Tuesday, April 16, 2019

မွန်ပြည်နယ် စစစ ညွှန်ကြားရေးမှူး၏ နေအိမ် ဖောက်ထွင်းခံရ၊ ရွှေထည်ပစ္စည်း တန်ဖိုးသိန်း ၄၀၀ နီးပါးခန့်နှင့် ငွေကျပ်သိန်း ၈၀ ပါသွား

The Speaker မော်လမြိုင်၊ ဧပြီ-၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ နေအိမ်သည် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းက ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းတန်ဖိုးသိန်း ၄၀၀ ခန့်နှင့် ငွေကျပ်သိန်း ၈၀ ပါသွားကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီတွင် မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ဇနီး ဒေါ်ခင်မျိုးအေး မောင်ငံဝန်ထမ်းအိမ်ရာ၊ တောင်ရိုးတန်းလမ်း၊ မော်လမြိုင်မြိုင်မြို့နေသူ ပါဝင်သော အဖွဲ့နှင့် အတူ ရွှေတောင်ကုန်းဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့စဉ် ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူများ ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်သည်။

မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ဇနီး ဒေါ်ခင်မျိုးအေးနှင့် မောင်ငံဝန်ထမ်းအိမ်ရာ၊ တောင်ရိုးတန်းလမ်း၊ မော်လမြိုင်မြိုင်မြို့နေသူ ပါဝင်သော အဖွဲ့သည် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းနောက် ဒေါ်ခင်မျိုးအေးမှ ၎င်း၏ နေအိမ်ပေါ်သို့ တက်သွားခဲ့ရာ အိပ်ခန်း နှစ်ခန်းမှာ တံခါးများ ပွင့်နေပြီး တံခါး မြောက်လက်များအား ဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် အိပ်ခန်းများအား စစ်ဆေးခဲ့ရာ အိပ်ခန်း နှစ်ခန်းရှိ မျက်နှာကျက် တစ်ကွက်စီ ဖောက်ထားပြီးကျောက်​ပြားများ ပြုတ်ကျနေသည်ကိုတွေ့ရှိရကြောင်း မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ထိုနောက် အိမ်ခန်းအတွင်းရှိ သံဘီဒို၊ အံဆွဲများအား စစ်ဆေးခဲ့ရာ သော့များအား ကလှပ်​ပြီးဖွင့်ထားသဖြင့် အတွင်းမှ ပစ္စည်းများအား စစ်ဆေးခဲ့ရာရွှေဆွဲကြိုး(၃ ကျပ်သား) နှစ်ကုံး၊ ရွှေဆွဲကြိုး(၁ ကျပ်သား) ၁၀ ကုံး၊ စိန်လက်စွပ်(၅ မူးသား) သုံးကွင်း၊ ပတ္တမြားဆွဲကြိုးအနီ(၁ ကျပ်သား) တစ်ကုံး၊ ပုလဲဆွဲကြိုး(၁ ကျပ်သား) နှစ်ကုံး၊ ရွှေဆွဲသီး(၂ ကျပ်သား) ၂၈ ခု၊ အခေါက်ရွှေလက်စွပ်(၁ ကျပ်သား) တစ်ကွင်း၊ ရွှေလက်စွပ်(၂ ကျပ်သား) ကိုးကွင်း၊ နားကပ်(၂ ကျပ်သား) ခြောက်ရံ၊ အခေါက်ရွှေလက်ကောက်(၃ ကျပ်သား) တစ်ကွင်း၊ ရွှေပန်းလက်ကောက်(၈ ကျပ်သား) ၁၂ ကွင်း၊ ငွေစက္ကူ ရောရာ သိန်း ၈၀ ကျပ်နှင့် Samsung Galaxy Note 9 အမျိုးစား လက်ကိုင်ဖုန်း တစ်လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်​သိန်း ၄၇၀ ကျပ်ခန့် ပျောက်ဆုံးခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းချက်တွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်​နှင့် ပတ်သက်၍ နေအိမ်အတွင်း ပုန်းလျှိုဝင်ရောက်ပြီး အိမ်ဖောက်ထွင်းမှုကျူးလွန်၍ ခိုးမှုကျူးလွန်သူအား အရေးယူပေးရန် ဧပြီလ ၁၆ ရက်နေ့ နေလယ်ပိုင်းတွင် မုပွန်နယ်မြေရဲစခန်းသို့ တရားလိုဖြစ်သူ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ တပည့် ဦးသက်ခိုင်ဦးမှ အမှုဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတင်း၊ ဓာတ်ပုံ- နေမင်း

No comments: