂ္ဂိုလ်က သူ့မှာမရှိဘူး။ သူက တစ်ယောက်ထည်းကို ရုန်းကန်နေရတဲ့သဘောမျိုး။ သူ့ Cabinet လို့ပြောရမယ့် ပြည်နယ်အစိုးရအဖွဲ့မှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ကလည်း သူ့ကို ပံ့ပိုးပေးရမယ့်အစား သူ့ကို တော်တော်များများ တိုက်ခိုက်ကြတဲ့ အခြေအနေတွေကိုလည်း အများကြီးတွေ့ရတာပေါ့။

အဲ့ဒီ့အပိုင်းမှာ နောက်ပိုင်းတော့ ပြောမယ်ဆိုရင် ဦးလှမောင်တင်ရဲ့ ဒီဖက် သူ့ရဲ့ အရည်အချင်းက သူက တစ်ဦးတည်းသူက ဦးဆောင်သွားရတဲ့ သဘောမျိုးလို ဖြစ်တဲ့အပိုင်းမှာ တစ်ချို့ နေရာတွေမှာ တော်တော်များများ လစ်ဟာမှုတွေ ရှိသွားတဲ့ အတိုင်းအတာလေးတွေ ဖြစ်သွားတာပေါ့။ အဲ့လိုမျိုးသာ သူတို့ရဲ့ အစိုးရ တစ်ဖွဲ့လုံး စည်းစည်းရုံးရုံးနဲ့သာ အဲ့လိုမျိုး ပြသနာတွေကို အမှန်အတိုင်း ရင်ဆိုင်မယ်ဆိုရင် ဒီလိုမျိုး ပြသနာ ကြီးကြီးမားမား သူ နှုတ်ထွက်ရတဲ့ အဆင့်အထိတော့ မဖြစ်နိုင်ပါဘူး။ အခုကတော့ သူ့အတွက်လည်း စိတ်မကောင်းပါဘူး။

သူလည်း တကယ့် အရည်အချင်းရှိတဲ့ ရခိုင် ပြည်သူလူထု အတွက်လည်း ပြောမယ် ဆိုရင် သူ အများကြီး ပံ့ပိုးပေးခဲ့တာ။ မှားမှား မှန်မှန် ရပ်တည်ပေးခဲ့တဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ရခိုင် ပြည်သူလူထု နစ်နာမှု မရှိရအောင် အများကြီး သူ ကာကွယ်ပေးခဲ့တဲ့ အပိုင်းက ကျနော်လည်း တွဲခဲ့တဲ့ အပိုင်း တွဲဖြစ်တဲ့ အချိန်မှာ တော်တော်များများကို တွေ့ကြုံခဲ့ရပါတယ်။

မေး ။ ။ ဟုတ်ကဲ့ရှင့် ဒါဆိုရင် ဒီဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်ပြီဆိုတော့ သူ့နေရာမှာပေါ့လေ ဘယ်သူ့ကို အစားထိုးမှာလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ အဓိကကတော့ သမ္မတနဲ့ပဲ သက်ဆိုင်တာပေါ့။ သမ္မတက သူ့ရဲ့ အနောက်ဖက်အပိုင်း အတွက် သူ့ရဲ့ မဟာဗျူဟာ အခင်းအကျင်း ဘယ်လိုမျိုး လူတင်ချင်သလဲ။ အခင်းအကျင်းအတွင်းမှာရှိမလဲ။ အဲဒါအပေါ်မှာ အဓိကမူတည်တယ်။ အကောင်းဆုံးကတော့ ကျနော်တို့ ဒီဖက် အခု ကြားနေရတဲ့ အပိုင်းကတော့ ဘယ်လိုပြောမလဲဆိုရင် ခက်တော့ခက်သား တစ်ဦးဦးကို အစားထိုးမယ်လို့ ကျနော်တို့ ကြားနေရတယ်။ ခက်တော့ခက်သား အစားထိုးလာရင် ရခိုင်ပြည်သူလူထုအတွက်ကတော့ ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ ကျနော့် အနေနဲ့ သုံးသပ်ချင်တယ်။

ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်း ခဲ့တာပါ။ အခုလို မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးကတည်းကဆိုရင် - ပြည်နယ်နဲ့တိုင်းဒေသကြီးတခုရဲ့ အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဒီလိုမျိုး နှုတ်ထွက်တာဟာ ဒါ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။

အပြည့်အစုံသို့...

သာသနာရေးဝန်ကြီးကို အရေးယူ

ငြိမ်းချမ်း
VOA - 20.06.2014 22:49

လုပ်ကိုင်ဆောင်ရွက်ချက်တွေမှာ ချို့ယွင်း အားနည်းချက်တွေရှိတယ်၊ မဟာ သန္တိသုခ အရေးမှာ သမ္မတက မှာကြားထားတာထက် ဘောင်ကျော် လုပ်ကိုင်တာတွေ ရှိတယ် စတဲ့ အချက်တွေကြောင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို မလွဲမရှောင်သာ အရေးယူခဲ့ရတယ်လို့ အစိုးရ အဖွဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အသေးစိတ်ကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

လုပ်ကိုင်တာ ချို့ယွင်း အားနည်းချက်တွေရှိတယ်၊ မဟာ သန္တိသုခ အရေးမှာ သမ္မတက မှာကြားထားတာထက် ဘောင်ကျော် လုပ်ကိုင်တာတွေ ရှိတယ် စတဲ့ အချက်တွေကြောင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို မလွဲမရှောင်သာ အရေးယူခဲ့ရတယ်လို့ အစိုးရ အဖွဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"ဦးဆန်းဆင့် အနေနဲ့ ခုနက ကျနော်ပြောတဲ့ အဓိက မူဝါဒ နှစ်ခုအပေါ်မှာ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ချို့ယွင်းချက် အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါတွေကြောင့် တာဝန်က ရပ်စဲလိုက်ရတာဖြစ်တယ်။ သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ချက် အပါအဝင်ပေါ့။ တစ်ချို့ကဆိုရင် သမ္မတကြီး မှာကြားတဲ့ ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်။ ဒါ့ကြောင့်မို့လို မလွှဲမရှောင်သာ အခုလို အရေးယူဆောင်ရွက်လိုက်ရတာ။"

ဦးဆန်းဆင့်ဟာ သာသနာရေး ဝန်ကြီးဌာန ပိုင်ငွေ တွေကို မိသားစုပိုင် ငွေအဖြစ် လှူ ဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးက ရဲစခန်း မှာ အမှုဖွင့် တိုင်ကြားထားတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီလို အရေးယူထားတဲ့ ဆိုတဲ့ သတင်းတွေ အပေါ် မန္တလေးက စာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ ဦးကျော်ရင်မြင့်က အရေးယူရင် အပြစ်ရှိသမျှ အကုန်လုံးကို ဖော်ထုတ်အရေးယူပါ။ ဟိုတစ်ကွက် ဒီတစ်ကွက် ကွက်ပြီး အရေးမယူပါနဲ့ လို့ ပြောပါတယ်။

"သန္တိသုခ ကိုင်တွယ်တာနဲ့ပဲ အရေးယူပါ။ အခုနက သိန်းတစ်ရာက ရမယ်ရှာပြီး အရေးယူတာလား။ အဲ့ဒီလို ကျနော်က မြင်ပါတယ်။ သိန်းတစ်ရာပဲ လုပ်လုပ် သိန်းတစ်ထောင်ပဲ လုပ်လုပ် သိန်းတစ်သောင်း ပဲလုပ်လုပ် အလွဲသုံးစားလုပ်ရင် အလွဲသုံးစားလုပ်တာပါပဲ။ အဲ့ဒီတော့ အလွဲသုံးစားလုပ်တာအတွက်လည်း အရေးယူပါ။ စီမံခန့်ခွဲလုပ်တာ လွဲမှားမှုရှိတာဆိုလို့ရှိရင်လည်း အဲ့ဒီဟာကိုလည်း အရေးယူပါ။ ကျနော်ကတော့ အပြစ်ရှိရင် ရှိတာတွေအားလုံးကို အရေးယူစေချင်ပါတယ်။ ဟိုဟာကို မကြိုက်လို့ ဒီဟာလေးကို မွေးထားပြီး အရေးယူတာမျိုးတော့ မဖြစ်စေချင်ပါဘူးဗျာ။"

အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေ ရဲ့ အကျင့်ပျက်ခြစားမှုတွေ အတွက် သူမှာ သက်သေအထောက်အထားတွေ ရှိတယ် ဆိုတဲ့ ဦးဆန်းဆင့် ရဲ့ ပြောဆိုခဲ့တယ် ဆိုတဲ့ အချက်အပေါ် မှာလည်း အခုလို မှတ်ချက်ပေးပါတယ်။

"ဦးဆန်းဆင့်အနေနဲ့လည်း ကျနော့် အမြင်အရ။ ရှိတယ်ဆိုရင်လည်း အဲဒါကို ဝှက်ဖဲတစ်ခုကို ကိုင်ထားမယ့်အစား တိုင်းပြည်ကို တကယ်ချစ်ကြတဲ့လူတွေ တကယ်လုပ်ကြတဲ့လူတွေ ဆိုလို့ရှိရင် သိရင်သိတာနဲ့ လိုအပ်ရင်လိုအပ်သလို သူတို့တည့်မတ်အရေးယူအောင် ဆောင်ရွက်ပေးဖို့ ဦးဆန်းဆင့်မှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ထပ်ပြီး အရေးယူရအုန်းမယ်ဆိုရင်တော့ အဲဒီ တာဝန်ကွက်ပျက်မှု အတွက်ပါ အရေးယူသင့်တယ်လို့ ကျနော် မြင်ပါသေးတယ် ခင်ဗျ။

ဦးဆန်းဆင့်ဟာ သာသနာရေး ဝန်ကြီး အဖြစ် မထမ်းဆောင်ခင် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

အပြည့်အစုံသို့...

သံဃာ ၅ ပါး အာမခံကြေး သိန်းတထောင်နဲ့ ပြန်လွတ်

အပြည့်အစုံသို့...

သန္တိသုခအရေး ဒီမိုကရေစီ ဦးတည်မှုကို သံသယဖြစ်စေလို့ ပီနန်ဆရာတော် မိန့်ကြား (ရုပ်သံ)

အပြည့်အစုံသို့...

ဦးဆန်းဆင့်ကို အာဏာအလွဲသုံးမှုနဲ့ ဖမ်းဆီးအရေးယူ (ရုပ်သံ)

အပြည့်အစုံသို့...

Friday, June 20, 2014

ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ်ပြည့် မွေးနေ့ မြင်ကွင်းများ (ရုပ်သံ)

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ် (ရုပ်သံ)

အပြည့်အစုံသို့...

လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ

လက်စောင်းထက်
(Kyaw Swar Myint's Facebook Status)

ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက်က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကို နောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှ ပြောမလို့ပဲ။ ဒါပေသိ သူကသူ့ထမင်း သူစားပြီး တစ်နိုင်ငံလုံးရဲ့ မေတ္တာကို လောလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့ သူ့အကြောင်း ပြောရပေတော့မယ်။ ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the week aပါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲ ဆက်ပြီး မြန်မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့။ ဒီတော့ ဒီတစ်ပတ်တော့ ခင်ဗျားကို အဲဒီခရိုနီအကြောင်း ပြောပြမယ်။

ဒီလိုဗျ။ ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလို ငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင် ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။

လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေး/ရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆယ် ၁၀၅ မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်းဆိုပြီး အအေးခန်းတွေ ဆောက်တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှ အဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်းမနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလို ဖြစ်သွားတယ်။ အဲဒီစစ်အာဏာရှင် ခေတ်က ၀န်ကြီးဝန်ကလေးတွေကလည်း လူယုတ်မာတွေ၊ လူလိမ်လူကောက်တွေကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြလို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ် ရှာတော့တယ်။

''အရင် စစ်အာဏာရှင်အစိုးရက သနားစရာဗျ။ စီးပွားရေးသမားယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ ချေးမိတော့ သူတို့ ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ်ချပေးရတော့တာပေါ့ဗျာ။''

အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ ချိတ်ဆက်မိပြီး အိုင်ဗင်ဟို ကုမ္ပဏီက စမ်းသပ်ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည်တာလဲ။ ယုတ်စွအဆုံး ဦးပိုင်က ဘာလို့ အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ ဘာဖြစ်လို့ တကယ့်ရွှေကြောကြီးကို လူမသိသူမသိ စီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။ ဒီတော့ အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ ချေးတယ်။ ပြောလို့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။

သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံးကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ် ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေးကျန် ဘယ်လောက် ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ် ၇ ဆိုတာ ကျွန်တော့် အထင်တော့ အချမ်းသာဆုံးကို ပြောတာမဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။ ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။ အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။

ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့ တွဲတဲ့ ဇာတ်လမ်းက တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်မလေးတစ်ယောက်ကို ဖက်ရှင်ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့ မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ် ထူထောင်လိုက်တာပဲ။ ပြသနာက အဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။ သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ် စီးပြီး ခရီးသွားလို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီး အာကာသ ခရီးအတွက် ဆေးစစ်ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်း စားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြားပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင်ပါတယ်။ ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။ စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးက ချက်ခြင်း သိအောင် လုပ်တာလားတော့ မပြောတတ်ပါဘူးဗျာ။ နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။

သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ်သမားတွေရဲ့ ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲ မဟုတ်ပါလား။ တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန်လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးက နတ်လူသာဓု မခေါ်ပေဘူးလား။ သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့် မွေးရေဘဏ်ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့ Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ အဲဒီတုန်းက အာမခံပြီး ထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့ မွေးရေ၀န်ကြီး၊ အခုကြံခိုင်ရေး ပါတီ အတွင်းရေးမှူး ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာပြောရတယ်။ အရင် စစ်အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမားယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ ချေးမိတော့ သူတို့ ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့တာပေါ့ဗျာ။

အခုအုပ်ချုပ်နေတဲ့ သူတွေ အများစုကလည်း အဲဒီခေတ်လက်ကျန် လူတွေမဟုတ်လား။ သူတို့ရဲ့ ကျန်သေးတဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ ခင်ဗျားလည်း ၀န်ကြီးဝန်ကလေး တစ်ယောက်ယောက်ကို အယုံသွင်းပြီး လိမ်နိုင်အောင် ကြိုးစားပါလား။ ဒါဆိုခင်ဗျာလည်း ဒီမိုကရေစီအစိုးရခေတ် ခရိုနီစာရင်းဝင် မသွားပေဘူးလို့ မပြောနိုင်ဘူးဗျ ဆိုပြီး သူ့စကားကို အဆုံးသတ်သွားပါတော့တယ်။ ဒါပေမယ့် ကိုယ့်အိမ်ကိုယ်ပြန်ဖို့ စားသောက်ဆိုင်က အထမှာ သူက နောက်တစ်ပတ်က စပြီး မန္တလေးက စခဲ့တဲ့ သမီးတော်တွေရဲ့ ရာဇ၀င်ကို အရှည်ကြီး ပြောပြမယ်။ အရင် အာဏာရှင် သာဂိကြီးရဲ့ သမီးတွေက ပြည်သူတွေကို သာမက ၀န်ထမ်းတွေနဲ့ စစ်ဗိုလ် စစ်သားတွေကိုပါ ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြသလဲဆိုတဲ့ အတွင်းရေးတွေ အကုန် ပြောပြမယ်ဆိုပြီး စကားလက်ဆောင်ပါးသွားလေရဲ့။

လက်စောင်းထက်
(Tomorrow သတင်းဂျာနယ် အမှတ် ၁၆ ပါ သရော်စာ)

အပြည့်အစုံသို့...

ခေတ်ကြီးကိုက ...

Aung Naing Moe's Facebook Status

ခေတ်ကြီးကိုက

ရပ်တန့်ယာဉ်ကြောထဲ
ပိတ်မိနေတဲ့ တက္ကစီသမားရဲ့
ဂဏှာမငြိမ်မှုမျိုး ...

အိမ်ရှင်က ရောင်းထုတ်တော့မှာမို့
အိမ်ပေါ်က ဆင်းပေးရတော့မယ့်
အိမ်ငှားရဲ့ ကသီလင်တ ဖြစ်ပုံမျိုး ...

မိုးရွာလို့ အလုပ်နားထားစဉ်
တခြားအလုပ် ရှာမတွေ့နိုင်သေးတဲ့
ပျံကျအလုပ်သမားရဲ့ ပူပန်မှုမျိုး ...

တနင်္ဂနွေမှာ အချိန်ပိုဆင်းခွင့်ရဖို့
ဆန္ဒပြတောင်းဆိုရတဲ့
အထည်ချုပ်အလုပ်သမရဲ့ မလောက်ငှမှုမျိုး ...

အဝိုင်းလေး လည်နေချိန်
စတေ့တပ်စ် တင်ချင်နေတဲ့
ဖေ့စ်ဘွတ်သမားရဲ့ ဆောက်တည်ရာမရဖြစ်ပုံမျိုး ...

ခြေဥကြီးကို အလုံးလိုက်မြိုမိလို့
လည်ချောင်းမှာ တစ်နေတဲ့
နိုင်ငံရေးသမားရဲ့ မရှုနိုင်မကယ်နိုင်ဖြစ်မှုမျိုး ...

ပဋိပက္ခတွေကို
ရေမရောဘဲ မော့လိုက်မိလို့
လည်ချောင်းတလျှောက်
ပူဆင်းသွားတဲ့ ကမ္ဘာကြီးအတွက်
ဝါးစရာ အမြည်းကလေးတဖတ်တောင်
မတတ်နိုင်တဲ့ ငါ့ရဲ့ အနေအထိုင်မတတ်မှုမျိုး ...

အဲဒီ ခေတ်ကြီးကို
Record လုပ်ထားလိုက်စမ်းပါ။ ။

အပြည့်အစုံသို့...

မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားသည့် ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင် ကွယ်လွန်

June 20, 2014
http://www.news-eleven.com/

ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်
မြန်မာနိုင်ငံ ဆေးပညာလောကတွင် ထင်ရှားပြီးလေးစားသမှုဖြင့် မာမီကြီးဟု ခေါ်ဆိုကြသည့် ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်သည် လူကြီးရောဂါဖြင့် ဇွန် ၁၉ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ် အချိန်တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း အထူးကြပ်မတ်ကုသဆောင်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်သည်။

“ဆရာမကြီးက ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှာ ကွယ်လွန်သွားပါတယ်။ လူကြီးဆိုတော့ ဖြစ်တာတော့အစုံပါပဲ။ ဒီနေ့ နံနက်ပိုင်း ၁ဝ နာရီခွဲ ၁၁ နာရီလောက်မှာ ICU (အထူးကြပ်မတ်ကုသဆောင်)ထဲကို ရွှေ့ပြောင်းပြီး သိပ်မကြာဘူး မွန်းလွဲ ၂ နာရီကျော်မှာ ဆုံးသွားတာပါ။ စိတ်လျှော့လိုက်ပုံရပါတယ်” ဟု ဆရာမကြီးဒေါ်မြင့်မြင့်ခင်၏တစ်ဦးတည်းသော သားဖြစ်သူ မလေးရှားနိုင်ငံ Multimedia တက္ကသိုလ် ဥပဒေပညာမဟာဌာနမှ ပါမောက္ခ ဒေါက်တာမြင့်ဇံက ပြောကြားသည်။

ဆရာမကြီး၏ ရုပ်ကလာပ်အား ကွယ်လွန်သည့် ဇွန် ၁၉ ရက်၌ပင် ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီး ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် ရေဝေးသုသာန်၌ သဂြိုဟ်မည်ဖြစ်ကြောင်းကိုလည်း ဆရာမကြီး၏သားဖြစ်သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ ကြီးပြင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး စစ်တွင်းကာလ ဂျပန်ခေတ်တွင် ဆေးကျောင်းတက်ရောက်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် BA ဘွဲ့၊ ၁၉၅ဝ ပြည့်နှစ်တွင် M.B.,B.S ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု နှင့် ဗြိတိန်နိုင်ငံတို့တွင် ဘွဲ့လွန်ပညာ ဆည်းပူးခဲ့ပြီး ကျန်းမာရေးဌာနတွင် ဝင်ရောက်အမှုထမ်းရာ ဆေးတက္ကသိုလ်မန္တလေးတွင် ဆေးပညာပါမောက္ခ(ဌာနမှူး)အဖြစ် အနှစ် ၂ဝ ဆောင်ရွက်ခဲ့ပြီး ဆေးပညာလောကတွင် ထင်ရှားသည့် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

ဆရာမကြီး၏ ခင်ပွန်းသည်မှာ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစံဘော်ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၅ ခုနှစ်၌ ဆရာမကြီးသည် ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး မလေးရှားနိုင်ငံ UKM ဆေးတက္ကသိုလ်တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်မှာ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှတိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မလေးရှားနှင့် ဩစတြေးလျနိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့၌ပင် နေထိုင်ခဲ့သည်။ ဆရာမကြီးသည် ကွယ်လွန်သည်အထိ ဆေးပညာ၊ ပညာရေး နှင့် ပြဿနာဖြစ်နေသော အကြောင်းများ၊ ဖြေရှင်းရန်လိုသော အကြောင်းခြင်းရာတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော “ကျွန်မအတွက်ကဗျာ” စာအုပ်မှာ ဒေါက်တာဒေါ်မြင့်မြင့်ခင်၏ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ ဆေးသိပ္ပံပညာဦးစီးဌာနမှ ပြုလုပ်သည့် History of Medical Education in Myanmar စာအုပ်ကို အခြားဆရာဝန်များ နှင့်အတူ ကြီးကြပ်ဦးဆောင်ပြုလုပ်နေစဉ်ကာလအတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဆရာမကြီးဒေါ်မြင့်မြင့်ခင်သည် သူမ၏ ကိုယ်ပိုင်ငွေကြေးဖြင့် ပညာရေး၊ ကျန်းမာရေး၊ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်၍ မြင့်မြင့်ခင်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။

အပြည့်အစုံသို့...

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီးအမှုဖွင့်ထား

June 20, 2014
http://www.news-eleven.com/

မေ ၂၉ ရက်က ရှမ်းပြည်နယ် ဟိုပုံးမြို့၌ ပြုလုပ်သည့် ဘုန်းတော်ကြီးသင်ကျောင်းများညီလာခံသို့ တက်ရောက်ခဲ့သော သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်အား လူထုမြင်ကွင်းတွင် နောက်ဆုံးမြင်တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပြည်သူသဘောကျလက်ခံသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁ဝဝ ခန့် အလွဲသုံးစားပြုမှုဖြင့် စသုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ဥတ္တရသီရိမြို့ ရုံးအမှတ် ၃၁ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလအထိ သာသနာ့ဝန်ကြီးဌာန၏ စည်းကမ်းချက်တွင်ပါဝင်ခြင်းမရှိသော လုပ်ငန်းရပ်ဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော်ကို မိသားစုအလှူ တစ်ရပ်အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်ဝန်ထမ်းများအား ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ၊ စက်သုံးဆီအပါအဝင် ငွေကျပ် ၃၃ သိန်းကျော်ကို မိသားစုအနေဖြင့်လှူဒါန်းသော ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၃ဝ.၁၁.၂ဝ၁၃ တွင် ဌာနသို့ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ၂ဝ.၁၂.၂ဝ၁၃ တွင် ပြုလုပ်ခဲ့သည့် ယင်းစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ ကျပ်သိန်း ၁ဝဝ ကျော် ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများအနက် ငွေ ကျပ် ၂၈ သိန်းကျော်ကို ၆.၁၁.၂ဝ၁၃ နေ့မှာ ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ကျန်ငွေ ၇၂ သိန်း ကျော်ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့် မိသားစုအနေဖြင့်လှူဒါန်းကာ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီးနောက် ဝန်ကြီးဌာနငွေစာရင်းများတွင် မမှန်မကန် စာရင်းပြခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဆန်းဆင့်အပေါင်းအပါများအား ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/ ၁ဝ၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်း မြို့မရဲစခန်းတွင် စ.စ.စ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့အတူ ယခင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးတိုးမြှင့်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် အဂတိတရားနည်းပါးသူအဖြစ်လည်း မှတ်ယူခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌရာထူးမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများ က ၎င်းအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ရာထူးတွင်သာ ဆက်လက်တာဝန်ယူရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းခံရသူတစ်ဦးလည်း ဖြစ်သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းတွင် သံဃာတော်များကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်ကာလ၌ သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတ၏ သာသနာရေးအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ဇွန် ၁၉ ရက်တွင် ခန့်အပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယနေ့ညနေသတင်း၌ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲအချို့ ရှိမည်ဖြစ်ပြီး ပြည်သူလူထုနှင့်နီးစပ်သော သဘောထားပျော့ပျောင်းသည့်ဝန်ကြီးများ အနားပေး (သို့မဟုတ်) အထုတ်ခံရဖွယ်ရှိသည်ဟု သိရသည်။
စစ်ဆေးခံနေရသော ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တင်ဆောင်လာသည့် ယာဉ်နှင့် အခြားယာဉ်များကို ပုဗ္ဗသီရိမြို့နယ် မြို့နယ်တရားရုံးမှ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်
ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

သို့ရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ စကားကျွံမှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြည်ထောင်စုဝန်ကြီးအချို့ ပါဝင်ဖွယ်မရှိဟု ခန့်မှန်းနေကြသည်။

“တပ်မတော်ဖက်က ငြိမ်းချမ်းရေးကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ နာမည်ပျက်တဲ့လူတွေ၊ မီဒီယာအပေါ်မှာ စကားအမျိုးအမျိုးပြောတဲ့ သူတွေနဲ့ပတ်သက်ပြီး သမ္မတကိုတင်ပြထားလို့ သိရတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကိုတော့ လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်းမှာတော့ ဖယ်ရှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့ ဘယ်သူဖြစ်ဖြစ် သူတို့မချောင်ဘူး” ဟု ဝါရင့် ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။

၂ဝဝ၄ ခုနှစ်ကလည်း တပ်မတော်၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိကြီးများအား လာဘ်စားမှုဖြင့် အနှစ် ၁ဝဝ ကျော် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့အပြီး ဦးဆန်းဆင့်အား လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ယခင် နရက အစိုးရလက်ထက်၌ လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ပျက်အနည်းဆုံးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးဆန်းဆင့်မှာလည်း ၎င်းကိစ္စ၌ နာမည်ပျက်နည်းသူ ဖြစ်သည်။

ယခု ဦးဆန်းဆင့်အား အရေးယူသောကိစ္စမှာ အံ့ဩဖွယ်ရာကိစ္စဖြစ်ပြီး သိန်းသောင်းနှင့်ချီ၍ အလွဲသုံးမှု သတင်းထွက်ပေါ်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးအား အလုပ်မှနုတ်ထွက်ခွင့်သာပြုခဲ့ပြီး အရေးယူမှု မပြုခဲ့ချေ။ ယခင် တော်လှန်ရေးကော်စီမှစ၍ မဆလနှင့် စစ်အစိုးရအစဉ်အဆက် ထိပ်တန်းအရာရှိကြီးများ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူမှုအများစုမှာ နိုင်ငံရေးနှင့်ဆက်စပ်မှု အများစုသာဖြစ်ခဲ့သည်။

“အခု လာဘ်ပေးရတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးအဆင့် မပြောနဲ့ DG ၊ MD အဆင့်မှာတောင် သိန်း ရာဂဏန်းမရပါဘူး။ တချို့ဆိုရင် ဒေါ်လာ သန်းရာချီ ချမ်းသာတယ်လို့တောင် သိရပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသော သမ္မတဦးသိန်းစိန်အတွက် ပထမဆုံးအရေးယူမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် လက်ကျန် တစ်နှစ်ခွဲအတွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ သူတို့ သားသမီး မိသားစုတွေရဲ့ပိုင်ဆိုင်မှုနဲ့ အလွဲသုံးမှုအစစ်အမှန်တွေကို ပြည်သူတွေနဲ့ တာဝန်သိ ဝန်ထမ်းအဆင့်ဆင့်တွေက ဖော်ထုတ်ကြပါလိမ့်မယ်။ သမ္မတအနေနဲ့ ကျန်တဲ့ဝန်ကြီးတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေကို အတိအကျတိုင်ရင် အရေးယူမလား စိတ်ဝင်စားပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုပါသည်။

အပြည့်အစုံသို့...

Thursday, June 19, 2014

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိ လိုက်စားမှု၊ သံဃာသဘောထား ကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ

RFA - 19-6-2014

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။

သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲ လိုက်ကြောင်း နေပြည်တော်အသိုင်း အ၀ိုင်းက ပြော ပါတယ်။

၂၀၁၃-၂၀၁၄ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာရေးနှစ် အတွက် ၀န်ကြီးဌာနရဲ့ လျာထားချက်မှာမပါတဲ့ လယ်ဝေး မြို့နယ် ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူဘုရား ထီးတော် တင်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ဦးဆန်းဆင့်က မိသားစုအမည်နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ငွေကျပ်သိန်း ၁၀၀ ကိုသုံးစွဲခဲ့ တယ်လို့ သိရပါတယ်။

ဒီနှစ် ဇန်န၀ါရီလအတွင်းက သာသနာရေးဝန်ကြီးဌာနကို ငွေကျပ် ၂၈ သိန်း ပြန်လည်သွင်းခဲ့ပေမဲ့ ကျန်တဲ့ငွေ ကျပ် ၇၂သိန်းကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတယ်ဆိုပြီး စ ၃ လုံးက တရားလိုပြုပြီး နေပြည်တော်ကောင်စီနယ်မြေ ဘုရားကုန်းရဲစခန်းမှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

ဦးဆန်းဆင့်ဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ရေကြည် မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးကောက်ခံရပြီး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်မယူမီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်က ဗိုလ်မှုးချုပ်ရာထူးနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယစစ်တိုင်းမှူး၊ နောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ရာထူးခန့်ချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။

အခုတရားစွဲရာမှာ သံဃာနဲ့ သံဃာ့မဟာနာယကအကြား အထင်မြင်လွဲအောင် ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့ သိရပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်း သိမ်းယူမှုနဲ့ ပတ်သက်မှုရှိမရှိ မသိရှိရသေးပါဘူး။

အပြည့်အစုံသို့...

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၁၉-၆-၂၀၁၄)

အပြည့်အစုံသို့...

ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ

မင်းသန့်
June 18, 2014
http://news-eleven.com/

ပြင်ဦးလွင်မြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြနေသူ မစုစုနွေးအား တွေ့ရစဉ်
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဇွန် ၁၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်မြေများအတွက် ကျေးရွာပေါင်း ၁၀၀ ခန့်မှ ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သည့် မစုစုနွေးအား ယင်းညနေပိုင်းတွင် ထုံးဘိုကျေးရွာရှိ ညအိပ်တည်းခိုရာနေရာသို့ လာရောက်ခေါ်ယူခဲ့သည့်ဟု သိရသည်။

“ဆန္ဒပြပြီး ည ၈ နာရီလောက်မှာ ရဲကားငါးစီးနဲ့ ညှိနှိုင်းဖို့ဆိုပြီး လာခေါ်တယ်။ ပုဒ်မ ၁၈ နဲ့ငြိလို့ ဆွေးနွေးဖို့ ခေါ်တာပါပြောတယ်။ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတဲ့ စာမပါလို့ မလိုက်နိုင်ဘူး ပြောလိုက်ပါတယ်။ ယနေ့ ညနေ ၃ နာရီလောက်မှာတော့ အသိပေး အကြောင်းကြားစာ လာပို့တယ်။ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့ပေါ် ဆွေးနွေးဖို့ လာတွေ့ပါလို့ ရေးထားတယ်။ ကျွန်မတို့အနေနဲ့ ဆန္ဒထုတ်ဖော်မှု အကြောင်းကြားစာ ပို့ထားပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြတာမို့ ပုဒ်မ ၁၈ နဲ့ မငြိဘူးဆိုတာ ဆွေးနွေးမေမြန်းသွားမယ်။ ကျွန်မတို့ အခုလို တောင်သူတွေနဲ့ သိမ်းဆည်းခံ လယ်မြေတွေအတွက် ဆန္ဒထုတ်ဖော်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ချက်ချင်းအမှုဖွင့် ဆောင်ရွက်ပါတယ်။ မေ ၂၆ ရက်က တောင်သူငါးဦးကို ဖုန်းဆက်ခေါ်ပြီး ကြိုးတုပ်ရိုက်နှက်တဲ့ ဖြစ်စဉ်ကိုကျတော့ အခုထိဘာကြောင့် အရေးမယူသေးတာလဲ” ဟု မစုစုနွေးက ပြောကြားသည်။

အပြည့်အစုံသို့...

မိမိနှင့် အခြားခေါင်းဆောင်များ၏ ပြောပုံဆိုပုံအပေါ် သတိပေးခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ အလုပ်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇင်ဘိုလွင်
http://www.news-eleven.com/
June 18, 2014

မိမိနှင့် အခြားခေါင်းဆောင်များ၏ ပြောပုံဆိုပုံများနှင့် ပတ်သက်၍ သတိပေးခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ အလုပ်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နီပေါနိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ (ဇွန် ၁၆ ရက်) တွင် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ မန္တလေးမြို့၌ မေ ၁၈ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည်ကို ကျော်လွန်နေကြောင်း ရွေးကောက်ပွဲကော်မရှင်က သတိပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်မ သို့မဟုတ် အခြားခေါင်းဆောင်တွေ ဘာပြောသင့်တယ်။ ဘာမပြောသင့်ဘူးလို့ သတိပေးတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သော ဟောပြောမှုများမှာ အခြေခံဥပဒေကို ကျော်လွန်ရာရောက်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပါတီအနေဖြင့်ဖြစ်စေ၊ ပါတီဝင် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မိမိတို့ ၀န်ခံလက်မှတ် ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာ ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် တာဝန်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန် တာဝန်တို့ကို သတိပြုဆောင်ရွက်ကြရန် အသိပေးကြောင်း စသည်ဖြင့် ကော်မရှင် သတိပေးစာတွင် ပါရှိခဲ့သည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့၌ ဟောပြောခဲ့သည်များမှာ တပ်မတော်အပေါ် ပြည်သူလူထု ယုံကြည်အားကိုးလာရေးသာ ဟောပြောခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၀င်ရောက်သတိပေးနေခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇွန် ၂ ရက်တွင် ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

‘ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲတွင် တင်ပြခဲ့သော တိုက်တွန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် ညီညွတ်သည့်အပြင် ပြည်သူလူထု ယုံကြည်အားကိုး၍ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော် ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက်ဖြစ်ကြောင်း သိသာထင်ရှားနေသည့် ပြောကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၀င်ရောက်သတိပေးနေခြင်းမှာလည်း လုံးဝသင့်လျော်မှုမရှိ’ ဟု NLD ကြေညာချက်တွင် ပါရှိခဲ့သည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သတိပေးစာ ပေးပို့ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်ဆောင်ရန် တားမြစ်ခြင်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ရှိသည့် ပြဋ္ဌာန်းချက် ပါဝင်သော်လည်း အဖွဲ့အစည်းများအား မထိခိုက်ရဟု တားမြစ်ချက်မျိုး ပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောကြားထားသည်။

အပြည့်အစုံသို့...

ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

http://www.news-eleven.com/
June 19, 2014

ဆန္ဒပြရန် ခွင်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။

မူလ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေသည် ဆန္ဒပြခွင့်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့သို့ ခွင့်ပြုချက်တောင်းခံရသည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလည်း လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ငြင်းပယ်နိုင်သည်။

ယခု ပြင်ဆင်ခဲ့သည့် ဥပဒေအရ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ ငြင်းပယ်ပိတ်ပင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “ဒီဥပဒေထဲမှာ အရင်က သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လျှော့ချ ပေးထားတာတွေလည်း ပါတယ်။ ဒါပေမဲ့ ဒီဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားရုံပဲ ရှိသေးတယ်။ အတည်တော့ မဖြစ်သေးဘူး။ အတည်ဖြစ်ဖို့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးဖို့ လိုသေးတယ်။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး မပြီးမချင်း လက်ရှိဥပဒေအတိုင်း ဆောင်ရွက်နေရမှာပဲ”ဟု ပြောကြားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လွှတ်တော်မှ ပြဌာန်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်း ဥပဒေပါ ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ ယခု အစိုးရလက်ထက်တွင် များစွာရှိနေကြောင်း သိရသည်။

အပြည့်အစုံသို့...

မြန်‌မာ့သယံဇာတ၊ တရုတ်‌စီးပွား‌ရေးစီမံကိန်းများနဲ့ တရုတ်နိုင်ငံသဘောထား

ဦးစည်သူအောင်မြင့်, အင်ကြင်းနိုင်
VOA - 14.06.2014 22:44

ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပတဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ထပ်သီးအစည်းအဝေးနဲ့ အာဆီယံဒေသတွင်းဆိုင်ရာ ဖိုရမ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး လျူကျင်းမင်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုတယ်လို့ ဆိုပါတယ်။ ဒီ ပြောဆိုချက် တရုတ်၊ မြန်မာ မီဒီယာတွေမှာ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး ဘာတွေ ပြောခဲ့သလဲ၊ သူပြောသလို တကယ်ပဲ မြန်မာအပေါ် တရုတ်က သဘောထားခဲ့သလား၊ အဲဒီ နိုင်ငံခြားရေး ပေါ်လစီ အကျိုးဆက်ကို မြန်မာနိုင်ငံ ဘယ်လို ခံစားခဲ့ရသလဲ၊ တကယ့်တကယ် မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝ စေချင်ရင် ဘယ်လို လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လျူကျင်းမင်ပြောခဲ့တာအပြည့်အစုံကတော့ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် မဟာဗျူဟာမြောက် ရေရှည်အမြင်ကို ကျင့်သုံးပြီး နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ မြန်မာပြည်သူတွေဘ၀ကို မြှင့်တင်ရေးအတွက် အကူအညီ ပေးသွားမယ့်အကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က စခဲ့တဲ့ သံတမန်ဆက်ဆံရေးမှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာမျိုး မလုပ်ခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံကို ဘယ်လို ပုံစံ ဖွံ့ဖြိုးတိုးတက်ရမယ် ဆိုပြီးတော့လည်း ၀င်ရောက်ပြဌာန်းပေးတာမျိုး မရှိခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ တဆက်တည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ခဲ့တယ် ဆိုတဲ့အကြောင်းလည်း အလေးအနက်ပြု ပြောခဲ့ပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်တဲ့အပြင် တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် ပထမဦးဆုံး ဆွေးနွေးဖို့လိုတာက တရုတ်ရဲ့ အဲဒီ သဘောထားကြောင့် မြန်မာနိုင်ငံဟာ ကြွယ်ဝချမ်းသာတဲ့နိုင်ငံဖြစ်ခဲ့သလား ဆိုတာပါ။

ဦးစည်သူအောင်မြင့်။ ။ အားလုံးသိကြတဲ့အတိုင်း ၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြတောင်းဆိုမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဟာ ဒီတောင်းဆိုမှုကို စစ်အာဏာသိမ်းပြီး တုံ့ပြန်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် သိပ်မကြာခင် ၁၉၉၀ မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲပါတယ်။ အဲဒီအထဲ တရုတ်နယ်စပ်တွေမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ကြပါတယ်။ အခြားတစ်ဖက်မှာတော့ ကိုယ့် တိုင်းသူ ပြည်သားတွေကို အနိုင်အထက် ဖိနှိပ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်အစိုးရကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ အရေးယူတာ လုပ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂကနေတဆင့် ပြစ်တင်ရှုတ်ချဖို့၊ အရေးယူဒဏ်ခတ်ဖို့ အမျိုးမျိုးကြိုးစားပါတယ်။

အဲဒီအချိန် တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထဲ ရောက်လာတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ အရေးယူဒဏ်ခတ်ဖို့ လုပ်တာတွေအားလုံး ဗီတိုအာဏာသုံး ပယ်ချပေးခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံထဲက သစ်တော သယံဇာတ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်၊ ဓာတ်သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေထဲ အကြီးအကျယ် ၀င်ရောက် လုပ်ကိုင်ပါတယ်။ ဒီလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တရားဝင် လုပ်ကိုင်တာကနည်းနည်းပဲ ဖြစ်ပြီး အများစုကတော့ နယ်စပ်တွေကနေ မှောင်ခို ခိုးထုတ်တဲ့ လုပ်ငန်းတွေ ဖြစ်ခဲ့ပါတယ်။ သစ်ထုတ်ယူရာမှာ လွယ်ကူအောင် မီးရှို့တောရှင်းပြီး ထုတ်ယူတာ၊ သစ်တွေကို အလုံးလိုက် ခုတ်လှဲထုတ်ယူတာအပြင် အမြစ်ကိုပါတူးပြီး ထုတ်ယူတဲ့အတွက်လည်း သစ်တောတွေ ပိုပြီး ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာ့သစ်တော သယံဇာတ အကြီးအကျယ် ပြုန်းတီးကုန်ပြီး ရာသီဥတု ပြောင်းလဲသည်အထိ ဆိုးကျိုး သက်ရောက်မှု ရှိခဲ့ပါတယ်။ နိုင်ငံတကာ လေ့လာသူတွေကတော့ မြန်မာပြည် မြောက်ပိုင်းက ခေါင်မိုးကြီး ပေါက်သွားပြီလို့တောင် တင်စားခဲ့ကြပါတယ်။

ဒေါ်အင်ကြင်းနိုင်။ နောက်ပိုင်းကာလတွေမှာတော့ သစ်တော သယံဇာတတင်မက ရခိုင်ကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ၀ယ်ယူဖို့လုပ်တာ၊ မြန်မာပြည်အလယ်ပိုင်း မုံရွာနားက လက်ပန်းတောင်းတောင်မှာ ကြေးနီ ထုတ်လုပ်ဖို့ လုပ်တာ၊ မြစ်ဆုံနဲ့အထက်ပိုင်းမှာ ရေကာတာတွေဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ဖို့တွေ အကောင်အထည် ဖော်လာပါတယ်။ အားလုံးကို ခြုံငုံ သုံးသပ်ရရင် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ တစ်နည်းပြောရရင် စစ်အာဏာရှင်တွေကို ထောက်ခံအားပေးတဲ့ ပေါ်လစီကြောင့် စစ်အစိုးရ သက်ဆိုးရှည်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘဲ သဘာဝအရင်းအမြစ် ကုန်ကြမ်းထုတ်ယူရေးကိုပဲ အငမ်းမရ လုပ်ကိုင်ခဲ့တဲ့အတွက် မြန်မာ့သဘာဝ ၀န်းကျင် ထိခိုက်ပျက်စီးခဲ့သလို မြန်မာတွေလည်း ဆင်းရဲတွင်းထဲက မတက်နိုင်ခဲ့ပါဘူး။

ပြောရရင် မြန်မာနိုင်ငံ ဆင်းရဲမွဲပြာကျခဲ့ရတဲ့ ကိစ္စမှာ စစ်အာဏာရှင်တွေက အဓိက တာဝန်ရှိသလို အဲဒီ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ထောက်ခံအားပေးတဲ့၊ သဘာဝ သယံဇာတကိုပဲ ဈေးပေါပေါနဲ့ ရယူဖို့ စိတ်ဝင်စားတဲ့ တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ စီးပွားရေး ပေါ်လစီကလည်း အများကြီး တာဝန်ရှိ ပါတယ်။ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ် မြင်လိုတယ်ဆိုတဲ့ စကား မှန်ကန်မှု မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပါသေးတယ်။ ရခိုင်ကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ ပိုက်လိုင်းသွယ် ၀ယ်နေသလို လက်ပန်းတောင်းတောင်မှာ ကြေးနီထုတ်နေပါတယ်။ မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်တန့်ထားရပေမယ့် အခြား မြစ်ဆုံအထက်ပိုင်းမှာ ရေကာတာတွေဆောက်ဖို့ လုပ်နေသလို သံလွင်မြစ်ပေါ်မှာလည်း ရေအားလျှပ်စစ်ထုတ် လုပ်ငန်းတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါတင်မက တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီအရ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့ ကြိုးစားနေတဲ့အပြင် ကျောက်ဖြူ- ကူမင်း သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းနဲ့အပြိုင် ရထားလမ်း၊ ကားလမ်း ပါဝင်တဲ့ ဘက်စုံလမ်းမကြီးတစ်ခု ဖေါက်ဖို့လည်း ပြင်ဆင်နေပါတယ်။ နယ်စပ်တွေကနေလည်း သစ်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်တာတွေကို လက်ခံနေတုန်းပါပဲ။

ဦးစည်သူအောင်မြင့်။ ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တကယ်ပဲ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ် မြင်တွေ့ချင်ရင် မြန်မာနိုင်ငံထဲမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လိုပါတယ်။ နယ်စပ်ကနေ မှောင်ခို ကုန်သွယ်မှုတွေကို အားမပေးဖို့ လိုပါတယ်။ သဘာဝ သယံဇာတ ခိုးထုတ်နေတာတွေကို အားမပေးဖို့ လက်မခံဖို့ လိုပါတယ်။ မြန်မာနိုင်ငံက တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် အားပေးဖို့ လိုပါတယ်။ ဒါတင်မက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ မြန်မာ့ဒီမိုကရေစီ အရေးကိုလည်း ထောက်ခံအားပေးဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

အပြည့်အစုံသို့...

ရုရှားဒုံးကျည် မြန်မာနိုင်ငံကတဆင့် မြောက်ကိုရီးယား ၀ယ်ခဲ့သလား

ဗွီအိုအေ (မြန်မာပိုင်း)
17.06.2014 21:17

မြောက်ကိုရီးယားရဲ့ အဆင်မြင့် ဒုံးလက်နက်တွေထဲမှာ အခုလက်ရှိ နောက်ဆုံး ရရှိလာတာကတော့ cruise missile ပဲ့ထိန်းတပ်ဒုံးပျံ ဖြစ်ပါတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တခုက ပြောပါတယ်။

မြောက်ကိုရီးယားစစ်တပ်ရဲ့ ဝါဒဖြန့် ဗွီဒီယိုတခုမှာ ဒုံးပျံအသစ်ကို တွေ့မြင်ခဲ့ရတယ်လို့ John Hopkins တက္ကသိုလ် အခြေစိုက် ကိုရီးယားရေးရာကျွမ်းကျင်သူ အမေရိကန်အဖွဲ့က ပြောပါတယ်။

ပဲ့ထိန်းတပ် ဒုံးပျံဟာ ရုရှားလုပ် KH35 ကို နမူနာ ကူးယူးထားပြီး သင်္ဘော၊ ရဟတ်ယာဉ်နဲ့ မြေပြင်တို့က ပစ်ခတ်နိုင်ပါတယ်။ အဆိုပါ ဒုံးပျံကို ရေပြင်ကပါ ပစ်ခတ်နိုင်အောင် ပုံစံထုတ်ထားပါတယ်။

ပြုံယမ်းအနေနဲ့ အဆိုပါ ဒုံးပျံကို ရုရှားကနေ တိုက်ရိုက် ဝယ်ယူတာ ဖြစ်နိုင်တယ်လို့ အဲဒီအဖွဲ့ရဲ့ 38 North Blog ဆိုတဲ့ ဝပ်ဆိုဒ်မှာ တင်ပြထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အဆိုပါ ပဲ့ထိန်းတပ်ဒုံးပျံကို မြန်မာပြည်လို တတိယနိုင်ငံတခုကတဆင့် ဝယ်ယူတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဝယ်ယူတဲ့ကိစ္စဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ ပိတ်ဆို့မှုကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံသို့...

ငြိမ်းစုစည် ဥပဒေသစ်အရ ခွင့်ပြု မိန့် တောင်းစရာ မလိုတော့ (ရုပ်သံ)

အပြည့်အစုံသို့...

တောင်ငူမှာ စစ်တပ်နဲ့ မြို့ခံလုပ်ငန်းရှင်တွေ သိမ်းဆည်းထားတဲ့ လယ်ယာမြေ ပြန်ရရေး ထွန်တုံးတိုက်ပွဲ ပြုလုပ် (ရုပ်သံ)

အပြည့်အစုံသို့...

Wednesday, June 18, 2014

ဦးဥတ္တရ လိုအပ်တဲ့ အကူ ဗြိတိန်သံရုံး ပေးမည်

ဦးကျော်ဇံသာ
VOA - 18.06.2014 21:09

အင်္ဂလန်ဆရာတော် ဦးဥတ္တရကို အာဏာပိုင်တွေ ခေါ်ဆောင်သွားစဉ်ညက။ (ဓာတ်ပုံ - အေပီ ခင်မောင်ဝင်း)
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသား ဘုန်းတော်ကြီး ဦးဥတ္တရအတွက် လိုအပ်တဲ့ အကူအညီတွေကို ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးက လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ ဦးဥတ္တရကို ဖမ်းဆီးမှုဟာ နိုင်ငံတကာ တရားဥပဒေ စံနှုန်းစံထားနဲ့ ကိုက်ညီမှု ရှိ မရှိကိုတော့ ဝေဖန်ပြောကြားဖို့ ရန်ကုန်အခြေစိုက် ဗြိတိသျှသံအရာရှိ Joe Fisher က ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။ Joe Fisher ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အခုလို စတင်ဖြေကြားပါတယ်။

ဖြေ ။ ။ “ကျနော်တို့ဟာ ဦးဥတ္တရကို ကိုယ့်နိုင်ငံသားတွေကို ပေးရမြဲ ကောင်စစ်ဝန်ဆိုင်ရာ အထောက်အကူတွေ ပေးနေပါတယ်။ အခုက ဦးဥတ္တရဟာ အင်းစိန်ထောင်မှာ ရှိနေပါတယ်။ သံရုံးက သက်ဆိုင်ရာဝန်ထမ်းတွေ မနေ့မနက်က သွားတွေ့ကြပါတယ်။ သူနဲ့ ၁ နာရီလောက်တွေ့ပြီး အခြေအနေကို ဆွေးနွေးပါတယ်။ အထောက်အကူတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

မေး ။ ။ သူ့ကို ဘာကြောင့် ဖမ်းဆီးရတယ်၊ ဒါဟာ တရားဥပဒေနဲ့ ကိုက်ညီသလား၊ မညီဘူးလားဆိုတာကိုရော မေးခွန်းမထုတ်ဘူးလား။ စိန်မခေါ်ဘူးလားခင်ဗျ။

ဖြေ ။ ။ “သူဟာ ဗြိတိန်နိုင်ငံသားတယောက်အနေနဲ့ ပြည်ပနိုင်ငံတခုမှာ အဖမ်းခံရတယ်ဆိုတော့ ကျနော်တို့အနေနဲ့ လုပ်နိုင်တာက ကောင်စစ်ဆိုင်ရာ အကူအညီ ပေးဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာက သူ့အနေနဲ့ တရားဥပဒေနဲ့အညီ အပြည့်အ၀ ခုခံချေပပိုင်ခွင့် ရှိရပါမယ်။ သူ့အနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ အားလုံး ရရပါမယ် ဆိုတာတွေကို အာဏာပိုင်တွေနဲ့ ပြောထားပါတယ်။ သောကြာနေ့ ရုံးထုတ်တဲ့အခါမှာလည်း သံရုံးဝန်ထမ်းတွေက တရားရုံးကို သွားပြီး စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။”

မေး ။ ။ ဟုတ်ကဲ့ ကျနော်သိချင်တာက ဒီနေရာမှာ သူ့ကိုဖမ်းဆီးတဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေအဆင့်အတန်းနဲ့ ညီညွတ်သလား၊ ကိုက်ညီသလား၊ မညီသလားဆိုတာကို သိချင်တာပါ။

ဖြေ ။ ။ “တရားဥပဒေနဲ့ပတ်သက်ပြီး အခုအချိန်မှာ ကျနော် မဝေဖန်နိုင်ပါဘူး။ သူ့အတွက် တရားဥပဒေနဲ့အညီ အပြည့်အ၀ ခုခံကာကွယ်ခွင့် ရဖို့ကိုပဲ ပြောနိုင်ပါတယ်။ နိုင်ငံတကာ ဥပဒေအဆင့်နဲ့အညီ ခုခံကာကွယ်ခွင့် ရှိရမှာဖြစ်ပါတယ်။ ဦးဥတ္တရမှာ ရှေ့နေရှေ့ရပ်တွေလည်း ရထားပါတယ်။ ဒီအဖွဲ့နဲ့လည်း ကျနော် တွေ့ဆုံမှာပါ။”

မေး ။ ။ ထောင်တွင်းအခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ “ကျနော်ကိုယ်တိုင်မသွားပါဘူး။ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေ သွားခဲ့တာပါ။ ထောင်အာဏာပိုင်တွေနဲ့ တွေ့ပြီးတော့ လိုအပ်တဲ့ ဆေးဝါးအစာအဟာရတွေ ရဖို့ ပြောခဲ့ပါတယ်။”

မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်ပြီးတော့ မေးလိုတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတချို့ ဂျွန်ယက်တောတို့ ဘာတို့ကို မြန်မာနိုင်ငံ အစိုးရက ဖမ်းဆီးခဲ့တာ ရှိပါတယ်။ အဲ့ဒီတုန်းက အမေရိကန်အနေနဲ့ ချက်ချင်းသူတို့ကို ပြန်လွှတ်ပေးဖို့ အရေးဆိုပြီးတော့ သူတို့နိုင်ငံသားတွေကို သူတို့နိုင်ငံ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ အခု ဗြိတိသျှအစိုးရ လုပ်နေတဲ့လုပ်ရပ်နဲ့ ဘာကြောင့် ကွာခြားရတယ်လို့ ပြောချင်ပါသလဲ။

ဖြေ ။ ။ “ဒီကိစ္စကို ကျနော် ဘာမှ မဝေဖန်လိုပါဘူး။ သူ့ကို ကိုယ့်နိုင်ငံသားတွေကို ပေးရမြဲ ကောင်စစ်ဝန်ဆိုင်ရာ အထောက်အကူတွေ ပေးအပ်သွားမယ်လို့ပဲ ပြောနိုင်ပါတယ်။"

အပြည့်အစုံသို့...

PR စနစ် အသေးစိတ် ရေးဆွဲရေးကော်မတီက NLD အမတ်တွေ နှုတ်ထွက်

မသိင်္ဂီထိုက်
VOA - 17.06.2014 20:52

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို မဲအချိုးကျ ကိုယ်စားပြု PR စနစ်ကို ကျင့်သုံးဖို့ ဇွန်လ ၃ ရက်နေ့က အမျိုးသား လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အမျိုးသား လွှတ်တော်မှာ မဲအချိုးကျ ကိုယ်စားပြုစနစ်ကို အကောင်အထည်ဖော် ရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ကို ဖွဲ့စည်းတာမှာတော့ အမျိုးသားလွှတ်တော်မှာ ရှိနေကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အားလုံးကို ထည့်သွင်းခဲ့တာပါ။

ဒါပေမဲ့ မဲအချိုးကျ ကိုယ်စားပြုစနစ်ကို သဘောမတူ ကန့်ကွက်တာမို့ မဲအချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည်ဖော်မယ့် ကော်မတီကနေ NLD အမတ်အားလုံး နှုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ NLD ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“PR စနစ်ကို ကျင့်သုံးဖို့ရာအတွက် အချိန်အခါအရရော၊ အခြေအနေအရရော၊ မသင့်သေးဘူးလို့ ကျနော်တို့က ကန့်ကွက်ဆွေးနွေးတယ်။ ဒါပေမဲ့လို့ အဲ့ဒီအဆိုက အောင်သွားတယ်။ အောင်သွားတဲ့အခါကျတော့ အမျိုးသားလွှတ်တော်ဥက္ကဌက ဘာလုပ်လိုက်သလဲဆိုတော့ ဒီအဆိုအောင်သွားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲဆိုင်ရာ engineering အရ PR စနစ်မှာ အားနည်းချက်တွေကို ပယ်ပြီးတော့ အားသာချက်တွေကို ရရှိနိုင်ဖို့ရန်အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဒီဇိုင်းရေးဆွဲဆောင်ရွက်ရမလဲဆိုတာ ပြုစုပြီးတော့ လွှတ်တော်ကို အစီရင်ခံတင်ဖို့ PR စနစ်ရဲ့ပုံသဏ္ဍန်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မရှင် ဖွဲ့စည်းဖို့လို့ အတည်ပြုလိုက်တယ်။ အဲ့ဒီကော်မရှင်ထဲမှာ ကျနော်တို့ ၀င်ရောက်ဆွေးနွေးခဲ့တဲ့သူတွေအားလုံး ကော်မရှင်ထဲမှာ ထည့်ဖွဲ့တယ်။ အဲ့လိုထည့်ဖွဲ့တဲ့အဖွဲ့ထဲမှာ ကျနော်တို့က ၀င်ရောက်ပြီးတော့ ဆွေးနွေးခဲ့တဲ့ထဲမှာ ကန့်ကွက်ဆွေးနွေးတဲ့ထဲမှာ ပါခဲ့တဲ့အတွက်ကြောင့် ကျနော်တို့က နောက်ထပ်ပြန်ဖွဲ့တဲ့ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေး ကော်မရှင်မှာတော့ဖြင့်ရင် ကျနော်တို့ အဖွဲ့ဝင်များ မပါဝင်လိုပါဘူးဆိုပြီးတော့ နှုတ်ထွက်ပြီးတော့ တင်လိုက်တာ။”

အမျိုးသားလွှတ်တော် မဲအချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည်ဖော်ရေး ကော်မတီကို အဖွဲ့ဝင် ၄၁ ယောက်တို့နဲ့ ဖွဲ့စည်းတာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အမျိုးသားလွှတ်တော်အမတ် ၅ ဦးတို့ ဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ မြတ်ဉာဏစိုး၊ ဦးသိန်းဆွေ၊ ဦးမင်းဦး နဲ့ ဒေါက်တာ မြင့်နိုင်တို့ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို နှုတ်ထွက်ခဲ့ရတာလဲ ဆိုတာကိုလည်း ဦးအောင်ကြည်ညွန့်က အခုလို ပြောပါတယ်။

“ကျနော်တို့ပြောနိုင်တာတခုကတော့ ကျနော်တို့ အနေအထားနဲ့ ပြောရရင်တော့ ဒီကော်မရှင်ထဲမှာ ၀င်ပြီးတော့မှ တောက်လျှောက် ကျနော်တို့ ကန့်ကွက်နေရတယ်ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ လုပ်လိုတဲ့ဆန္ဒမရှိဘူး။ နောက် ဒီကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို နောင်ဆိုရင် အစီရင်ခံစာ ပြန်တင်ရမယ်။ အဲ့လိုတင်တဲ့အခါမှာ သူတို့ရွေးချယ်လိုက်တဲ့ပုံကို ကျနော်တို့လည်း လက်ခံသဘောတူချင်မှလည်း တူနိုင်မယ်။ အဲ့ဒီအခါမှာ အကယ်၍များ ကန့်ကွက်ဆွေးနွေးဖို့ အကြောင်းပေါ်ပေါက်လာမယ်ဆိုရင်လည်း ဒီကော်မရှင်ထဲမှာ မပါတဲ့အတွက် ကျနော်တို့ ကန့်ကွက်ဆွေးနွေးဖို့ရာ သင့်တော်တာပေါ့။ ဒီကော်မရှင်ထဲမှာ အတူ ပူးပေါင်းပါဝင်ပြီးတော့မှ အဲ့ဒီကျမှ ကန့်ကွက်ဖို့ဆိုရင် ကျနော်တို့မှာ အဆင်မပြေဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလို နှုတ်ထွက်လိုက်တာပါ။ ဒီလို နှုတ်ထွက်လိုက်ခြင်းကြောင့် ဒီကော်မတီမှာ ဘာဖြစ်သွားပြီဆိုတဲ့ ရည်ရွယ်ချက်မျိုးတော့ ကျနော်တို့မှာ မရှိပါဘူး။”

လက်ရှိ ရွေးကောက်ပွဲတွေမှာ အသုံးပြုနေတဲ့ FPTP- First Past the Post လို့ခေါ်တဲ့ အများစု လူထုရွေးချယ်သူ ကိုယ်စားလှယ် ဖြစ်ခွင့်ကနေ ထောက်ခံမဲ အချိုးကျပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိမယ့် PR စနစ်ဟာ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ကာလနဲ့ မကိုက်ညီဘူးလို့လည်း ဦးအောင်ကြည်ညွန့်က ထပ်လောင်း ပြောပါတယ်။

“ဒီ PR ကိုလုပ်တာဟာ တချိန်ချိန်မှာ အခုလို အင်အားကြီးပါတီတရပ်က အများစု လုံးဝ အနိုင်ရသွားပြီးတော့ရင် ရွေးကောက်ခံ အာဏာရှင်စနစ် ပေါ်ပေါက်သွားမှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆိုရှင်က တင်တယ်ခင်ဗျ။ အဲတော့ ကျနော်တို့က ဘာပြောသလဲဆိုရင် ပါတီကြီးတယ်၊ သေးတယ် ဆိုတာကို ကိန်းဂဏန်းတွေပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ထဲမှာ နေရာရအောင် ခွဲတန်းရဖို့ ယူမလား၊ ပြည်သူလူထု ထောက်ခံမှုရအောင် ပြည်သူလူထုကို အလေးထားတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုးသာ ပိုပြီးတော့ ဖြစ်သင့်တယ်လို့။ အဲတော့ အဲ့ဒီလူကို ကျနော်တို့က ဘာထောက်ပြတာလဲဆိုတော့ PR စနစ်အနေအထားနဲ့ လုပ်လိုက်မယ်ဆိုရင် ပါတီတွေအများကြီး ကွဲချင်သလိုကွဲပြီး အဲ့ဒီကွဲတဲ့ပါတီတွေက လွှတ်တော်ထဲကိုရောက်လာရင် အားနည်းတဲ့ လွှတ်တော်၊ အားနည်းတဲ့အစိုးရတွေ ပေါ်ပေါက်လာနိုင်တာမျိုးမှာ ရှိတယ်။ ဒါ disintegrate ကို ဦးတည်တယ်ပေါ့။ SPDP စနစ် ဆိုတာမျိုးက integration ကို ပိုပြီးတော့ ဦးတည်တာဖြစ်တဲ့အတွက် ဗမာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်တဲ့အခါမှာ အားကောင်းတဲ့လွှတ်တော်တွေနဲ့ အားကောင်းတဲ့ အစိုးရတွေ ရှိနေသေးသင့်တဲ့ အခြေအနေမျိုးလည်းဖြစ်တယ်။ နောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အလေ့အကျင့် အနေအထားကလည်း အင်မတန် နုနယ်သေးတယ်။ ပြည်သူတွေကလည်း အခု SPDP စနစ်လောက် ရိုးရှင်းတာတောင်မှ မဲပေးနိုင်တဲ့ အနေအထားမျိုးမှာ အဆင်သင့်မဖြစ်သေးဘူး။ ဒါတွေကြောင့်လည်းပဲ ဒါတွေ မပြောင်းသင့်သေးဘူးလို့ ကျနော်တို့က ပြောတယ်။ အခု လက်ရှိ အခြေအနေမျိုးမှာတောင်မှ မြန်မာနိုင်ငံမှာ တကယ်တမ်း လိုနေတာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို တည်ဆောက်မလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုရအောင် လုပ်မလဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ကောင်းအောင် ဘယ်လိုလုပ်မလဲလို့ အရေးတကြီး ပြုပြင်ပြောင်းလဲရမယ့် အခြေအနေမျိုးမှာ ဒီလို ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်ဆိုတဲ့ အရေးတကြီး တောင်းဆိုမှုလည်း မရှိသေးတဲ့အတွက် ဒီအခြေအနေမျိုးမှာ မလုပ်သင့်သေးဘူး။ ဒါ ကျနော်တို့က တင်ပြခဲ့တာပေါ့လေ။”

ဒါကတော့ NLD ရဲ့ လွှတ်တော်အမတ် ဦးအောင်ကြည့်ညွန့်ရဲ့ ပြောကြားချက်တွေပါရှင်။

အပြည့်အစုံသို့...

အဆိုတော် ဦးအံ့ကြီး အသက် ၉၁ နှစ်ပြည့်ပြီ

The Irrawaddy (Burmese Version)'s Facebook Status

အဆိုတော် ကိုအံ့ကြီးလို့ ဆိုလိုက်ရင်''မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ် အတူတူခိုသူပျိုဖြူတွေရယ်'' ဆိုတဲ့ မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းနဲ့ တွဲဖက်လို့ သိကြမယ်ဆိုတာ မလွဲပါဘူး။

သူ့ရဲ့ အကောင်းဆုံးတေးတွေဖြစ်တဲ့ စစ်ကိုင်းတောင်၊ သုံးရာသီ၊ လူချွန်လူကောင်း၊ ပန်းပုသူဇာ၊ ပြုံးတုံလှယ် စတဲ့ သီချင်းတွေဟာ အခုတိုင် လူကြိုက်များလှသလို ပြန်လည်း သီဆိုနေကြဆဲပါပဲ၊ ဦးအံ့ကြီးဟာ သူ့ခေတ် သူအခါမှာကတော့ ခေတ်ရှေ့ပြေးနေတဲ့ အဆိုတော်ကြီးတဦးလို့ ဆိုရမှာပါ။

အနုပညာရှင်ကြီး ဦးအံ့ကြီးဟာ ယခုတိုင် အသက်ရှည်ကျန်းမာဆဲဖြစ်ပြီး၊ သူ့ရဲ့ ၉၁ နှစ်ပြည် မွေးနေ့နဲ့ ဇနီးမောင်နှံ အိမ်ထောင်သက် နှစ် ၆၀ ပြည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ကျပ် ၁၀ သိန်းကို ဒီကနေ့မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

(နာရေးကူညီမှုအသင်း-ရန်ကုန်) မှ ကူးယူဖော်ပြသည်။

အပြည့်အစုံသို့...

Tuesday, June 17, 2014

ပြင်ဦးလွင်မှာ တောင်သူ ၁,၀၀၀ ကျော် ဆန္ဒပြ (ရုပ်သံ)

အပြည့်အစုံသို့...

ဦးနေမျိုးဝေရဲ့ အမျိုးသားရေး အသိပညာပေး ဟောပြောပွဲ စစ်ကိုင်းဒေသခံတွေ တားဆီးလို့ ပျက် (ရုပ်သံ)

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စနဲ့ ပတ်သက်လို့ …

Ko Hmway's Facebook Comment

စိတ်နာသလား ဆိုတော့ နာတယ်။ ပစ်ရက်သလားဟေ့ ဆိုတော့လည်း မပစ်ရက်ဘူး။ တခါတလေ ရန်သူက သူ့ကို အိုးနင်းခွက်နင်းတွေဖြစ်အောင် အကွက်ဆင်ပြီး ထောင်ချောက်ထဲသွင်းလို့ သူ ၀င်သွားရင် ဥပမာ ၂၀၀၈ ကို ကျမ်းသစ္စာကျိန်ရသလိုပေါ့။ သူကတော့ ပေါ့ပေါ့လေး TECHNICAL ERROR လို့ ဖြေလျှော့ပြောသွားတယ်။ ဒါပေမယ့် အဲဒီအတိမ်အနက်ကို သူ သိပြီးသား။ ထားလိုက်တော့ ...။

ဘ၀ကြီးတွေနဲ့ ငတ်မွတ်မှုတောင်ထွတ်တွေပေါ်မှာ လိပ်လို တွားသွားသွားရင်း မျှော်လင့်ခဲ့ဖူးတယ်။ အမေပေါ့ ...။ အားကိုးခဲ့ဖူးတယ်။ ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ မြေပုံလေးတွေ ဒီတသက် ပြန်တောင်မှ သွားလည်ပတ် အလေးပြုဖို့ မလွယ်တော့တဲ့ တောကြီးတွေထဲက ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ အလောင်းမြေကျခဲ့တဲ့ နေရာလေးတွေမှာ၊ မြေကြီးကို တချက် ပေါက်ပြားနဲ့ ကော်မိတိုင်း၊ ဓားနဲ့ တချက်ဆွမိတိုင်း ကိုယ့်နှလုံးသားကိုယ် ပေါက်ပြားနဲ့ ဆွမိသလို ခံစားခဲ့ရတိုင်း၊ မျက်ရည်ကို ထိန်းခဲ့ပေမယ့် ... အော် .. ငါတို့အမေ ... တချိန် ငါတို့တွေရဲ့ ဆင်းရဲခြင်း ငတ်မွတ်ခြင်းတွေနဲ့ တိုင်းပြည်အတွက် ဘာမှ တကိုယ်ရေ မျှော်လင့်ချက် မပါဘဲ လုပ်နေတာတွေကို နားလည်ပြီး သူလည်း ငါတို့တိုင်းပြည်ကြီးကို လူတလုံး သူတလုံးဖြစ်အောင် ဦးဆောင်လိမ့်မယ်ဟဲ့လို့ ...။

ဒါပေမယ့် … ဖြစ်မလာခဲ့ဘူး။ ဖြစ်မလာခဲ့တဲ့အပြင် ရန်သူနဲ့ သွားပြီး ပလဲပနံတွေသင့်၊ သူ ၀မ်းရေမစပ်ခဲ့ပေမယ့် သူ့ကို အမေအရင်းလို ချစ်မြတ်နိုးတဲ့ သားတွေသမီးတွေကို ဥပေက္ခာတွေပြု၊ ထားပါ ဖြစ်ပါတယ်၊ အဲလို ဥပေက္ခာပြုတာလည်း ခံနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူကိုတော့ ခုချိန်မှာ ရိုးသားသင့်ပြီ။

စောစောက ပြောခဲ့သလိုပါပဲ ပြည်သူလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်လား ... ဟေ့ ... သမ္မတ မကဘူး၊ သက်ဦးဆံပိုင် ဘုရင်မကြီးအဖြစ်နဲ့ပါ မေတ္တာအပြည့်နဲ့ နန်းတင်လိုက်ဦးမယ်။ အဲသလိုပါ။ ဒီနေ့ ဒီကပဲ တခု ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ မှာဝင်မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။ တုတ်ကြီး(ခေတ္တတာဝတိံသာ) ဆိုတဲ့နာမည်နနဲ့ ‘‘ဥုံဖွ ဟဲ့ ယုံကြဟဲ့ကွယ်’’ ဆိုပြီး ဆောင်းပါးတစောင် ဒေါက်တာလွဏ်းဆွေဘလော့မှာ ရေးခဲ့ပါတယ်။ လာဆဲကြတယ်၊ ကိုယ့်နှမကိုယ် အန်စာတုံးလှိမ့်နည်း သင်ပေးတဲ့ ကောင်တွေ တလှေကြီးပါ။ ဒီကြားထဲ တမြို့တည်းသား မျိုးနဲ့ ရိုးနဲ့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ငါတို့က တော်လှန်လာတာကွ ဆိုတဲ့ ဆိုက်ကားဘီးပေါက်ရင် ဖျာလိပ်ထဲ ၀င်ပုန်းတဲ့ နိုင်ငံရေးသမားဆိုသူကလည်း တုတ်ကြီး ဘာလဲ ဘယ်လဲ ဆိုပြီး လာလုပ်ဖူးပါတယ်။

ဒါပေမယ့် အနှစ်ချုပ်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဘက်ကပါ။ ဒါပေမယ့် သူ မျက်ခြေပြတ်တာ သူ အနှပ်ခံလိုက်ရတာ၊ သူ့ရဲ့ အမေကြီးဆန်ပြီး အားလုံးကို သြဇာပေးတာ ရှိမှာပါ။ ရှိတာပေါ့။ ခုချိန်မှာ တိုင်းပြည်မှာ ရွေးကြကြေးဟေ့ဆိုရင် ကျိန်းသေတာကတော့ စိတ်နာနာ မနာနာ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ဟိုခွေးခြင်္သေ့နဲ့ လဒ စပ်ကျတဲ့ ဖွတ်စုတ်တွေထက်စာရင်တော့ ဒေါ်အောင်ဆန်းစုကြည်သည်သာ အသင့်လျော်ဆုံး သမ္မတပါပဲ။ ဒါမှလည်း ဒေါ်စုဟာ အဘဦးဝင်းတင်တို့ အဘဦးစိန်ဝင်းတို့ အဘဗိုလ်ချုပ်ကျော်ဇောတို့နဲ့တကွ ကျဆုံးလေပြီးသော ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအသီးသီးက ရဲဘော်များ၊ ပြည်သူများရဲ့ သစ္စာကို စောင့်သိတန်ဘိုးထားရာ ရောက်ပါလိမ့်မယ်။ သူသမ္မတဖြစ်ပြီးမှ ချိုမိုင်မိုင်ကလည်း ‘‘အော် ငါတို့  အမေ သူငယ်ပြန်သွားပါပေါ့လား’’ လို့  ခွင့်လွှတ်လိုက်ချင်လည်း ခွင့်လွှတ် ဒါမှမဟုတ်လည်း နောက်မျိုးဆက်သစ်တွေ (NGO မွေးထားတဲ့ ခွေးထီးခွေးမ မဟုတ်) တိုင်းပြည်ကို ဦးဆောင်နိုင်အောင် ၀န်းရံကြရုံပေါ့ဗျာ။

တုတ်ကြီး (ခေတ္တ - တာဝတိံသာ) (၀ါ) ငြိမ်းဇေဦး (၀ါ) ကိုမွှေး

အပြည့်အစုံသို့...

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၁၇-၆-၂၀၁၄)

အပြည့်အစုံသို့...