Monday, March 6, 2017

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်/အသစ်ရေးဆွဲရေး ကြိုးပမ်းနေသူတွေအတွက် အဓိကကျတဲ့ စိန်ခေါ်မှု

ဒီကနေ့ မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်/အသစ်ရေးဆွဲရေး ကြိုးပမ်းနေတဲ့ အင်အားစုတွေကို အနှောင့်အယှက်ပြုနေတဲ့/ပြုနိုင်တဲ့ အင်အားစုနှစ်စု ရှိနေပါတယ်။

ပထမအင်အားစုက နောက်ကြောင်းပြန် အရေးယူအပြစ်ပေးခံရမှာကို စိုးကြောက်နေတဲ့ အင်အားစု တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အကာအကွယ်နဲ့ လုံခြုံမှုရနေတဲ့ အင်အားစုဖြစ်ပြီး ဒုတိယအင်အားစုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ အသာစီး/အထက်စီးရနေတဲ့ အင်အားစုဖြစ်တယ်။ အဆိုပါ အင်အားစုနှစ်စုကြားမှာ ကျေးဇူးတရား၊ သံယောဇဉ်နဲ့ ငဲ့ညှာထောက်ထားမှုတွေ အပြန်အလှန် နွယ်ယှက်နေပါတယ်။

အဲဒီအင်အားစုနှစ်စုဆီက ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်/အသစ်ရေးဆွဲရေးနဲ့ပတ်သက်ပြီး အသံကောင်းဟစ်တာတွေ ကြားရကောင်းကြားရနိုင်သော်ငြား သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်ချင်စိတ်မရှိကြတာကို စိုက်လိုက်မတ်တပ် လေ့လာသုံးသပ်မှုနဲ့ ကြည့်တတ်မြင်တတ်ရင် အထင်အရှား တွေ့နိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်/အသစ်ရေးဆွဲမယ့် လုပ်ငန်းစဉ် စတင်ရတော့မှာမို့ ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ နေနေသာသာ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ပြင်ချင်စိတ်မရှိတဲ့ အဆိုပါ အင်အားစုနှစ်စုက ပြည်တွင်းငြိမ်းချမ်းရေးရမှာကိုလည်း လိုလားမှာမဟုတ်တာ အသေအချာပါ။

ပြည်တွင်းငြိမ်းချမ်းရေးရမှာကို မလိုလားတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့ အင်အားစုတွေကို အဆိုပါ အင်အားစုနှစ်စုက အနုနည်း၊ အကြမ်းနည်းမျိုးစုံနဲ့ ဟန်ချက်ညီညီ အနှောင့်အယှက်ပြုနေတာ/ပြုနိုင်တာတွေ ကြုံနေကြရတာ/ကြုံကြရဦးမှာဖြစ်ပါတယ်။

အဲဒီလို အနှောင့်အယှက်ပြုနေတဲ့/ပြုနိုင်တဲ့ အဓိက စိန်ခေါ်မှုကြီးကို ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့၊ ဖွဲ့စည်းပုံပြင်ဆင်/အသစ်ရေးဖို့ ကြိုးပမ်းနေတဲ့ အင်အားစုအသီးသီးအနေနဲ့ စုပေါင်းအဖြေရှာကျော်လွှားနိုင်ခြင်း မရှိဘူးဆိုရင် ရည်မှန်းတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အရေးဟာ အလှမ်းဝေးနေဦးမှာပဲဖြစ်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၁၁း၁၅ နာရီ
၎ မတ် ၂၀၁၇

No comments: