Friday, May 12, 2017

ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ''အမျိုးသားရင်ကြားစေ့ရေး'' အပေါ် အတိုချုံး သုံးသပ်ကြည့်မိခြင်း


၁။ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ဆိုတာ အာဏာပါဝါ ပြည့်ပြည့်၀၀ရှိတဲ့ ခေါင်းဆောင်နဲ့အစိုးရအဖွဲ့ကသာ သဘောထားကြီးကြီး၊ အမြော်အမြင်ကြီးကြီး၊ သတ္တိရှိရှိနဲ့ ဆောင်ရွက်လို့ရနိုင်တဲ့လုပ်ငန်းစဉ် ဆိုတာကို (အာဏာပါဝါ ပြည့်ပြည့်၀၀မရှိတဲ့ သူနဲ့ သူ့အစိုးရအဖွဲ့အနေနဲ့တော့ အောင်မြင်အောင်ဆောင်ရွက်လို့ ရနိုင်မယ့်လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတာကို) သိသိကြီးနဲ့ဖြစ်စေ၊ မသိချင်ယောင်ဆောင်ပြီးတော့ဖြစ်စေ၊ အမှန်တကယ်မသိလို့ဖြစ်စေ အလုပ်တခုပြထားတဲ့အနေနဲ့ ပြောဆိုနေတာဖြစ်နိုင်တယ်။

၂။ NLD အစိုးရ ဖွဲ့စည်းရာမှာ အာဏာလွှဲပြောင်းရေး အဆင်ပြေချောမွေ့အောင် (အစိုးရဖွဲ့ဖူးတယ်ဆိုရုံ) တပ်/ချုပ်ခန့်တဲ့ ၀န်ကြီးသုံးနေရာအပြင် အခြားဝန်ကြီး၊ ဒုဝန်ကြီးနေရာတွေနဲ့ (ဦး)ဇော်ဌေးလို ပြောရေးဆိုခွင့်ရှိသူနေရာ (စစ်အုပ်စုက အရေးကြီးတယ်လို့ ယူဆတဲ့နေရာ) ကို စစ်အုပ်စုအလိုကျ လိုက်လျောခွင့်ပြုပေးခဲ့ရတဲ့အပေါ် တခဲနက် မဲပေးခဲ့တဲ့ ပြည်သူတွေ ငြိုငြင်ပြီး ပူညံပူညံအသံတွေ ထွက်လာမှာစိုးတဲ့အတွက် ''အမျိုးသားရင်ကြားစေ့ရေးအစိုးရ'' ဆိုတဲ့ စကားလုံးနဲ့ ကြိုကာခဲ့တာလဲဖြစ်နိုင်တယ်။

၃။ စစ်အုပ်စုကို ထိပ်တိုက်ရင်ဆိုင်ကျော်လွှားရမှာကို စိုးရွံ့တဲ့ သူ့အနေနဲ့ လူထုက စစ်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဆီ အတင်းတွန်းမပို့အောင် 'အမျိုးသားရင်ကြားစေ့ရေး' ဆိုတဲ့ စကားလုံးကို တဖွဖွပြောဆိုပြီး ဒိုင်းသဖွယ် ကာထားတာလဲ ဖြစ်နိုင်တယ်။

တကယ့်လက်တွေ့မှာတော့ အာဏာပါဝါ ပြည့်ပြည့်၀၀မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအဖွဲ့အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်ဆောင်ဖို့ဆိုတာ ဖြစ်နိုင်ခြေလုံးဝမရှိပါ။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၁၁း၂၄ နာရီ
၁၁ မေ ၂၀၁၇

No comments: