Thursday, November 3, 2016

တားမြစ်ဆိုးဆေး အသုံးပြု ရောင်းချလျှင် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

အိမ်ခိုင်မြဲ၊ DVB -3 November 2016

အစားအသောက်တွေမှာ တားမြစ်ထားတဲ့ ဆိုးဆေးအသုံးပြု ရောင်းချနေတာ စစ်ဆေးတွေ့ရှိခဲ့ရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။

စားသောက်ကုန်ပစ္စည်းတွေမှာ ဆိုးဆေးအသုံးပြု ရောင်းချနေတဲ့ ဆိုင်တွေကို စည်ပင်သာယာဌာနက ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ အမြင့်ဆုံး ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မန္တလေးမြို့စည်ပင်သာယာ သန့်ရှင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က “စည်ပင်သာယာ သန့်ရှင်းရေးဌာနအနေနဲ့တော့ ရှင်းပါတယ်။ FDA ကနေပြီး စားသုံးရန်မသင့်ဆိုတာ ကျနော်တို့ဆီ စာပို့တာနဲ့တပြိုင်နက် ကျနော်တို့က ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဘယ်နေရာမှာလုပ်တယ်ဆိုတာ သိတာနဲ့ ကျနော်တို့က အဲဒီကို ချက်ချင်းခေါ်တယ်၊ အရေးယူတယ်၊ ပိတ်တယ်” လို့ ပြောပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စစ်တမ်းကောက်ယူမှုတွေအရ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ ပါဝင်တာကြောင့် စားသုံးသူတွေအတွက် အန္တရာယ်ရှိပြီး ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်တယ်လို့လည်း ပြောပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ ဇင်ဇင်နွယ်က “သုံးစွဲခွင့်ပြုထားတဲ့ ဆိုးဆေးတွေမှာတောင်မှပဲ Codex Alimentarius Commission လို့ ခေါ်တဲ့ အစားအသောက်တွေရဲ့ စံချိန်စံညွှန်းသတ်မှတ်တဲ့ ကော်မရှင်ကြီး ရှိတယ်။ အဲဒီကော်မရှင်ကြီးက သတ်မှတ်ပေးထားတဲ့ ပမာဏထက် ပိုတယ်ဆိုရင် အန္တရာယ်ရှိတယ်ပေါ့နော်။ အဲဒီထဲမှာမှ အစားအသောက်မှာ လုံးဝ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေဆိုရင် လုံးဝကို အန္တရာယ်ရှိတယ်။ လတ်တလောမှာဆိုရင်တော့ သူက ခေါင်းမူးတာတို့၊ မူးဝေအော့အန်တာတို့၊ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းတာတို့ အဲဒါတွေကနေ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းတာကနေ နောက်ဆုံး ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

အထူးသဖြင့် မျှစ်တိုင်းမှာ ဆိုးဆေးတွေ ပါဝင်နေတယ်လို့ စစ်တမ်းများအရ သိရပြီး ငါးပိမှာတော့ ဆိုးဆေးကင်းစင်နေတယ်လို့ ပြောပါတယ်။

ငရုတ်သီးမှုန့် အပါအဝင် နေ့စဉ် စားသုံးနေကြတဲ့ အစားအသောက် ၁၃၈ မျိုးနဲ့ ပတ်သက်ပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

No comments: