Wednesday, November 2, 2016

ညအချိန် အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်၍ ထီရောင်းသူအား ထောင်ဒဏ် ၁၅ ရက် ချမှတ်

အလဲဗင်းမီဒီယာ၊ ၂ နိုဝင်ဘာ ၂၀၁၆

ပုဇွန်တောင်မြို့နယ်တွင် ညအချိန်၌ အသံချဲ့စက် ကျယ်လောင်စွာဖွင့်၍ ထီရောင်းခဲ့သည့် အမျိုးသားအား ပုဇွန်တောင်မြို့နယ်တရားရုံးက ယနေ့(နိုဝင်ဘာ ၂ ရက်) တွင် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသားမှာ သာကေတမြို့နယ်၊ (၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးခင်မောင်ဦး (၅၂) နှစ် ဆိုသူဖြစ်ပြီး ၄င်းသည် နိုဝင်ဘာ ၁ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က ပုဇွန်တောင်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းထောင့်တွင် အသံချဲ့စက်အား အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင်ဖွင့်ပြီး ထီရောင်းချခဲ့ခြင်းကြောင့် ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမ အဲ့လို ညဘက် အများသူငါ အိပ်ချိန်မှာ အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပြီး ထီရောင်းတော့ သက်ဆိုင်တဲ့လူတွေက ပထမတစ်ကြိမ် သွားပြီး တားခဲ့သေးပါတယ်။ ဒါပေမယ့်လည်း သူက ဆက်ဖွင့်နေတော့ သူ့ကို ရန်ကုန်ရဲအက်ဥပဒေနဲ့ ဖမ်းဆီးပြီး ခုလို ထောင်ဒဏ် ၁၅ ရက် ချမှတ်ပြီး အရေးယူခဲ့တာပါ” ဟု ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ အသံချဲ့စက် ကျယ်လောင်စွာဖွင့်ခဲ့သူ ဦးခင်မောင်ဦး (၅၂) နှစ်အား ပုဇွန်တောင်မြို့နယ် တွဲဖက်တရားသူကြီးက လက်ခံစစ်ဆေးရာ ၄င်းမှ အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့်အတွက် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁-က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

No comments: