Wednesday, May 31, 2017

အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု တပ်မတော် ထုတ်ပြန် (ရုပ်သံ)

ဒီဗွီဘီ 31 May 2017



ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးမိခဲ့တဲ့ အရပ်သား ၄ ဦးကို တပ်မတော်သားအချို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ စိစစ်နေပြီး ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

လက်ထိတ်ခတ်ထားတဲ့ အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်တာ၊ သံခမောက်နဲ့ မျက်နှာကို ဖြတ်ရိုက်တာအပြင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက်က ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ့တပ်မတော်ဘက်က အခုလို ထုတ်ပြန်လိုက်တာပါ။

“ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ အရပ်ဝတ် အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးကို တပ်မတော်သားတချို့မှ ကိုယ်ထိလက်ရောက်ပြုမူနေသည့် လူမှုမီဒီယာပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စိစစ်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း” တပ်မတော် ကာကွယ်ရေးဦးစီချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး နှိပ်စက်နေတဲ့အပေါ် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

No comments: