(Aung Naing Moe's Facebook Status မှ ကူးယူဖော်ပြပါသည်။)
၂၀၁၂ ခုနှစ် ရခိုင်ပြည်မှာ စစ်အစိုးရက ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်အပြီးမှာ သာမန်ကျိုးကြောင်းဆင်ခြင်ဉာဏ်နဲ့ ဘယ်လိုမှ ယုံကြည်လက်ခံနိုင်စရာမရှိတဲ့ ဝါဒမှိုင်းတခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီဝါဒမှိုင်းကတော့ ရိုဟင်ဂျာ (မျိုးချစ်အစွန်းရောက်များအခေါ် ဘင်္ဂလီ)တွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတယ်ဆိုတဲ့ လှိမ့်လုံးပါပဲ။ မျိုးချစ်နလပိန်းတုန်းတွေကလွဲလို့ စဉ်းစားဉာဏ်ရှိတဲ့ ကမ္ဘာပေါ်က ဘယ်သူကမှ ဒီလှိမ့်လုံး၊ ဖြီးလုံးဖြန်းလုံးကို မယုံကြည်ကြပါဘူး။
ဒါပေမယ့် ဒီကနေ့မှာတော့ ဒီဖြီးလုံးဖြန်းလုံးဟာ အတိုင်ပင်ခံရုံးညွှန်ချုပ် ဇော်ဌေး ခေါ် မှူးဇော်ကျေးဇူးကြောင့် ဆက်လက်ရှင်သန်ခွင့်မရဘဲ နိဋ္ဌိတံသွားပါပြီ။
သိကြတဲ့အတိုင်း မြန်မာအစိုးရနဲ့စစ်တပ်ပေါင်းပြီး ဘူးသီးတောင်၊ မောင်းတောဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်လိုက်တာ ကလေး၊မိန်းမ၊သက်ကြီးရွယ်အိုအပါအဝင် ရိုဟင်ဂျာ အများအပြား သေကြပျက်စီးပြီး အိမ်ပေါင်းများစွာ၊ ရွာပေါင်းများစွာ မီးအရှို့ခံရပါတယ်။ အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဂြိုလ်တုက ရိုက်ကူးထားတဲ့ မီးလောင်နေတဲ့ အိမ်တွေ၊ ရွာတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ထားပါတယ်။
ထုံးစံအတိုင်း မြန်မာလူမျိုးရေးအစွန်းရောက်တွေနဲ့ အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ မှူးဇော်တို့က ဒါဟာ မွတ်စလင်တွေ ကိုယ့်အိမ်ကိုယ် မီးနဲ့ ရှို့ပြေးတာလို့ လိမ်ညာပြောကြားပြန်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူတို့ အမှားကြီးတရပ်ကို ကျူးလွန်ခဲ့ပါတယ်။
အဲ့ဒါကတော့ မောင်းတောမြို့အထက်တန်းကျောင်းတခုမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံလာတဲ့ ဟိန္ဒူမိသားစုတွေထဲက တချို့တွေကို မွတ်စလင်လို ဝတ်စားစေပြီး အိမ်တွေကို မီးရှို့နေတဲ့ပုံတွေ လုပ်ဇာတ်ခင်း ဓာတ်ပုံရိုက်ကူးပါတယ်။ အဲ့ဒီ လုပ်ဇာတ်ဓာတ်ပုံတွေကို မှူးဇော်က တွစ်တာမှာ တင်ပြီး ဝါဒဖြန့်ပါတယ်။.ဒါပေမယ့် ခဏအတွင်းမှာပဲ သူ့ရဲ့ လုပ်ဇာတ်က ဘူးပေါ်သလို ပေါ်သွားလို့ ဇော်ဌေးဟာ အဲ့ဒီဓာတ်ပုံတွေကို တွစ်တာက ပြန်ဖြုတ်သွားပေမယ့် Screen shot အဖြစ် သက်သေ အထောက်အထားတွေ ကျန်ရစ်ခဲ့ပါတယ်။ သူ့ဓာတ်ပုံတွေထဲမှာပါတဲ့ အကြမ်းဖက်မွတ်စလင်အယောင်ဆောင် ဟိန္ဒူအမျိုးသားကို မဇ္ဇျိမသတင်းက ရိုက်ကူးထားတဲ့ အခြားသတင်းဓာတ်ပုံထဲမှာ တွေ့ရတာအပြင် မွတ်စလင်လို ဝတ်စားထားတဲ့ အမျိုးသမီးနဲ့အမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှု မှားယွင်းချက်၊ လိုအပ်ချက်တွေကပါ လုပ်ဇာတ်ကြီးမှန်း သိသာထင်ရှားလွန်းလို့ အများထောက်ပြစရာ၊ပြောဆိုစရာ ဖြစ်လာခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပေါ့သေးသေး ရာဇဝတ်မှု မဟုတ်ပါဘူး။ ပြည်သူတရပ်လုံးနဲ့ ကမ္ဘာသူကမ္ဘာသားတွေကိုပါ အစိုးရက သူတို့ကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို ဖုံးကွယ်လိမ်လည်လှည့်စားဖို့ ကြိုးပမ်းအားထုတ်ချက်ကြီး ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အစိုးရရဲ့ အတိုင်ပင်ခံရုံးက ထွက်တဲ့သတင်းတွေဟာ အလိမ်အညာ လုပ်ဇာတ်တွေဖြစ်နေတာ စိတ်ပျက်စရာပါ။
ဆက်ပြီး စဉ်းစားရင် ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်စီးခဲ့တယ်ဆိုတဲ့ သတင်းကရော အခုလိုပဲ အစိုးရရဲ့ လုပ်ဇာတ်တခုမျှသာပဲလား။
နောက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင် စတဲ့မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတင်သတိပေးထားတာကရော အစိုးရရဲ့ နောက်ထပ်လုပ်ဇာတ်တွေပဲလား။ ပြည်သူတွေရဲ့ အသက်နဲ့ရင်းပြီး လုပ်ဇာတ်မခင်းကြပါနဲ့တော့။ ပြည်သူရဲ့ သွေးကို စတေးပြီး စစ်တပ်က နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ထာဝရနေရအောင် ထောက်ခံမှုရှာနေတာကို ရပ်တန်းက ရပ်ပါတော့။
ပြည်သူလူထုအနေနဲ့ အစိုးရက ပြည်သူကို အခုလို ရည်ရွယ်ချက်ရှိရှိ မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို ထုတ်ပြန်နေခြင်းကနေ ရပ်တန်းကနေရပ်ဖို့ ဆန္ဒပြဖိအားပေးတောင်းဆိုသင့်တယ်။
Thursday, September 7, 2017
ယုံတမ်းစကားများကို အဆုံးသတ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ဖော်ထုတ်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment